ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၇)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၇)
(မိုးမခ) မေ ၂၈၊ ၂၀၁၈
နှစ်ထပ်ကွမ်းဆိုးဝါးတဲ့ဘဝ

“KIA က NCA လမ်းကြောင်းပေါ် တက်လာမှပဲရမယ်။ တက်မလာဘူးဆိုရင် နိုင်ငံတော်အစိုးရကို လက်နက်ကိုင်ပြီး တော် လှန်ပုန်ကန်နေသူတွေအဖြစ် သတ်မှတ်ပြီ အစွမ်းကုန်ရှင်းမှာပဲ”
(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ၂ဝ၁၈ ခုနှစ် မေ ၁၁ ရက်)

စစ်တပ်တွင်းရှိကြတဲ့ အရာရှိ အရာခံ အကြပ်တပ်သားများနှင့် အခြားလက်နက်ကိုင်များခင်ဗျား … ကျွန်တော်တို့မျိုးချစ်ပြည်ချစ်တွေ ဒီတပ်ကြီးကို လွန်ခဲ့တဲ့အနှစ် (၃၅) နှစ် (မှတ်ချက်။ ၁၉၇၆ ကပြောတဲ့မိန့်ခွန်း) က စတင်တည်ထောင်ခဲ့တာ ဘာ ကြောင့်လဲ။
ကျွန်တော်တို့တိုင်းပြည် မလွတ်လပ်သေးဘူး။
ကျွန်တော်တို့ပြည်သူတွေ မလွတ်မြောက်သေးဘူး။
ကျွန်တော်တို့ပြည်သူတွေ ဆင်းရဲနေတယ်။ ဒါကြောင့် ပြည်သူတွေ ကျွန်ဘဝကလွတ်မြောက်ဖို့၊ ဆင်းရဲခြင်းကလွတ်မြောက်ဖို့၊ တန်းတူရည်တူ လူချင်းတူတူ သူချင်းမျှမျှ၊ သိက္ခာရှိရှိ၊ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ကြဖို့ဖြစ်တယ်။

ကဲ … ယခုကြည့်ကြစမ်းပါ။ ကျွန်တော်တို့ချစ်လှတဲ့တိုင်းပြည်ကြီး ဘယ်ဘဝရောက်နေပြီလဲ။ လွတ်လပ်ရေးဆိုတာ ဘယ်မှာ လဲ။ ပြည်သူတွေ ပိုဖိနှိပ်ခံရ၊ ပိုသွေးစုတ်ခံရ၊ ပြည်သူ့မျက်ရည်တွေ သွေးတွေချောင်းစီးနေတဲ့ လွတ်လပ်ရေးသာဖြစ်တယ် မဟုတ်လား။ ပြည်သူတွေ တနေ့တခြား လူရုပ်မပေါ်အောင် ငတ်ငတ်ပြတ်ပြတ် ချွတ်ခြုံကျလာသလောက် သူတို့တတွေ (စစ်အာဏာရှင်များကိုဆိုလို) ရဲ့မိသားစုနောက်လိုက်တွေမှာတော့ ရွှေတွေ၊ စိန်ကျောက်ရတနာတွေ၊ ကားတွေ၊ အိမ်တွေ၊ တိုက်တွေ၊ မြေတွေခြံတွေ၊ နိုင်ငံခြား ဟိုနိုင်ငံ ဒီနိုင်ငံမှာတမျိုး၊ ပြည်တွင်းမှာတဖုံပြောင်ပြောင်တမျိုး၊ လျှို့ဝှက်တဖုံ၊ ဖြန့်ထား တယ်။

သူတို့က ခင်ဗျားတို့ဂုတ်ပေါ် ခွစီးပြီးပြောတယ်။ မင်းတို့တွေ လွတ်လပ်ရေးကြီးကို မင်းတို့အသက်နဲ့လဲပြီး ကာကွယ်ရမယ် တဲ့။ ကဲ … ခင်ဗျားတို့ ဘယ်သူ့လွတ်လပ်ရေးကို ဘယ်သူတွေအကျိုးအတွက်၊ အသက်ပေးကာကွယ်ရမလဲ။
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ယဉ်မျိုးစာပေ။ တိုင်းပြည်သို့တင်ပြချက်။ ၁ဝ-၈-၁၉၇၆။ နှာ၃၂၁)
(မှတ်ချက်။ လွန်ခဲ့တဲ့ (၄ဝ) ကျော်ကပြောခဲ့တဲ့ မိန့်ခွန်းဖြစ်လို့ အခုကာလနဲ့ သင့်တော်တာတွေကိုပဲ ကိုးကားပါတယ်။)
++++

၁၉၈၈ စက်တင်ဘာ(နဝတအာဏာမသိမ်းမီရက်ပိုင်းအလို) ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်များနဲ့ မဆလတပ်များရဲ့မိုင်းယောင်းတိုက်ပွဲပြီးကာနီးကာလက အဖြစ်အပျက်ပါ။ သုံ့ပန်းပညာပေးရေးအလုပ်အဖွဲ့တာဝန်ခံ ရဲဘော်ကျော်ဆိုင် (စာ ရေးဆရာ နိုင်ဝင်းဆွေ) က ရှေ့တန်းဆေးအဖွဲ့က ကျွန်မကို နက်ဖြန် ဆေးလွယ်အိတ်ယူပြီး ကျွန်တော်နဲ့လိုက်ခဲ့။ ရွာထိပ် ကဘုန်းကြီးကျောင်းမှာ သုံးပန်းများနဲ့တွေ့ဆုံပွဲရှိတယ်။ ဆေးကုစရာရှိလည်း ဆေးကုပေါ့ဗျာလို့ ပြောထားပါတယ်။ မိထားတ သုံ့ပန်းများက (၂ဝ) ကျော်လောက်ရှိပါတယ်။ အောက်ခြေတပ်သားအများစုဖြစ်ပြီး၊ အကြပ်ကလေး (၂) ယောက်လောက်ပါပါ တယ်။ ရည်ရည်မွန်မွန် ရှိကြပါတယ်။ ကျွန်မလည်း သူတို့ကို (ဒဏ်ရာသမားများကိုဆေးကုပြီး ပြန်လွှတ်ပေးပြီးပါပြီ။) ငှက် ဖျား ကာကွယ်ဆေးတွေဝေပေးပြီး၊ ကိုကျော်ဆိုင်ရဲ့ဆွေးနွေးခန်းမှာ ဝင်ထိုင်နားထောင်နေမိပါတယ်။ သူတို့ဘဝ အခြေအနေ တွေကို ကျွန်မတို့ဘက်က မေးမြန်း၊ သူတို့ကလည်း ကျွန်မတို့အကြောင်းတွေကိုမေးမြန်းနဲ့ ပြောရင်း ဆိုရင်း စကားဝိုင်း ဟာ သွက်လက်လာပါတယ်။ ဒီလိုပြောနေရင်းက အသက် (၂ဝ ကျော် – ၃ဝ တွင်း) အရွယ်တပ်ကြပ်လေးတယောက်က “ကျွန် တော်တို့ကို တဖက်နိုင်ငံက တရုတ်တွေဝင်နေပြီ။ တို့နိုင်ငံအချုပ်အချာအာဏာကိုကာကွယ်ရမယ်ဆိုပြီး လွှတ်လိုက်တာ၊ ဆရာတို့ ဆရာမတို့ကိုတွေ့ရတော့ အတော်အံ့အားသင့်မိတယ်။ ဟာ …. ငါတို့နဲ့ အတူတူတွေပါလားဆိုပြီးတော့။ အခုဆရာ တို့နဲ့စကားပြောကြည့်တော့လည်း ဆရာတို့မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကြီးကောင်းစားစေချင်တဲ့စိတ်နဲ့ တော်လှန်ရေးလုပ်နေတာ ဆိုတာ သိလာရတယ်။ ကျွန်တော်တို့လည်း မျိုးချစ်စိတ်နဲ့တိုက်တာပဲ။ တိုင်းပြည်ချစ်သူချင်း မျိုးချစ်သူချင်း ဘာလို့စစ်ခင်းနေရ တာလဲလို့ မေးလာပါတယ်။

ဟုတ်ပါတယ်။ တိုင်းကျိုးပြည်ကျိုး လိုလားသူတွေ မျိုးချစ်ပြည်ချစ်တွေ အချင်းချင်းကြား စစ်ခင်းစရာမလိုပါဘူး။ အဲဒီလိုလူမျိုး တွေတညီတညွတ်တည်းစုစည်းပြီး တိုင်းပြည်ကိုဆင်းရဲတွင်းနက်စေခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို ရပ်ဆိုင်းသွားအောင် လုပ် ဆောင်၏ရမှာဖြစ်ပါတယ်။ အပြုတ်တိုက်ရေးပြောလာတာ အခုဗိုလ်ချုပ်တေဇကျော်တို့ခေတ်မှ မဟုတ်ပါဘူး။ အပြုတ်တိုက် ရေးအော်ပြီး ပြည်တွင်းစစ်ကို ဗမာ့တပ်မတော်က ရေစိမ်တိုက်လာတာ အနှစ် (၇ဝ) ကျော်ပါပြီ။ ဒီပြည်တွင်းစစ်ကြီးအတွင်းဘယ်သူတွေပဲ အကျိုးအမြတ်ရှိခဲ့သလဲ။ ပြည်တွင်းစစ်ကြီးရပ်သွားမှာ၊ ငြိမ်းချမ်းရေးရသွားမှာ အကြောက်ကြီးကြောက်နေ သူများဟာ ဘယ်သူတွေဖြစ်သလဲ။ တိုင်းပြည်ကြီး ငြိမ်းချမ်းတိုးတက်လိုသူတွေ (အထူးသဖြင့် ဗမာ့တပ်မတော်ထဲက စွန့်ပြီး မစားရသူတွေ) ဘာတွေလုပ်သင့်သလဲ။

ဖေဖေပြောခဲ့တဲ့ တိုင်းပြည်တင်ပြချက်စာတန်းထဲက အချက်အလက်တွေကိုပဲကိုးကားပြီး ဒီဆောင်းပါးကို အဆုံးသတ် လိုက်ပါတယ်။

“—- အခု ခင်ဗျားတို့ ဘယ်ဘဝရောက်နေပြီလဲ။ ခင်ဗျားတို့စစ်တပ်ကြီးကို ပြန်ကြည့်စမ်းပါ။ စက်ဆုတ်ဖွယ်ကြေးစားတပ်ကြီး ဖြစ်နေရပြီ။ လွတ်လပ်ရေးကိုကာကွယ်ပါဆိုပြီး ခင်ဗျားတို့ကိုပြည်သူတွေရဲ့ သားသမီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေ၊လူငယ်တွေ၊ ထမင်းမဝလို့ ဆန်ပေးပါလို့တောင်းတဲ့အလုပ်သမားတွေ၊ လယ်သမားတွေ၊ မြို့နေဆင်းရဲသားတွေကို အကြိမ် ကြိမ် ပစ်သတ်ခိုင်းတယ်။ သွေးချောင်းစီးနေပြီ”

“—- ခင်ဗျားတို့ဘဝဟာ အာဏာရူးတွေရဲ့ ပါးကွက်သားလက်မရွံ့လူသတ်သမားတွေဖြစ်နေရပြီ၊ နောက်ပြီး ခင်ဗျားတို့ နေထိုင်ရေးဘဝဟာလဲ ပြည်သူတွေဘဝအတိုင်း ဝမ်းမဝ ခါးမလှနဲ့ ဘာမှပြောရေးဆိုခွင့်ရှိတဲ့ဘဝ မဟုတ်ဘူး။ အဖိနှိပ်ခံ ဘဝပဲမဟုတ်လား —-”

“—– တွေးကြည့်ရင် ခင်ဗျားတို့ဘဝက ပိုဆိုးတယ်။ ပြည်သူတွေလို အဖိခံရ၊ သွေးစုတ်ခံရလို့၊ တထိတ်ထိတ် တလန့်လန့် ငတ်ပြတ်ဆင်းရဲရတဲ့ဘဝရော၊ နောက်ပြည်သူတွေကိုသတ်ဖြတ်ရတဲ့ဘဝရော ဖြစ်နေတယ်။ ဒီလို နှစ်ထပ်ကွမ်းဆိုးဝါးလှတဲ့ ဘဝဆိုးက ခင်ဗျားတို့ရုန်းထွက်ကြပါ”

“—– ခင်ဗျားတို့ဘဝလွတ်မြောက်ရေးဟာ ပြည်သူတွေနဲ့အတူ အာဏာရူးတွေကိုတော်လှန်တိုက်ခိုက်ဖို့ တလမ်းသာရှိ တယ်။ တခြားလမ်းမရှိဘူး။ မမှားသောရှေ့နေ မရှိဆိုသလို၊ ခင်ဗျားတို့အလှည့်စားခံရလို့ ပြည်သူအပေါ် အမှားအယွင်း တွေပြုခဲ့မိရင်လဲ မိမိအမှားကိုရဲရဲကြီးနောင်တရပြီး ပြည်သူ့ဖက်ကိုဦးလှည့်ကြပါ။ ဒါဟာ ကျွန်တော့်အနေနဲ့ ကျွန်တော် တို့တည်ထောင်လာခဲ့တဲ့ စစ်တပ်တွင်းက အရာရှိအရာခံ တပ်ကြပ်တပ်သားတွေကို လမ်းမှန်ရောက်အောင် တာဝန်သိစိတ်နဲ့ တတ်နိုင်သမျှ ကူညီလမ်းပြတာပါပဲ—–”
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ အထက်ပါ စာအုပ်- နှာ ၃၂၂။)

လှကျော်ဇော
၂၅၊ ၅၊ ၂ဝ၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts