လင်းသစ်နီ ● နောင်တမဲ့ နိုင်ငံတော်
(မိုးမခ) မေ ၂၈၊ ၂၀၁၈
ယင်ကောင်တွေက ခေါင်းမှာတဝီဝီနဲ့
အစာအိမ်ထဲအလောင်းက
အလည်လွန်ဆဲပဲ
ချွတ်ခနဲအသံကြားလို့
ဆယ်စုနှစ်တချို့နောက်ပြန်ဆုတ်ကြည့်တော့
အလောင်းက အခေါင်းထဲမရှိဘူး
အပုတ်နံ့မကုန်သေးတဲ့ဦးနှောက်ရဲ့မီးတောက်က
နှလုံးသားထဲ သံစုံမြည်တယ်
ကျကွဲတော့မဲ့ နိုင်ငံရေးအခင်းအကျင်း
ဆတ်ဆတ်ထိမခံနိုင်တဲ့ ဘာသာရေးလိုအပ်ချက်
လဲကျသူကို ကူသူမရှိနေ့ရက်များ
လူထူထူထဲရောက်တော့
အားလုံးဟာ ပျောက်ရှသွားတဲ့တစ္ဆေတွေ
ဘယ်လောက်တောင်များနေမလဲ
လမ်းကိုလျှောက်တော့
နောင်တတွေက အရင်ရောက်လို့
ပြီးတော့လည်း
ပစ်ချလိုက်ကြတာပါပဲ
ပြန်ကွေ့လာတဲ့လေယာဉ်က
တောင်ပံတဖက်ပါမလာတဲ့စကားလုံးတွေလား
ထစ်ခနဲဆို
သေနေတဲ့အလောင်းတောင်
ထွက်ပြေးနေရတဲ့နိုင်ငံတော်ကို
အခေါင်းထဲကလှမ်းမျှော်ကြည့်တော့
ဘိန်းမုန့်တချပ်ကို
တစ်ယောက်တဝက်မစားနိုင်သေးဘူး
ဒါတောင် နှလုံးသားထဲ ဘုရားတည်မလို့တဲ့
ဦးနှောက်က ကိန်းခန်းကြီးချင်နေတာ
မျက်ကန်းတစ္ဆေမကြောက်မို့
ကျနော်တို့စောင့်ရတာလည်း
ဒူးတွေကတောင့်လို့
စစ်ဖိနပ်သံတွေက
အိမ်မပြန်ကြတော့ဘူးလား
မေးမရဘူး
ဘယ်နားက
နောင်တတွေနဲ့ နိုင်ငံရဲ့အသံလဲ
ဘယ်နားက
ယင်နားနေတဲ့အလံလဲ
ဘယ်တော့မှမသေတော့မယ့်ပုံမျိုးနဲ့
အနေထိုင်ရဲနေကြတဲ့
မျက်လုံးတွေ
အခု
ငေးမိတော့
ကျနော့် မျက်လုံးက မျက်ရည်ဝေ့မနေတာပဲ ကောင်းတယ်။ ။
လင်းသစ်နီ