K ငြိမ်းချမ်း စာအုပ်စင် လူများ၊ ရုပ်ပုံလွှာများ

K ငြိမ်းချမ်း – လောင်ကျွမ်းနေတဲ့ သမ္မတကြီးရဲ့တောမီးများ

K ငြိမ်းချမ်း – လောင်ကျွမ်းနေတဲ့ သမ္မတကြီးရဲ့တောမီးများ
(မိုးမခစာအုပ်စင်) ဇွန် ၁၀၊ ၂၀၁၈

ကဗျာဆရာ – အောင်ဘညို
စာအုပ်အမည် – တောမီး
အမျိုးအစား – ကဗျာ
ဘာသာပြန် – မောင်ညီညွတ်
ထုတ်ဝေသည့်ကာလ – ပထမအကြိမ်၊ ဇွန်လ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက် – နှစ်ကာလများ
တန်ဖိုး – ၂၀၀၀ ကျပ်

ကဗျာဆရာအောင်ဘညို ၂၀၁၆ ဇွန်လ၁၀ရက်နေ့မှာ ရန်ကုန်မြို့ယုဇနအိမ်မှာ ကွယ်လွန်ခဲ့တာ ယခုဆို ၃နှစ်ပြည့်ခဲ့ပြီဖြစ်ပါ တယ်။ ၃နှစ်ပြည့်အမှတ်တရအနေနဲ့ သူ ကွယ်လွန်ပြီးမှထုတ်ဝေခဲ့တဲ့တောမီးကဗျာစာအုပ်အကြောင်းရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ (လေးစားစွာ)

စာပေလောကသားတွေက အေဘီညိုလို့ ချစ်စနိုးခေါ်ကြတဲ့ ကွယ်လွန်သူ ကဗျာဆရာ အောင်ဘညိုရဲ့ တတိယမြောက် တကိုယ်တော် ကဗျာစာအုပ် ဖြစ်ပါတယ်။ ကဗျာ ၄၃ ပုဒ် ပါဝင်ပြီး ကဗျာ ၃၄ ပုဒ်ကို ဆရာ မောင်ညီညွတ်က အင်္ဂလိပ် ဘာသာ ပြန်ဆိုပေးထားကာ အက်ဆေးတပုဒ်ဖြစ်တဲ့ ကမာရွတ်၊ လှည်းတန်း / ၉၆ လည်း ပါဝင်ပါတယ်။

အေဘီညိုဟာ အသံတူအရောင်များ၊ ၅၀/၅၀ အစရှိတဲ့ တကိုယ်တော် ကဗျာစာအုပ်များလည်း ထွက်ရှိခဲ့ပြီး စုပေါင်းကဗျာ စာအုပ်ဖြစ်တဲ့ ဧကစာမီးခိုးများ ကဗျာစာအုပ်မှာတော့ မောင်အောင်ပွင့်၊ ကိုသန်းထွန်း၊ ကျော်အောင်သစ် (ကေအေတီ)၊ အောင်ဘညို တို့ပါဝင်ခဲ့ပါတယ်။

အခု တောမီးစာအုပ်မှာ ကဗျာများအပြင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများဖြစ်တဲ့ ပင်လယ်များကို ဖြတ်သန်းခြင်း၊ မျဉ်းဖြောင့် များရဲ့ ရနံ့ တို့လည်း ပါဝင်ပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး အခုလို ထည့်ရေးထားတာကိုလည်း တွေ့ရပါတယ်။ “တစ်ခါ တစ်ခါတော့လည်း စာလည်း မဖတ်၊ ကဗျာလည်း မရေးဘဲ မြို့ပြရဲ့ ချောင်ကျကျ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီး မိမိရဲ့ အဆင်မပြေမှုများကို တွေးပြီး ဆွေးဆွေးမြည့်မြည့် ခံစားနေရတာလည်း ကဗျာတစ်ပုဒ်ပါပဲ”။

မြန်မာကဗျာဟာ ကိုလိုနီခေတ်ကစလို့ နဝတ၊ နအဖ စစ်အာဏာရှင်များ ခေတ်အထိ တိုက်ပွဲဝင် လက်နက်သဖွယ်အဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့တာ အထင်အရှားပါ။ အဲဒီလိုပဲ မြန်မာ ကဗျာဆရာများဟာလည်း ပုဂ္ဂလိက အဆင်မပြေမှုများ ရှိနေခဲ့ပေမယ့် အာဏာရှင်ကို မထောက်ခံခဲ့ကြပါဘူး။ အခုစာအုပ်မှာလည်း အေဘီညိုရဲ့ ကဗျာများက သက်သေ ဖြစ်ခဲ့ ပါတယ်။

“စစ်သားက တိုင်းပြည်ကာကွယ်
တောင်သူက လယ်လုပ်
ဆရာဝန်က ဆေးကု
ကဗျာဆရာက ကဗျာရေး …
ဒီလိုသာဆိုရင်
တိုင်းပြည်က အမြဲတမ်း ငြိမ်းချမ်းနေတော့မှာ”

(ငြိမ်းချမ်းရေး ဆိုသည်မှာ ကဗျာမှ)

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာလည်း ခေတ်စားဖူးတဲ့ ကဗျာတပိုဒ်ကတော့ …

“ရှင်ကြီးဝမ်းလည်း ဝင်ဖူးတယ်
ရှင်ငယ်ဝမ်းလည်း ဝင်ဖူးတယ်
မောင်ပုံ စောင်းတီး မတတ်တာ ဆန်းလား”
(ကိုယ်ရေးရာဇဝင် ကဗျာမှ)

ဦးသိန်းစိန် လက်ထက် ဝန်ကြီးတွေရဲ့ ကမောက်ကမ ပြောဆိုမှုတွေကိုလည်း တို့ထိသရော်ခဲ့ပါသေးတယ်။

“ထမင်းတစ်နပ် လျှော့စားကြပါတဲ့
(တော်သေးတာပေါ့)
အစာအိမ်ထုတ်ပစ်ဖို့ မပြောခဲ့တာ”
(ဖြစ်စဉ်များ ကဗျာမှ)

ကွယ်လွန်ခါနီးအချိန်တလနှစ်လလောက်က သမ္မတကြီးတဲ့လား အမည်ရတဲ့ကဗျာတပုဒ်နဲ့ စစ်အစိုးရအသွင်ပြောင်းထားတဲ့ ဦးသိန်းစိန်အစိုးရကိုလည်း ကဗျာနဲ့ပြတ်ပြတ်သားသားဝေဖန်ခဲ့ဖူးလို့ လူကြိုက်များခဲ့ဖူးပါတယ်။

အာဏာရှင်တွေက မုန်းလို့ အမျိုးမျိုးဒုက္ခပေး နှိပ်ကွပ်တဲ့ ကဗျာဆရာဘဝကို ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့တဲ့ ကဗျာဆရာ အေဘီညိုဟာ မကြောက်မလန့်တဲ့အပြင် ခွေးစာကျွေးပစ်မယ်လို့တောင် ကြုံးဝါးခဲ့ပါသေးတယ်။

“သာသနာ ညှိုးနွမ်းအောင်လုပ်သူ
ခွေးစာကျွေးမယ်
ရဟန္တာ သိမ်ဖျက်သူတွေ
ခွေးစာကျွေးမယ်
အဓမ္မသမားတွေ
ခွေးစာကျွေးမယ်”
(ခွေးစာကျွေးမယ် ကဗျာမှ)

ဘဝမှာ အတ္တကို ရှေ့တန်းတင်ပြီး နေထိုင်သွားလာ တဘဝစာကောင်းစားနေသူတွေရှိပါတယ်။ ကဗျာဆရာ အောင်ဘညို ကတော့ ဒါကို အထူးငြင်းဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ ကဗျာဆရာဘဝကို နောက်ဆုတ်ဖို့ လမ်းမရှိပါဘူး၊ မိမိကိုယ်မိမိ တာဝန်ပေးထားပါတယ်” (ပင်လယ်များကို ဖြတ်သန်းခြင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ မှ)။

ပိုက်ဆံ၊ ကျော်ကြားမှု၊ ဘာဆိုဘာမှ မရရှိနိုင်တဲ့ ကဗျာဆရာဘဝကိုရွေးပြီး သာမန် လူတယောက် ကြောက်ရွံ့ထိတ်လန့် ခဲ့ရတဲ့ စစ်အာဏာရှင်တွေ ရှေ့ရပ်ပြီး ကဗျာများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ ဘဝကို မက်မက်မောမော ချစ်မြတ်နိုးခဲ့တဲ့ ကဗျာဆရာ အောင်ဘညို ကွယ်လွန်ခဲ့တာ ဇွန်လ ၁၀ ရက်နေ့ဆို (၃)နှစ်ပြည့်ခဲ့ပါပြီ။

ဒါပေမယ့် မြန်မာ ကဗျာချစ်မြတ်နိုးသူတွေရဲ့ ရင်ထဲမှာ ကဗျာဆရာ အောင်ဘညိုဟာ အခုထိ ရှိနေကြပါတယ်။ ဒါဟာ ကဗျာဆရာ လိုချင်တက်မက်ခဲ့တဲ့ တန်ဖိုးပါပဲ။ အဲဒီတန်ဖိုးကို ငွေအသပြာနဲ့လည်း ဝယ်လို့ မရပါဘူး။ ရာထူး အာဏာနဲ့ လည်း စွတ် အတင်းဖယ်ရှားလို့ မရပါဘူးဆိုတာ ကဗျာဆရာ အောင်ဘညိုနဲ့ သူ့ရဲ့တောမီးကဗျာတွေက မီးမောင်းထိုးပြ နေပါတယ်။

25 June 2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts