K ငြိမ်းချမ်း သတင်းပဒေသာ

တောင်ငူမြို့နေ ကဗျာဆရာကြီး မောင်နီမွန် (၇၅)နှစ်ပြည့်မွေးနေ့ နေအိမ်၌ ပြုလုပ်မယ်


တောင်ငူမြို့နေ ကဗျာဆရာကြီး မောင်နီမွန် (၇၅)နှစ်ပြည့်မွေးနေ့ နေအိမ်၌ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၁၊ ၂၀၁၈

ကဗျာဆရာကြီးမောင်နီမွန်ရဲ့၇၅ နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲကို ဇွန်လ၂ရက်(စနေနေ့) တောင်ငူမြို့ဆရာဖြေလမ်းနဲ့ဈေးလမ်း ထောင့်ရှိ နေအိမ်မှာ မနက်၆နာရီကနေ နေ့လယ် ၁၁ နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ မွေးနေ့ပွဲမှာ သံဃာတော်အရှင်သူမြတ်တို့အား မနက် ၆ နာရီတွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဖိတ်ကြား ထားသော ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာများနဲ့ ကဗျာရွတ်မယ့်အစီအစဉ်လည်းပါဝင်မယ်လို့ သိရပါတယ်။

ကဗျာဆရာ မောင်နီမွန် ၁၉၄၃၊ ဇွန်-၁ရက်နေ့တွင် မွေးဖွားပြီး အမည်ရင်း ဦးတင်လှိုင်၊ ၁၉၅၈ ဟံသာဝတီသတင်းစာ ကျောင်းသားကဏ္ဍတွင် ပထမဦးဆုံးကဗျာဖြင့် ကဗျာလောကသို့ဝင်ရောက်ခဲ့ပါတယ်။

၁၉၆၁-၆၄ တောင်ငူကဗျာဆရာအသင်း အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး လီနင်ကဗျာစာအုပ်၊ခေတ်ရေစီး၊ မာယာ ကော့စကီးအမှတ်တရကဗျာစာအုပ်၊ ၉၇လက်ရွေးစင်ကဗျာစာအုပ်၊ မြန်မာကဗျာရေစီး မျက်နှာသိများ အစရှိတဲ့ စုပေါင်း ကဗျာ စာအုပ်များတွင် ပါဝင်ရေးသားခဲ့။ မိုးဝေ၊ သွေးသောက်၊ တိုင်းရင်းမေ၊ ရှုမ၀၊ တိုင်းရင်းမေ၊ သောတရှင်၊ ချိုတေးရှင်၊ စုံထောက်၊ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင်မျက်မှန်၊ ကလျာ၊ ရနံ့သစ်၊ မြားနတ်မောင်၊ ပိတောက်ပွင့်သစ် အစရှိတဲ့ မဂ္ဂဇင်းများမှာ မောင်နီမွန်(ကေတု)ကလောင်ဖြင့်ရေးသားခဲ့ပြီး ၁၉၉၆မှ ယနေ့ထိ မောင်နီမွန် ကလောင်ဖြင့် ဆက်လက် ရေးသား လျက်ရှိပါတယ်။ ၂၀၁၅ခုနှစ်တွင် တကိုယ်တော်အနေနဲ့ ပင်လယ်ညကဗျာ ကဗျာစာအုပ်ကိုထုတ်ဝေထားပါတယ်။

၂၀၁၀ ခုနှစ်တွင် လေဖြတ်ဝေဒနာစတင်ခံစားခဲ့ရပြီး ဇနီး၊ သားသမီး၊ မြေးများနဲ့အတူ အမှတ်-၁၁/၁၆၁၊ ဆရာဖြေလမ်းနဲ့ ဈေးလမ်းထောင့်၊ တောင်ငူမြို့နေအိမ်မှာ နေထိုင်လျက်ရှိပါတယ်။

ပုံစာ- ကဗျာဆရာမောင်နီမွန် (ဓာတ်ပုံ- ရန်လင်းအောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts