K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီထွန်းအံ့ရဲ့တတိယကြိမ်မြောက် ရေဆေးတကိုယ်တော်ပြပွဲ ဇွန် ၉ ရက်ကနေ စပြသမယ်


ပန်းချီထွန်းအံ့ရဲ့တတိယကြိမ်မြောက် ရေဆေးတကိုယ်တော်ပြပွဲ ဇွန် ၉ ရက်ကနေ စပြသမယ်

K (မိုးမခ) ဇွန် ၆၊ ၃၂၀၁၈

ပန်းချီဆရာထွန်းအံ့ရဲ့ NEW AREA II အမည်ရတဲ့ တတိယအကြိမ်မြောက် တကိုယ်တော် ရေဆေးပန်းချီပြပွဲကို ရန်ကုန် မြို့ မဟာဗန္ဓုလလမ်း(ဘားလမ်း)(ထက်) အမှတ် -၂၃၈ ရှိ Studio Square မှာ ဇွန်လ ၉ရက်ကနေ ၁၃ ရက်ထိပြသသွား မယ်လို့သိရပါတယ်။

အဆိုပါပြပွဲပြသခြင်းနဲ့ပတ်သက်ပြီး ပန်းချီဆရာထွန်းအံ့က “အခုပွဲက ရေဆေး( water colour) ပေါ့ ။ရေဆေးကိုမှ ကိုယ် သန်သလို လွတ်လွတ်လပ်လပ်ရေးထားတဲ့ ရေးဟန်ပါ။ ကျနော်က အဲ့ဒီလိုရေးဟန်ကို သဘောကျတယ်။ အခုပြပွဲနဲ့ဆို ၃ ကြိမ်မြောက်ပေါ့။ တကိုယ်တော်ပြပွဲတွေပေါ့။ အုပ်စုလိုက်ပြပွဲတွေလည်း တော်တော်များများပါဘူးပါတယ်။ ပြပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်နှစ်သက်သလို ရေးထားတာလေးတွေကို အများကိုလည်း ပြချင်တဲ့သဘောပါ။ အများက လည်း ကြိုက်နှစ်သက်လို့ အားပေးတယ် ဝယ်ယူကြတယ် ဆိုရင်တော့ ဝမ်းသာပီတိဖြစ်ရတာပေါ့။ ရှေ့လျှောက်ပန်းချီရေး ဆွဲဖို့ အတွက်လည်း အားဖြစ်တာပေါ့ဗျာ “လို့ပြောပြပါတယ်။

ပန်းချီဆရာဘ၀ဖြတ်သန်းမှုနဲ့ပတ်သက်ပြီးလည်း “ကျနော့်ဖြတ်သန်းမှုကတော့ အဖေက ပန်းချီဆရာပါ။ ပန်းချီ (မောင်ဒီ) ဦးမောင်ဒီပါ။ အဖေက ပန်းချီဆရာဖြစ်တော့ ငယ်စဉ်ကထဲက ပန်းချီပညာရပ်နဲ့ ရင်းနီးခဲ့တယ်ပေါ့။ ကျနော်က ပန်းချီ ကျောင်း မတက်ခဲ့ရပါဘူး။ အပြင်က လေ့လာတာပါ။ ကျနော့်ဆရာတွေကတော့ ကျနော့်အဖေရယ် နောက်တယောက်က ပန်းချီမောင်ညိုဝင်း (ဦးညို) ပေါ့။ သူတို့စီမှာ လက်တွေ့သင်ကြားခဲ့ရပါတယ်။

ကျနော်က ၁၉၇၅ – ၁၉၇၆ လောက်ကမှ ပန်းချီကိုစပြီး ရေးဆွဲဖြစ်တာပါ။ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာ အနေနဲ့ပါ။ အဲ့ဒီ အရှေ့ပိုင်းက ကျနော် ဆေးဆိုးပန်းရိုက် ဒီဇိုင်းနာအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော့်ရဲ့ တကိုယ်တော်ပြပွဲကို (မျိုးကျော် ဂယ်လာရီ) ပန်းဆိုးတန်းမှာ လုပ်ပါတယ်။ မှင်ခြစ်အမျိုးအစားတွေပါ။ စက္ကူအဖြူပေါ်မှာ လူပုံတွေကို မှင်နဲ့ လွတ်လွတ်လပ်လပ်ခြစ်ထားတဲ့ အမျိုးအစားတွေပါ။

ဒုတိယပြပွဲကတော့၂၀၁၆ ခုနှစ်မှာပြဖြစ်တာပါ။ (အလှသစ် ဂယ်လာရီ) တက္ကသိုလ်ရိပ်သာလမ်းမှာပါ။ ကင်းဗတ်ပေါ်မှာ ( acrylic ) ဆေးအမျိုးအစားနဲ့ ရေးထားတာပါ။ ပထမပြပွဲနဲ့ ဒုတိယပြပွဲက နှစ် ၂၀ လောက်ခြားပါတယ်။ အခု တတိယပြပွဲက ရေဆေးပါ။ ကျနော်က လွတ်လွတ်လပ်လပ်ရေးတဲ့ ရေးဟန်ကိုပဲ သဘောကျတဲ့အတွက် ကျနော့်ပြပွဲတိုင်းမှာ အဲ့ဒီအမျိုး အစားတွေကိုပဲ ရေးဖြစ်ပါတယ် “လို့ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts