ကဗျာ မြန်မာပြည်တွင်း

ကို ထ က် –ေ ရ ဦး- မိုးပေါ်ကျ ငရဲသား

မိုးပေါ်ကျ ငရဲသား
ကို ထ က် –ေ ရ
ဦး
(မိုးမခ) မေ ၂၈၊ ၂၀၁၈

တနေ့သားမှာပေါ့အော်သံတွေဆူညံနေချိန်
ဘယ်ကပစ်ထည့်လိုက်မှန်းမသိလိုက်ရတဲ့အရှိန်နဲ့
ဘာမသိညာမသိ ဘယ်မသိညာမသိ ဘာဆိုဘာမှမသိတဲ့ ငရဲသားဟာဘွားခနဲကျလာခဲ့တယ်

မိုးပေါ်ကနေ
လက်မှာလက်ဆွဲအိတ်အနက်ကလေးတင်းတင်းဆွဲလို့ ပခုံးမှာချိတ်လာတဲ့ရွှေကလက်အရောင်လေးပြူးပြဲပြလို့ အားလုံးသတိပါဆိုလားခပ်မာမာအသံထုတ်ပြလို့

ညစ်ပေမှုန်မှိုင်းမျက်နှာပေးမှာ ထီမထင်အချက်ပြနဲ့ အခန်းထဲခုမှရောက်လာတဲ့ငရဲသားဟာ အဲဒီလိုအထာ။

ရောက်ရောက်ခြင်းစောက်နဲ့ထွင်းတယ်ဆိုသလို

လက်နှစ်ဖက်နောက်ပစ်လို့အခန်းထဲဝင်တဲ့ ငရဲသား ခါးကိုသေချာမတ်ထားလိုက်တယ်ဆိုဖာကိုတချက်ဝေ့ကြည့်ပြီး

နောက်တော့သွားရည်တမျှားမျှားနဲ့တော်ကီပွားတော့တာပါပဲ မင်းတို့တွေကောင်းကောင်းလုပ်မင်းတို့တွေကောင်းကောင်းနာခံ မင်းတို့တွေရဲ့အချက်အလက်နဲ့မင်းတို့တွေရဲ့အသက် လက်မှတ်တချက်ထိုးလိုက်တာနဲ့ပျက်သွားမယ်နားလည်

ပြန်ပြောရင်ခံ ပြန်မပြောရင်စံရမယ် မှတ်ထား မှတ်ထား ပြောပြီးတော့

ဖွီးခနဲဟပ်ထုတ်လိုက်တယ်အပုပ်နံ့တွေ။

နောက်တော့ ရေကိုသောက်တယ်

နောက်တော့ ရုတ်တရက်လေပွေမွှေ့လိုက်သလိုငရဲသားဟာ

ဘောင်းဘီကြားထိုးထည့်လာတဲ့စာအုပ်ကလေးဖွင့်

ကမ္ဘာကြီးမီးလောက်တာထက်ပိုစိုးသလိုအရေးတကြီး

တွေ့သမျှရေးမှတ်နေတော့တာပါပဲ

အဟောင်းအမြင်းတွေ အကျိုးအပဲ့တွေနဲ့ အမှိုက်စတွေ

ပြီးတော့ ခေါက်ရိုးကျိုးဆွေးမြည့်နေတဲ့အယူအဆတွေ ။

ခဏနေတော့ဟုတ်သေးပါဘူးဆိုအသာထ

နည်းနည်းညောင်းညာလာတော့ငရဲသားဟာ ဒီလိုတွေးတယ် ကိုယ်ကျိုးစီးပွားနဲ့သာလုံးချာလည်လိုက်နေခဲ့ပြီး

နှလုံးသားနဲ့မစဉ်းစားတတ်တော့တဲ့ ဦးနှောက်ကြီးနဲ့ ဘယ်လမ်းကိုဆက်လျှောက်ရင်ဘယ်လောက်မြန်မယ်

ဘယ်သူ့ကိုထိုးကျွေးရင် ဘယ်လောက်ကျန်မယ်

ဘယ်တံခါးကိုခေါက်လိုက်ရင် ဘယ်လောက်ခံမယ် ဘယ်သူသေသေကိုယ်နေဖို့ဆိုတဲ့ ပလန်တွေတအောကြီးမှာ ထူပွပွအိပ်မက်တွေနေရာအနှံ့အပြားတပ်ဆင်လို့ ။

ငရဲသားဟာ ဒီလိုလည်းလမ်းသလားတတ်ပါသေးတယ် လျှို့ဝှက်ဖုန်းနံပါတ်နဲ့လျှို့ဝှက်အမှတ်အသားတွေအလွတ်ကျက်

မြက်ခင်းပြင်ပေါ်ကျတဲ့သွေးတစက်လည်းသူနဲ့မကင်း

အလင်းရောင်ကိုတမ်းခြင်းမှာလည်းသူနဲ့မရှင်း

အမှောင်ညထဲခပ်ပြင်းပြင်းရိုက်ချက်မှာလည်းသူနဲ့မလွတ်

ကျွတ်ကျွတ်ဆူနေတဲ့အခင်းအကျင်းမှာ အမှန်တရားချင်းယှဉ်မယ်ဆိုတော့မသိသယောင်ရူးကြောင်ကြောင် အမှောင်မှာသာကြီးစိုးရဲတဲ့ငနဲကောင်ငရဲသားက သီလသာမလုံတယ်

လက်မှာက နဝရတ်ကိုးသွယ်နဲ့ရယ်စရာ ။

အဲဒီငရဲသားဟာ ငရဲဆီပြန်မသွားသေးခင်

မီးကိုလည်း ရဲရဲမွှေးထားခဲ့တယ်

ရန်ကိုလည်း မြန်မြန်ချန်ထားခဲ့တယ်

မဆုံးတဲ့အမုန်းကိုလည်း ရှည်ရှည်ချထားခဲ့တယ်

မီးခိုးတွေလည်း မဆုံးတော့သလို

သွေးစတွေလည်း မခြောက်တော့တဲ့ ဒီမြေဒီနယ်တဆုံး ။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တတ်ပါသတဲ့

မကောင်းတာလုပ်ရင်လည်း မကောင်းတာဖြစ်တတ်ပါသတဲ့

လောကပါလတရားကမမှားနိုင်ပါဘူး

ကောင်းကင်တခွင်လုံးမှိုင်းမှိုင်းပျက်တဲ့တရက်

မိုးပေါ်ကျငရဲသားရဲ့အသက်ဝိညာဉ်ဟာ

ဟောဟိုမြေပြင်အောက်ထိပြားပြားမှောက်

ဝပ်ကျသွားခဲ့ပါလိမ့်မယ်ဆိုတာအသေအချာ

မိုးမည်းကြီးကြီးရဲ့ချိမ်းသံအပြီးမှာ ။

အဲဒီလိုသာတကယ်ဖြစ်လာခဲ့ရင်

ကျနော်ပျော်ရွှင်မှုနဲ့ရယ်မောပစ်လိုက်ပါ့မယ်

အလွန်တရာလူသားဆန်စွာပေါ့လေ

ခင်ဗျားလည်းကျေနပ်လက်ခံနိုင်တယ်မဟုတ်လား ။ ။

ကို ထ က် –ေ ရ ဦး

1 3 – 5 – 2 0 1 8

….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts