ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၅)
(မိုးမခ) မေ ၃၁၊ ၂ဝ၁၈

● ပန်ကော် – ချို့စွေတိုက်ပွဲ  (ပန်ကော် – ခြူးရွှေတိုက်ပွဲ)
ပန်ကော် – ခြူးရွှေတိုက်ပွဲအား CPB မှ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) နှင့် ဦးထွန်းလွင်ခေါ် ဗိုလ်ရဲဒင်  (အရှေ့မြောက်စစ်ဒေသ) တို့မှ ဦးစီးသည်။ ပန်ကော် – ခြူးရွှေတိုက်ပွဲတွင် CPB ဘက်မှပါဝင်သော တပ်ရင်း တပ် ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။  တပ်မဟာအလိုက်အသုံးပြုခဲ့ခြင်းမဟုတ်ဘဲ တပ်မဟာအသီးသီးမှ တပ်ရင်းများ ထုတ်နုတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပန်ကော် – ခြူးရွှေ စစ်မြေပြင် ရင်း၅ဝ၁၊ ရင်း ဝ၄၂၊ ရင်း ၄ဝ၄၆၊ ရင်း ၁၈၊
စစ်ဒေသ အမြောက်တပ်ရင်း၊
ဟိုပန်၊ လွယ်မလုံမန်း တပ်မဟာ ၁၂ မှ ရင်း ၆၊ ရင်း ၂၂၊
ဟူပန်ကူးတို့ (သံလွင်) ဝ မြောက်ခရိုင်တပ်၊
ကွန်လုံနှင့်ဟိုပန်ကြား ကိုးကန့်ခရိုင်တပ်၊
ဂါမုန်းဒေသ (သံလွင်အနောက်) ရင်း ၉  (တပ်မဟာ ၁၂)
စမ်ချင်းစမ်း၊ လွယ်ပင်းရဲ  တပ်မဟာ ၂ မှ တပ်ဖွဲ့အချို့
(ကွန်လုံမြောက်။  သံလွင်အနောက်)

CPB ဘက်မှ တိုက်ခိုက်ရေးအင်အား ၂၅ဝဝ ခန့်ပါဝင်ပြီး အခြားထောက်ကူပြု တပ်ဖွဲ့များပါပေါင်းလျင် စစ်အင်အား ၄ဝဝဝ ခန့်ပါဝင်သည်။ ထို့ပြင် ကိုးကန့်ခရိုင်နှင့် ဝ မြောက်ခရိုင်မှ ပြည်သူ့စစ်အင်အား ၅ဝဝဝ ခန့်လည်းပါဝင်သည်။  အဆိုပါ တပ်ဖွဲ့ များ၏ တာဝန်ခွဲဝေမှုမှာ ပန်ကော် – ခြူးရွှေစစ်မြေပြင်မှာ အဓိကစစ်မြေပြင်ဖြစ်ပြီး တပ်ရင်း ၄ ရင်းနှင့် အမြောက်တပ်ရင်းအား အသုံးပြု၍ ထိုစခန်းများအားသိမ်းပိုက်ရန်နှင့် ထိုသိမ်းပိုက်ပြီး စခန်းများမှ ခံစစ်ဆင်တိုက်ခိုက်ရန်ဖြစ်သည်။

တပ်မဟာ ၁၂ မှ တပ်ရင်း ၂ ရင်းမှာ ဟိုပန်အထက်ရှိ လွယ်မလုံမန်းအားတိုက်ခိုက်ပြီး ဟိုပန်အထက်တောင်ကြောများအား တိုက်ခိုက်ရန်ဖြစ်သည်။  ဝ မြောက်ခရိုင်တပ်၊ ကိုးကန့်ခရိုင်တပ်တပ်၊ ရင်း၉ (တပ်မဟာ ၁၂) နှင့် တပ်မဟာ ၂ မှ တပ်ဖွဲ့များမှာ မိမိတာဝန်ယူရာ ဒေသအလိုက် ပြောက်ကျားလှုပ်ရှားပြီး စစ်ကူများအား ဟန့်တားနှောက်ယှက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်း များပြုလုပ်ရန်ဖြစ်သည်။  ပြည်သူ့စစ်အင်အား ၅ဝဝဝ ခန့်မှာ တိုက်ပွဲဝင်ရန်မဟုတ်ဘဲ တိုက်ပွဲဝင်တပ်ဖွဲ့များအတွက် စစ်မြေ ပြင်သို့ ရိက္ခာဆန်နှင့် လက်နက်ခဲယမ်းပို့ဆောင်ရန်နှင့် စစ်မြေပြင်မှ ဒဏ်ရာရရဲဘော်များအား နောက်တန်းသို့သယ်ပို့ ရန်ဖြစ်သည်။  စစ်မြေပြင်နှင့် နောက်တန်းမှာ လူသွားလမ်းသာရှိပြီး အသွား ၂ ညအိပ် အပြန် ၂ ညအိပ်ခရီးခန့် လမ်းလျောက်ရ သည်။ ရိက္ခာတင်ရန် ဝန်တင်နွားအချို့စီစဉ်၍ရသော်လည်း မလုံလောက်၍ လူဖြင့်သာသယ်ပို့ရသည်။  ဒဏ်ရာရ ရဲဘော်များ အား လူဖြင့်ထမ်းရန်သာရှိသည်။

တိုက်ပွဲဖေါ်မည့် ပန်ကော် – ခြူးရွှေစခန်းများသည် ကွန်လုံ၊ ဟိုပန်၊ ပန်လုံဂွင်အတွင်းတွင်ရှိသည်။  ကွန်လုံတွင် အစိုးရတပ် ဗျူဟာရုံးထိုင်သည်။ တပ်ရင်းတရင်း ဖြန့်ခွဲချထားသည်။  ဟိုပန်နှင့်ပန်လုံဒေသများတွင် တပ်ရင်း တရင်းစီဖြန့်ခွဲ့ချထားသည်။  ဟိုပန်နှင့်ပန်လုံသည် ကွန်လုံအတွက် ရှေ့ကာစခန်းများဟုဆိုနိုင်ပြီး ပန်ကော် – ခြူးရွှေစခန်းများသည် ကွန်လုံနှင့် ဟိုပန်၊ ပန်လုံကြားတွင်ရှိပြီး ဟိုပန်နှင့်ပန်လုံအား ထောက်ကူပြုသည့်စခန်းဖြစ်သည်။  ကွန်လုံတွင် တပ်မ ၉၉ မှ ဗျူဟာတခုအခြေပြု ပြီး ၎င်း၏လက်အောက်တွင် ရမခမှ ကွန်လုံအခြေစိုက် ကချင်သနက ၃ တပ်ရင်းနှင့် တပ်မ ၉၉ မှတပ်ရင်း ၂ ရင်းရှိသည်။  ထိုစဉ်က တပ်မ ၉၉ ၏ တပ်မမှူးမှာ ဗိုလ်မှူးကြီးမင်းနောင်ဖြစ်ပြီး ရမခတိုင်းမှူးမှာ ဗိုလ်မှူးချုပ်လှဦးဖြစ်သည်။

ပန်ကော် – ခြူးရွှေတိုက်ပွဲစဉ်အား ၁၉၇၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင်စတင်သည်။  အောက်တိုဘာ ၂ ရက်နေ့ညမှစ၍ ပန်ကော်နှင့်ခြူးရွှေစခန်းများဆီသို့ချဉ်းကပ်ပြီး အောက်တိုဘာ ၃ မနက်တွင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။  စခန်း အဆင့်ဆင့်ဟုဆိုရခြင်းမှာ ပန်ကော်နှင့်ခြူးရွှေဟူ၍ အလွယ်တကူ စခန်း ၂ ခုဟုသာဆိုသော်လည်း အဆိုပါစခန်းတခုချင်း တွင် ကာကင်း၊ အပေါ်စခန်း၊ အောက်စခန်းဟူ၍ စခန်း ၃ ခုခန့်ခွဲထားရာ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရသည်။  ခြူးရွှေစခန်းအား တိုက်ခိုက်ရာတွင် ခြူးရွှေစခန်းအနီးရှိ လွယ်လရွာသစ်တွင်ရှိသည့် အစိုးရတပ်မှ တပ်စုတစု၊ ကာကင်း တပ်စိတ်တစိတ်နှင့် ခြူးရွှေစခန်းရှိ အင်အား ၂ဝ ခန့်ပါသော တပ်စုတစုအား ဆက်တိုက် တိုက်ခိုက်ခဲ့ရပြီး အင်အား ၃၇ ဦးရှိ ပန်ကောက်စခန်း၊ အင်အား၁၂ ယောက်ရှိ ပိကောက်တပ်စခန်းတို့အား အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ သည်။

မိမိဘက်မှ ရင်း ၅ဝ၁၊ ရင်း ဝ၄၂၊ ရင်း ၄ဝ၄၅ တို့ပါဝင်တိုက်ခိုက်ခဲ့ပြီး စခန်းများသိမ်းပိုက်ပြီးသည်နှင့် စခန်းများတွင် ထိမ်းချုပ်တပ်စွဲထားခဲ့ကြသည်။ သို့သော် တချိန်တည်းတွင် ဟိုပန်ကူးတို့ဆိပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သည့် ဝ မြောက်ခရိုင်တပ်နှင့် ဟိုပန်အထက် လွယ်မလုံမန်းစခန်းအား ဝင်ရောက်တိုက်ခိုက်သည့် တပ်မဟာ ၁၂ မှတပ်ဖွဲ့များမှာ အောင်မြင်မှုမရခဲ့ချေ။ သို့သော်လည်း အဓိက စစ်ရေးရည်မှန်းချက်ဖြစ်သည့် ပန်ကော်-ခြူးရွှေစခန်းများကို သိမ်းပိုက်နိုင် သည်ဖြစ်၍ အဓိကရည်မှန်းချက်ပေါက်မြောက်ခဲ့သည်ဖြစ်ရာ တိုက်ပွဲကြီးအား စတင်နိုင်ခဲ့သည်ဟုဆိုရမည်။

ပန်ကော် – ခြူးရွှေစခန်းများအား သိမ်းပိုက်လိုက်ခြင်းသည် ကွန်လုံအားတိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည့်ပြင် ဟိုပန် နှင့် ပန်လုံမြို့အားလည်း ဖြတ်တောက်ထားနိုင်ခဲ့သည်ဖြစ်ရာ ဟိုပန်၊ ပန်လုံဒေသကို ကြီးမားစွာ ခြိမ်းခြောက်နိုင်ခဲ့ပြီဖြစ် သည်။  လွယ်မလုံမန်းစခန်းအားလည်း တိုက်ခိုက်နေသည်ဖြစ်၍ ဟိုပန်အတွက် တိုက်ရိုက်ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။  အစိုးရ စစ်ဖက်ခေါင်းဆောင်များအဖို့ ဟိုပန်၊ ပန်လုံဒေသ မကျလိုပါက ပန်ကော် -ခြူးရွှေအား မဖြစ်မနေ ပြန်လည်ထိုးစစ်ဆင် ရတော့မည်ဖြစ်သည်။  သို့နှင့် ရှေ့တန်း တပ်မ ၉၉ ဌာနချုပ်သည် တိုက်ပွဲစတင်သည့် အောက်တိုဘာ ၃ ရက်နေ့တွင် ကွန်လုံ သို့ ရောက်ရှိအခြေပြုသည်။  အောက်တိုဘာ ၅ ရက်နေ့တွင်နယ်လှည့် ရမခစစ်ဌာနချုပ် ကွန်လုံသို့ ရောက်ရှိအခြေချ ကွပ်ကဲ သောအခါ တပ်မ ၉၉ ဌာနချုပ်အား ဟိုပန်သို့ ပြောင်းရွှေ့အခြေချသည်။

တကယ်တမ်းဆိုလျင် စက်တင်ဘာလကုန်ပိုင်း CPB တပ်ဖွဲ့များစုစည်းနေသည့်သတင်းကို မြန်မာစစ်ဖက်က ရရှိထားပြီး ကြို တင်ပြင်ဆင်မှု တစုံတရာရှိနေပြီဖြစ်သည်။  သို့ဖြစ်ရာ ပန်ကော် – ခြူးရွှေဒေသအား ပြန်လည်ထိုးစစ်ဆင်ရန် အောက်ပါတပ် ရင်းတပ်ဖွဲ့များကို ပြန်လည်စုဖွဲ့နေရာချ ခဲ့သည်။

ခြူးရွှေစစ်မျက်နှာ ခလရ ၃၊ ခလရ ၁၂၊ ခမရ ၁ဝ၃၊ ခမရ ၁ဝ၇၊ ခမရ ၁ဝ၉။
ရင်ကွဲတောင်စစ်မျက်နှာ ခလရ ၇၊ ခလရ ၁၃။
ဖါကျွတ်စစ်မျက်နှာ ခလရ ၈ဝ၊ ခလရ ၈၁။
ဟူစွမ်စစ်မျက်နှာ ခလရ ၁ဝ၊ ခလရ ၃၆၊ ရှမ်း သနက ၁။
ကွန်လုံ ကချင် သနက ၃ တို့ဖြစ်ပြီး စုစုပေါင်း တပ်ရင်း ၁၃ ရင်း အင်အား၆ဝဝဝ ခန့် စုဖွဲ့၍ ပြန်လည်ထိုးစစ်စတင်ခဲ့သည်။  အစိုးရတပ်ဖွဲ့များတွင် အမြောက်တပ်နှင့် ထောက်ပံ့ရေး၊ စစ်မြေပြင်ဆေးအဖွဲ့စသည့် စစ်လက်ရုံး တပ်ဖွဲများအပြင် လေ ကြောင်းပစ်ကူများပါ ထည့်သွင်းတွက်ချက်ပါက စုစုပေါင်း စစ်အင်အား ၇ဝဝဝ အထက်တွင်ရှိမည်ဟု သုံးသပ်ရသည်။  ထို့ပြင် ကွန်လုံ၌ အခြေပြု၍ဖွဲ့စည်းထားသော ဝ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အင်အား ၃ဝဝ ခန့်သည်လည်း အစိုးရ တပ်များနှင့် ပူးတွဲလှုပ်ရှားသည်။  သို့သော် ထိုတပ်ရင်း ၁၃ ရင်းအနက် ခလရ ၁၂ နှင့် ခမရ ၁ဝ၇ တို့သည် တပ်ရင်းပြည့် မဟုတ်ဘဲ တပ်ခွဲ ၂ ခွဲမှ ၃ ခွဲပါ စစ်ကြောင်းတခုစီသာပါပြီး ခလရ ၃ နှင့်ခမရ ၁ဝ၃ ကလည်း တပ်ခွဲတခွဲစီသာပါသည်ဟုလည်း ဆိုကြသည်။

ထိုသို့စုဖွဲ့ရာတွင် တပ်မ ၉၉ နှင့်ရမခတိုင်းတပ်များသာမက တပ်မ ၆၆ နှင့် တပ်မ ၇၇ တို့မှ တပ်များပါဆွဲထုတ်လာ၍ CPB တပ်မဟာ ၆၈၃ အားကူညီ၍ တပ်များဆွဲယူရန်ကြိုးစားသည့် CPB ၏ရည်ရွယ်ချက်ပေါက်မြောက်ခဲ့သည်ဟု ဆိုရမည်။

ပန်ကော် – ခြူးရွှေစခန်းအား သိမ်းပိုက်ထားသည့် CPB တပ်ဖွဲ့များမှာလည်း အလွယ်တကူ ထိုစခန်းများအားသိမ်းပိုက်နိုင်ခဲ့သည်တော့မဟုတ်ပေ။  တစုံတရာအရင်းအနှီးပေးခဲ့ရသည်။  ပထမနေ့ ထိုစခန်းသိမ်းတိုက်ပွဲများတွင် ရင်း ၅ဝ၁နှင့် ရင်း ဝ၄၂ မှ ရဲဘော် ၂ဝ ကျော်ကျဆုံးခဲ့သည်။  ထိုထဲတွင် ရင်း ဝ၄၂ မှ ဒုခွဲမှူး ၁ ဦး၊ ရင်း ၅ဝ၁ မှ ခွဲမှူး ၁ ဦးနှင့် တပ်စုမှူး ၃ ဦး ပါဝင်ခဲ့သည်။  ထိုပထမနေ့တွင်ပင် အခြားနေ့တွင်ပင်လား မမှတ်မိတော့သော်လည်း တိုက်ပွဲအစောပိုင်းတွင် ရင်း ၄ဝ၄၆ ရင်းမှူး ယန်မူလျံ  (ကိုးကန့်) ဒဏ်ရာရ၍ ဒုရင်းမှူးက ဆက်လက်ဦးစီးခဲ့ရသည်။  အစိုးရတပ်မှ အကျအဆုံးတချို့ရှိပြီး သုံ့ပမ်း ၁၂ ယောက်ဖမ်းမိခဲ့သည်။

ထိုပထမနေ့ တိုက်ပွဲတွင် …
ရင်း ၅ဝ၁ ကျဆုံး ၇ ယောက် ဒဏ်ရာ ၇၅ ယောက်
ရင်း ၄ဝ၄၆ ကျဆုံး ၁ ယောက် ဒဏ်ရာ ၃ ယောက်
ရင်း ၁၈ ကျဆုံး ၁ ယောက် ဒဏ်ရာ ၃ ယောက်
ရင်း ဝ၄၂ ကျဆုံး ၁ဝ ယောက် ဒဏ်ရာ ၃၆ ယောက်ဖြစ်ရာ ၁၉၇၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ ပန်ကော် – ခြူးရွှေစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် ပထမနေ့တိုက်ပွဲတွင် CPB တပ်ရင်းတပ်ဖွဲ့များမှ စုစုပေါင်း ၁၉ ယောက်ကျဆုံး၊ ၁၁၇ ယောက် ဒဏ်ရာရရှိခဲ့သည်။  CPB တပ်ဖွဲ့များဘက်မှ အရင်းအနှီးကြီးကြီးမားမားပေး၍ ပန်ကော် – ခြူးရွှေတိုက်ပွဲကြီးအား စတင်ခဲ့ သည်ဟု ဆိုရပါမည်။

ရင်း ၅ဝ၁ မှာ ကျဆုံးဒဏ်ရာရ အများဆုံးဖြစ်သော်လည်း တိုက်ရည်ခိုက်ရည်နှင့် တိုက်စိတ်ခိုက်စိတ်ကျ မသွားပေ။ ရင်း ၅ဝ၁ သည် ပန်ကော် – ခြူးရွှေတိုက်ပွဲကြီးအတွင်း အမာဆုံးတပ်၊ တိုက်ရည်ခိုက်ရည်အရှိဆုံးတပ်၊ အားအထားရဆုံးတပ်ဖြစ် သည်။  ဝ နယ် အိုက်ချင်းဒေသသားများဖြင့် စုဖွဲ့ထားသော ရင်း ၅ဝ၁ သည် ထိုတိုက်ပွဲတွင်ပါဝင်သော CPB တပ်ရင်းများအနက် တပ်သားအင်အားအများဆုံးဖြစ်သည်။  တပ်ခွဲ ၅ ခွဲရှိပြီး တပ်သားအင်အား ၅ဝဝ ခန့်ရှိသည်။

သို့နှင့် ၁၉၇၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ မှစ၍ ကွန်လုံသို့ စစ်ကူ များတဖွဲဖွဲရောက်ရှိလာပြီး တပ်များဖြန့်ခွဲ၍ နေရာယူကာ CPB  တပ်များ သိမ်းပိုက်ထားသည့် ပန်ကော် – ခြူးရွှေစခန်းများကို အောက်တို ၄ ရက်နေ့မှစ၍ ပြန် လှန်ထိုးစစ်စတင်ခဲ့တော့ သည်။ စုစုပေါင်း အစိုးရတိုက်ခိုက်ရေးတပ်ရင်း ၁၃ ရင်းထိပါခဲ့သော်လည်း စစ်မြေပြင်တောင်ပံများကိုပါ ဖြန့်ခွဲပိတ်ဆို့ထားရ သည်ဖြစ်ရာ စခန်းသိမ်းထိုးစစ်တွင် တပ်ရင်း ၆ ရင်းအသုံးပြု ခဲ့သည်။  တပ်ရင်းသုံး ၃ လက်မ စိန်ပြောင်း၊ ၈၁ မမ၊ ၇၅ မမ လက်နက်ကြီးများအပြင် တိုင်း၊ တပ်မတို့၏ကွပ်ကဲမှု ဖြင့် ၇၆ မမ၊ ၁ဝ၅ မမ၊ ၁၂ဝ မမ လက်နက်ကြီး များတရစပ်ပစ်ခတ်ခြင်း လေယဉ်ဖြင့် လေကြောင်းပစ်ကူများပေးခြင်းတို့ အပြင်းအထန်ပြုလုပ်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်များဆင်နွဲခဲ့သည်။

CPB တပ်ဖွဲ့များက အရင်းနှီးပေး၍ အောက်တိုဘာ ၃ ရက်နေ့က ၁ နာရီခန့်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သော စခန်းများကို ရက် ပေါင်းများစွာ ပြန်လည်ထိုးစစ်ဆင်ရတော့သည်။  အောက်တိုဘာ ၁၈ နေ့က လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းပစ်ခတ်မှု စံချိန်တင်ပစ်ခတ်ပြီး ခြေလျင်တပ်များက ထိုးစစ်ဆင်ခဲ့သော်လည်း စခန်းများကို မသိမ်းနိုင်ဘဲ ထိခိုက်ကျဆုံးမှုများစွာဖြင့်ပြန်လည်ဆုတ်ခွာခဲ့ရသည်။  အောက်တိုဘာ ၂ဝ ရက်နေ့တွင် လက်နက်ကြီးပစ်ကူမသုံးဘဲ ဒုဗိုလ်မှူးကြီးမျိုးဆွေဦးစီး ခမရ ၁ဝ၉ မှတပ်ခွဲ ၅ ခွဲဖြင့် အနီးကပ်ထိုးစစ်ဆင်ခဲ့သည်။  တနေကုန်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု များ စွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။  ဆုတ်ခွာသွားသော ခမရ ၁ဝ၉ တပ်ရင်းအား CPB ရင်း ၅ဝ၁ မှ စစ်သည်များက ကတုတ် ကျင်းများမှထွက်၍ လိုက်လံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။  ထိုနေ့ကတိုက်ပွဲတွင် ခမရ၁ဝ၉ မှ အရာရှိ ၂ ဦး အခြားအဆင့် ၂ ဦး သီဟသူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ သည်။  သီဟသူရဘွဲ့ရ ၄ ဦးအနက် ၃ ဦးမှာ ထိုနေ့ကတိုက်ပွဲတွင် ကျဆုံးခဲ့ပြီး တဦးသာအသက်ရှင်သည်။  ထိုသူမှာ ဗိုလ်ကြီးသူရစစ်မောင်  (နောင် ကမ်းရိုးတိုင်း တိုင်းမှူးဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သူ) ဖြစ်သည်။

အဆိုပါ အောက်တိုဘာ ၂ဝ ရက်တွင် စစ်မြေပြင်တောင်ပံတဖက်ဖြစ်သော ဖာကျွတ်ဘက်တွင် CPB တပ်မဟာ ၁၂ မှတပ်များ က ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ သို့နှင့် ပန်ကော် – ခြူးရွှေအား ဗဟိုပြု၍ ကွန်လုံ၊ ဟိုပန်၊ ပန်လုံဒေသတကြောတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပေတော့သည်။  သို့နှင့် အောက်တိုဘာ ၂၅ ရက်နေ့ထိ ၂၃ ရက်ကြာမြင့်စွာတိုက်ပွဲများဖြစ်ပွားခဲ့သည်။  CPB စစ်ဦးစီးအဖွဲ့က ကြံရွယ်ထားသည့်အတိုင်း ပထမ အစိုးရတပ်စခန်းကို ထိုးစစ်ဆင်သိမ်းပိုက်ခြင်း၊ ဒုတိယခံစစ်ဆင်တိုက်ခိုက်ခြင်းနှင့် စစ်ကူလာသော စစ်ကြောင်းများအား လှုပ်ရှားစစ်ဖြင့် လမ်းဖြတ်တိုက်ခိုက်ခြင်းဖြင့်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည်။  CPB စခန်းသိမ်းတိုက်ပွဲတိုက်သည့် ထိုးစစ်ဆင်သည့်ရက်က CPB တပ်ဖွဲ့နှင့် အစိုးရတပ်အကျအဆုံးမှာ ၁ အချိုးဝ.၃၈ ဖြစ်သည်။  CPB ဘက်မှာ ၃ ယောက်ထိခိုက်ကျ ဆုံးလျင် အစိုးရတပ်မှ၁ ယောက်သာထိခိုက်ကျဆုံးမှုရှိသည်။  သို့သော် CPB ခံစစ်ဆင်သည့်အချိန်တွင် ထိခိုက်ကျဆုံးမှု မှာ ၁ အချိုး ၄.၆ (CPB ၁ ယောက် အစိုးရတပ် ၄.၆ ယောက်)၊ လှုပ်ရှားစစ် (လမ်းဖြတ်တိုက်ပွဲ) များတွင် ထိခိုက်ကျဆုံးမှာ ၁ အချိုး ၃.၇ (CPB ၁ ယောက်၊ အစိုးရတပ် ၃.၆ ယောက်) ဖြစ် သည်။  သို့ဖြစ်ရာ ပန်ကော်- ခြူးရွှေတိုက်ပွဲဖြစ်စဉ်အတွင်း CPB တပ်ဖွဲ့အနေနှင့် တရက်သာ ထိုးစစ်ဆင်ခဲ့ပြီး ၂၂ ရက် ခံစစ် ဆင်နိုင်ခဲ့သဖြင့် CPB ၏ရည်မှန်းချက်ဖြစ်သည့် သက်ရှိအင်အားချေမှုန်းရေးရည်မှန်းချက်ပေါက်မြောက်ခဲ့သည်ဟု သုံးသပ် ခဲ့ကြသည်။  ထို့ပြင် CPB တပ်ဖွဲ့များအနေနှင့် စစ်မြေပြင် ၂၃ ရက်ကြာ တိုက်ပွဲဆင်နွှဲခဲ့ကြပြီဖြစ်ရာ တပ်ဖွဲ့များ စစ်ပမ်း နေပြီဖြစ်၍ တိုက်ပွဲအားရပ်ဆိုင်း၍အခြေခံဒေသတွင်းသို့ ပြန်လည်ထွက်ခွာရန် အောက်တိုဘာ ၂၆ ရက်တွင် CPBB တပ်များ ပန်ကော်- ခြူးရွှေစခန်းများမှ ဆုတ်ခွာပေးခဲ့ကြသည်။

CPB တပ်ဖွဲ့များသည် အောက်တိုဘာ ၂၆ ရက် ပန်ကော် – ခြူးရွှေမှ ပြန်လည်ထွက်ခွာပြီး ၂၇ ရက်တွင် ကျင်းချန်သို့ရောက်ရှိခဲ့ သည်။  ၂၈ ရက်တွင်ထိုနေရာတွင် တပ်ဖွဲ့ဝင်များ ရက်အချို့ အနားယူရန် စခန်းဆောက်ပြင်ဆင်နေ ကြချိန်တွင် အစိုးရတပ် များက ဟူစွမ်ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် CPB များလည်း ဟူစွမ်ဘက်သို့ အပြင်းချီတက်ကြပြီး ထိုးစစ်ဆင်လာသော အစိုး တပ်များကို ဝိုင်းပတ်တိုက်ခိုက်ကြရာ အောက်တိုဘာ ၃၁ ရက်နေ့မှ တိုက်ပွဲပြီးဆုံးသွားခဲ့တော့သည်။  ဟူစွမ်ဘက်သို့ ထိုးစစ်ဝင်လာသော အစိုးရတပ်များသည်တပ်ရင်း ၃ ရင်းရှိသဖြင့် တပ်ဖြန့်နိုင်စွမ်းအတော်အသင့်ရှိပေရာ CPBတပ်ဖွဲ့များ အနေနှင့် အားလုံးကို ဝိုင်းပတ်ချေမှုန်းခြင်းမပြုနိုင်သော်လည်း ထိုးစစ်တပ်များ၏ရှေ့ပိုင်းကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။  ဟူစွမ်တိုက်ပွဲတွင်အစိုးရဖက်မှ ၁ဝဝ ကျော် ကျဆုံးဒဏ်ရာရပြီး ထိုးစစ်ရပ်တန့်သွားခဲ့သည်။ သို့နှင့် အောက်တိုဘာ ၃ ရက်မှ စတင်သော ပန်ကော်- ခြူးရွှေတိုက်ပွဲကြီးသည်အောက်တိုဘာ ၃၁ ရက်ထိ ၂၉ ရက် တရစပ်ပြင်းထန်စွာတိုက်ခိုက်သည့် တိုက်ပွဲကြီးဖြစ်ခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts