K ငြိမ်းချမ်း သတင်းပဒေသာ

ကဗျာဆရာအုန်းမြင့်လှိုင် (၁၉၄၁-၂၀၁၃) ကွယ်လွန်ခြင်း (၅)နှစ်ပြည့်


ကဗျာဆရာအုန်းမြင့်လှိုင် (၁၉၄၁-၂၀၁၃) ကွယ်လွန်ခြင်း (၅)နှစ်ပြည့်

K (မိုးမခ) ဇွန် ၁၃၊ ၂၀၁၈

ကဗျာဆရာအုန်းမြင့်လှိုင် (၁၉၄၁-၂၀၁၃) ကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့သတိရခြင်းအခမ်းအနား မနက်ဖြန် ဇွန်၁၃ မန္တလေးမှာ ပြုလုပ်မယ်။

ကျွန်းပြန်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ အုန်းမြင့်လှိုင် ကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့(၃၂-၃၃/ ၆၈-၆၉ လမ်းကြား) မန္တလာဆေးရုံအရှေ့ဘက်ရှိ မန္တလေးကွန်မြူနတီစင်တာမှာ ဇွန်လ ၁၃ရက်၊ နံနက် ၉ နာရီမှ ၁၂နာရီထိ ပြုလုပ်ကျင်းပမယ်လို့သိရပါတယ်။

ကွယ်လွန်သူ ကဗျာဆရာအုန်းမြင့်လှိုင်နဲ့ပတ်သက်ပြီး ဆရာအုန်းမြင့်လှိုင်ရဲ့ရွှေတြိဂံခြံဝင်းထဲမှာ ဖွင့်လှစ်ခဲ့တဲ့ အင်္ဂလိပ် စာသင်တန်းမှာ စာသင်သားဖြစ်ခဲ့ဖူးသူ ကဗျာဆရာ၊ ဂီတဆောင်းပါးများရေးသားနေသူ မော်မင်းသန်းက “ဆရာ အုန်း မြင့်လှိုင်ကို ကျနော်ကလေးဘဝကတည်းက စသိခဲ့ပါတယ်။ ကျနော့်အဖေနဲ့ အတူ လိုက်သွားရင်း ရွှေတြိဂံခြံမှာ စမြင်ဘူး တာပါ။ ဆရာအုန်း ကိုးကိုးကျွန်းက ပြန်လာပြီးနောက်ပိုင်းမှာ ကျနော်အဖေနဲ့ သိကျွမ်းခဲ့ပါတယ်။ အရပ်ရှည်ရှည် ပုဆိုးတို တိုနဲ့ အင်္ဂလိပ်စာသင်တဲ့ အင်္ဂလိပ်ကဗျာ ဝတ္တုတွေဖတ်တဲ့သူဆိုပြီး သိခဲ့ရပါတယ်။ ရှစ်လေးလုံးအပြီး မနတ အမျိးသားနိင်ငံ ရေးတပ်ပေါင်းစုမှာ ဆရာပါဝင်ပြီး မကြာမီ အဖမ်းခံရပါတယ်။ ဆရာဟာ မန်းလေးထောင်မှာ ထောင်ကျခဲ့တယ်။ သူ့ သား လည်း ကျောင်းသားလှုပ်ရှားမှုနဲ ထောင်ကျခဲ့တယ်။ ဆရာထောင်က လွတ်တော့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး လူငယ်တွေ ကို စာသင်ပေးတယ်။ ဆရာ့ဆီက ဘာသာပြန်ပညာ၊ နိင်ငံရေး အတွေးအခေါ်တွေ၊ စာပေအယူအဆတွေ ရခဲ့တယ်။ အာ ဏာရှင်ကို ကျောင်းသားဘဝကနေ သေသည်အထိ ဆန့်ကျင်သွားတဲ့ဆရာ့ကို လွမ်းပါတယ်”လို့ ပြောပြပါတယ်။

ကဗျာဆရာအုန်းမြင့်လှိုင်ကို အဘ ဦးဘလှိုင် အမိ ဒေါ်လေးတင့်တို့ မှ ၁၉၄၁ သြဂုတ် ၁၁ ရက်နေ့တွင် မော်လိုက်မြို့၌ မွေးဖွားခဲ့။ ငယ်ဘဝကို မန္တလေး။ လူရွယ်ဘဝကို ရန်ကုန်မှာ ကြီးပြင်းခဲ့။

၁၉၅၈ ခုနှစ်မှ စပြီး အုန်းမြင့်လှိုင်အမည်ဖြင့် မန္တလေးဗဟိုရ်စည်သတင်းစာတွင် ပထမဆုံးကဗျာပါရှိခဲ့။ ၁၉၆၅ခုနှစ်တွင် စခန်းသာ ကဗျာစာအုပ်ကို သခွပ်နီနဲ့အတူ ကြိုးပမ်းထုတ်ဝေခဲ့။

၁၉၆၂-နောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မြေအောက်ကျောင်းသားလှုပ်ရှားမှုများကို ရန်ကုန်ခရိုင်တွင် တာဝန်ယူဆောင်ရွက်ခဲ့။ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ကျောင်းသားသမဂ္ဂများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့။ ၁၉၆၆-မြေအောက်လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရ။

၁၉၆၉၊ ဖေဖော်ဝါရီ ၁၃ တွင် အင်းစိန်မှ ကိုကိုးကျွန်းအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရ။ ရက်၄၀ အစာငတ်ခံတိုက်ပွဲ ပထမ အသုတ်မှာ ပါဝင်ခဲ့။ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲအပြီးတွင် အင်းစိန်ထောင်သို့ ပြန်ပို့ခဲ့။ ၁၉၇၂ဧပြီတွင် လွတ်မြောက်ခဲ့။ ၁၉၈၂ခုတွင် ယူဂျီလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ထပ်မံဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ။

၁၉၈၈ အရေးတော်ပုံကာလအတွင်း ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေ။ အရေးတော်ပုံအပြီး ၁၉၈၉မှာဖွဲ့စည်းသော အမျိုး သားနိုင်ငံရေးတပ်ပေါင်းစု(မနတ)-ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်။ ၁၉၉၀တွင် အမျိုးသားအကျိုးစီးပွားကာကွယ် စောင့် ရှောက်ရေးကော်မတီဖွဲ့စည်း-NISC-ကော်မတီဝင်။

၎င်းနောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၉၉၄တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်။ မန္တလေးမှာ နေထိုင်စဉ် အင်္ဂလိပ်စာပြဆရာအဖြစ်လုပ်ကိုင်ခဲ့။

အုန်းမြင့်လှိုင်အမည်ဖြင့် ကဗျာများရေးသားခဲ့ပြီး အိမ်ဓါး။ အောင်ကျော်ချမ်းအေး။ မောနွေလ ကလောင်အမည်ဖြင့် နိုင်ငံတကာနှင့် ဆက်စပ် အတွေးမြင်များကို ရေးသားခဲ့။ ကောင်းဟိတ် အမည်ဖြင့် ဝတ္ထုတိုနှင့်လုံးချင်း ဝတ္ထုများ ဘာသာပြန်ဆိုရေးသားခဲ့။ ၂၀၁၃ ဇူလိုင်လမှာ မြနန္ဒာစာပေကနေ တကိုယ်တော်ကဗျာစာအုပ်အနေနဲ့”အုန်းမြင့်လှိုင်- ကဗျာ”စာအုပ် ထွက်ရှိခဲ့ပါတယ်။

၂၀၁၁၊ နောက်ပိုင်း လေဖြတ်ခံခဲ့ရ။ နှလုံးသွေးကြောပိတ်ရောဂါကို ခံစားခဲ့ရ။၂၀၁၃ဇွန် ၁၃ ရက်နေ့လယ် ၁နာရီ ၃၅ မှာ ကွယ်လွန်ခဲ့။ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိဖြစ်ပါတယ်။

ကိုးကား- စံညိမ်းဦးဖေ့ဘုတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts