သူတို့အာဘော် နိုင်ငံတကာရေးရာ

မိုက်ခဲစိန် – သမ္မတထရန့်လက်အောက်မှာ အမေရိကန်ခင်ဗျာ အရူးကို လင်လုပ်ရသလို

မိုက်ခဲစိန် – သမ္မတထရန့်လက်အောက်မှာ အမေရိကန်ခင်ဗျာ အရူးကို လင်လုပ်ရသလို
(မိုးမခ) မေ ၂၅၊ ၂၀၁၈


ဒီစာကို အမေရိကန်မှာ ရေးတော့ ၆၆(ဃ)နဲ့ မငြိဘူးပေါ့။ သူတို့မှာ ၆၆(ဃ) မရှိသေးတာကိုး။ ပြောလို့မရဘူး ဒေါ်နယ်ထရန့်က အမေရိကန်စာနယ်ဇင်းများဆိုင်ရာ ထိန်းချုပ်ကန့်သတ်ရေး ဥပဒေဆိုပြီး ထုတ်ချင် ထုတ်နေဦးမှာ။ သူ မထုတ်ခင် အမြန်ရေးရပါတယ်။


မြန်မာစကားမှာ အရူးကို လင်လုပ်ရသလိုဆိုတာ ရှိတယ်။ နောက် ဒီထက် ရင့်တဲ့အသုံးက အရူးမလင်ဆိုတာလည်း ရှိသေးတယ်။ အခုလို စာနယ်ဇင်းယဉ်ကျေးမှုတွေ ထူထောင်နေတဲ့ကာလမှာ အရူးဆိုတဲ့စကားလည်း သိပ်မသုံးရဲဘူး၊ discriminate လုပ်တယ်ဆိုလား၊ အရူးလူတန်းစားကို ချိုးနှိမ်တယ်၊ ခွဲခြားတယ်ဆိုပြီး အက်တီဗစ်တွေက လာပြီး ဆန္ဒပြနေဦးမယ်။ ဆိုလိုတာက စိတ်ပေါ့သွပ်နေသူတဦးနဲ့ အလုပ်လုပ်ရတာ နေ့တမျိုး ညတမျိုး စိတ်က အမျိုးမျိုးပြောင်းလဲနေတော့ ဘယ်ဟာကမှ အတည်ယူမရတော့ အလုပ်မဖြစ်ဘူး၊ ဒုက္ခရောက်ကြရတယ်လို့ ဆိုချင်တာပါ။ 


ဒေါ်နယ်ထရန့် အမေရိကားမှာ မင်းတက်ဖြစ်ကတည်းက အမေရိကားကော တကမ္ဘာလုံးကော စိတ်ကယောက်ကယက်တွေ ဖြစ်ကုန်ကြတော့တာပဲ။ သူ့စကားတွေ သူ့အမိန့်တွေ သူ့ပေါ်လစီတွေက အလွန်ကို ရမ်းကားလွန်းတော့ သူတို့အစိုးရနဲ့ လွှတ်တော်တင်မကဘူး၊ လူတွေပါ သွက်သွက်ခါကုန်ကြရတာပါ။


အခုပဲ မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲ ဇွန်လထဲ လုပ်မယ်ဆိုတာကို ထရန့်က တဖက်သပ် ဖျက်ပစ်လိုက်ပါတယ်။ သူပြောတာကတော့ ဟိုမြောက်ကိုးရီးယားခေါင်းဆောင်ဟာ ဒေါသရှေ့ထားတယ်၊ ရိုင်းစိုင်းလွန်းတာရယ်ကြောင့် သူ့ (ထရန့်)ဘက်က ဖျက်လိုက်ပါတယ်တဲ့။ မင်းမှာလည်း နယူကလီးယား၊ င့ါမှာလည်း မင်းထက် ပိုပြင်းတဲ့ နယူကလီးယားရှိတယ်၊ ဘုရားမလို့ ငါဒါတွေ မသုံးပါရစေနဲ့ ဆုတောင်းလိုက်ပါသတဲ့။ မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေးယူဖို့ ပြန်လည်သင့်မြတ်ဖို့ကို စိတ်အားထက်သန် မျော်လင့်နေတဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေကတော့ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေအသီးသီးကလည်း စိတ်ပျက်ကြောင်း ထုတ်ပြန်ကြပါတယ်။


အစကတော့ မြောက်ကိုရီးယားနဲ့ အရှေ့အာရှကို ထရန့်က ငြိမ်းချမ်းရေး ယူဆောင်ပေးမယ်၊ သူ့လက်ထက်မှာ ဘယ်သမ္မတမှ မလုပ်နိုင်တဲ့ အလုပ်တွေ လုပ်နီုင်တော့မယ်လို့ ကြွေးကြော်ထားတာတွေ နှပ်ပစ်လိုက်ရတော့တာပဲ။ တကယ်တန်းက တရုတ်ပြည်က မြောက်ကိုရီးယားကို သီးခြားဖိတ်ခေါ် ဆွေးနွေးပြီး စာပွဲဝိုင်းကို ဆွဲခေါ်တာပါ။ တောင်ကိုရီးယားကလည်း တက်ကြွစွာ ၀ိုင်းဝန်းကြဖို့ ဆောင်ရွက်လာတာပါ။ ကဲ နောက်တော့ အာရှသားတွေ လက်နဲ့ရေးတာ အမေရိကန်က ဘွတ်ဖိနပ်နဲ့ ဖျက်တော့ ပျက်ကရောပေါ့။


နိုင်ငံတကာပေါ်လစီတွေမှာ ထရန့်ဟာ အရူးချီးပန်းလုပ်တာတွေနဲ့ ၂၀၁၈ ကို ဖွင့်လှစ်လိုက်တာပါ။ တရုတ်ကို ကုန်သွယ်ရေးစစ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အီးယူတွေနဲ့အတူ စာချုပ်ချုပ်ထားတဲ့ အီရန် နယူကလီးယားထိန်းချုပ်ရေးစာချုပ်ကနေ နှုတ်ထွက်ပါတယ်။ တောင်မြောက်အမေရိကတိုက် (ကနေဒါ၊ မက္ကစီကို) ကုန်သွယ်ရေးစာချုပ်တွေကို ပစ်ပယ်လိုက်ပါတယ်။ အစ္စရေးတွေကို မျက်စပစ်ပြီး ဂျေရုစလင်မှာ သံရုံးကို ပြောင်းဖွင့်ပါတယ်။ (ပါလစ္စတိုင်းတွေ ဆန္ဒပြကြတော့ သေလိုက်ကြတာ သောက်သောက်လဲ)။ ဆီးရီးယားမှာ ရုရှားစွက်ဖက်နေတာကို ဘာမှ မတားနိုင်တဲ့အပြင် အဲသည်မှာ ငြိမ်းချမ်းရေးအတွက် လုပ်နေတာတွေက ဆုတ်ခွာဖို့ ဆုံးဖြတ်ပါတယ်။ ယူအန်ကနေလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်လိုက်ပါသေးတယ်။ စုံလို့ စုံလို့ပါပဲ။ 


တရုတ်နဲ့ ကုန်သွယ်စစ်လုပ်မယ်၊ အမေရိကန်ပထမလို့ ကြွေးကြော်နေရာက နောက်တော့ တရုတ်ကုမ္မဏီတခုကို အကာအကွယ်ပေးမယ်ဆိုပြီး ထရန့်က စိတ်ပြောင်းလိုက်ပါတယ်။ အီရန်နယူသဘောတူညီချက်က ထွက်ပြီးတော့ အီးယူအဖွဲ့တွေကိုပါ အီရန်နဲ့ အလုပ်ဆက်လုပ်နေရင် ဆန်ရှင်းတွေ လုပ်ပစ်မယ်ဆိုလို့ အီးယူတွေလည်း လေးဘက်ပစ်ရတာပေါ့။ ထရန့်တယောက် လုပ်ချင်တိုင်းလုပ် ရမ်းချင်တိုင်း ရမ်းနေတာကို လွှတ်တော်ကော အစိုးရကောက လက်ပိုက်ပြီး (လက်မှိုင်ချပြီး) ရပ်ကြည့်နေပါတယ်။


ပြည်တွင်းမှာလည်း ပြည်ဝင်ခွင့်တွေ ကန့်သတ်တာလုပ်၊ မူဆလင်တွေကို တားဆီးတာတွေ လုပ်၊ ဟိုဝင်ပါ ဒီဝင်ပြော၊ အမေရိကားကျောင်းတွေမှာ သေနတ်တွေ ပစ်ကြ သတ်ကြ လုပ်နေတာကိုတော့ သူက တခွန်းမဟပြန်ပါ။ ကျောင်းဆရာတွေ သေနတ်ကိုင်စွဲကြ၊ ပြန်ခုခံကြဆိုပြီး တရားဟောပါတယ်။ သူက လက်နက်ကိုင်ဆောင်ခွင့်ကို အထိမခံနိုင်ပါ။ ထရန့်နောက်ကွယ်က လက်ယာစွန်း NRA လို့ခေါ်တဲ့ အမျိုးသားရိုင်ဖယ်အစည်းအရုံးက မြှောက်ပင့် အားပေးနေတာကိုး။ ကျောင်းသားတွေ ဆရာတွေ သေပေလေ့စေ၊ သေနတ်လုပ်ငန်းကြီး အလုပ်ဖြစ်နေဖို့ သူ့အတွက် ပိုအရေးကြီးပါတယ်။ ထရန့်က လက်ယာစွန်းတွေ ရှေးရိုးစွဲတွေကို မြှောက်ထိုးပင့်ကော သွေးထိုးလှုံဆော်ထားတော့ မြန်မာပြည်က မဘသတွေ အမျိုးသားအစွန်းရောက်တွေ အာကျယ်နေကြသလို အမေရိကားက လက်ယာစွန်း ရှေးရိုးစွဲတွေက အာကျယ် လက်သရမ်းနေကြတာလည်း အထင်အရှားပါခင်ဗျ။


ဘယ်လိုဖြစ်လို့ ဒီလောက် ထရန့်တယောက် အစွမ်းတွေ ထက်နေရတာလဲ၊ နေမြင့်လေ အရူးရင့်လေ ဖြစ်နေရတာလဲ။ အဖြေက ရှင်းပါတယ်ခင်ဗျ။ တကမ္ဘာလုံးမှာ အစွန်းရောက်တွေ ထကြွနေတဲ့ နက္ခတ်နဲ့ ကြုံနေပါတယ်။ အမျိုးသားအစွန်းရောက်တွေ ဘာသာရေးအစွန်းရောက်တွေ အကြမ်းဖက်အစွန်းရောက်တွေ ခေတ်ထနေတော့ သာမန်ပြည်သူလူထုတွေ ပညာရှိ ပညာရှင်တွေ အကြမ်းမဖက်၊ အစွန်းမရောက်၊ အလယ်အလတ်လမ်းစဉ်သမားတွေဟာ အကန့်သတ်ခံထားရသလို ဖြစ်နေရပါတယ်။ ဒါးဒါးချင်း လှံလှံချင်းတွေချည်းဆိုတော့ အိုဘားမားတို့ခေတ်ဟောင်းတုန်းကလို စကားဝိုင်းထဲ ဘယ်သူမှ ခေါ်လို့မရပါ။ အပြောတမျိုး အလုပ်တမျိုး သူတဖုံ ငါ တမင်းတွေချည်း ခေတ်စားသလို ဖြစ်နေပါတယ်။ သည်ကြားထဲ ရုရှားလိုမျိုး ဖေ့စ်ဘွတ်လူပြိန်းတွေလိုမျိုး ကြားထဲက ၀င်ပြီး ဖွမယ်၊ ဆူမယ်၊ သွေးထိုးလှုံ့ဆော်မယ်ဆိုတဲ့ အဖျက်အမှောင့်တွေကလည်း အတော်ကို အားကောင်းနေကြတော့ လူတွေကြားထဲ သံသယသားကောင်တွေချည်း ဆိုရမှာပေါ့ခင်ဗျာ။


ဒါဆို ထရန့်ချည်းတဦးတည်း အစွမ်းတွေ ထက်နေလို့လားဆိုတော့ သည်လိုတော့ ဟုတ်မယ် မထင်ပါ။ ဒေါ်နယ်ထရန့်သမ္မတဖြစ်ဖို့ မှန်းကတည်းက ရီပတ်ဘလစ်ကန်ပါတီကြီးရဲ့ နောက်ကွယ်ခေါင်းဆောင်ကြီးများ အစပထမမှာ အလိုမတူခဲ့ပါ။ သို့သော်လည်း လက်ယာစွန်းခေါင်းဆောင်အချို့က ထရန့်အပေါ်မှာ ပုံအောပြီး တွန်းတင်ပေးခဲ့ကြပုံရပါတယ်။ သည်လိုနဲ့ ထရန့်မင်းတက်ဖြစ်ကော လက်ယာစွန်း နောက်ကွယ်ခေါင်းဆောင်ကြီးတွေဟာ သူတို့ရဲ့ လက်ယာစွန်းပေါ်လစီတွေကို ထရန့်လက်ထဲ ခေါင်းထဲ ထည့်သွင်းပေးလိုက်ကြတဲ့ ပုံပါပဲ။ သာမန်စီးပွားရေးသမား ထရန့်ဟာ အခုလိုမျိုး လက်ယာအစွန်းရောက်လွန်းတဲ့ ပေါ်လစီတွေကို သူတဦးတည်း ဥာဏ်ရည်နဲ့တော့ ဆုံးဖြတ်နိုင်ပုံမရပါ။ သူ့နောက် တွန်းအားတွေနဲ့ သူ့ကို မြှောက်ပင့်ပေးပြီး လုပ်နေပုံရတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိ အစိုးရအဖွဲ့ဝင်တွေ အိမ်မငြိမ်သေးပါ။ အပြောင်းအလဲတွေ အလွန်များနေပြီး သတင်းပေါက်ကြားမှုတွေကလည်း အဆိုးဆုံးမှာ ဖြစ်နေပါတယ်။ လက်ရှိမှာက ထရန့်နှုတ်ထွက်စကားတွေနဲ့ တိုင်းပြည်ကြီးဟာ စကောထဲက ဂေါ်လီလုံးလို ဟိုလိမ့် ဒီလိမ့် ဖြစ်နေရရှာပါတယ်။


သည်လိုပြောလို့ သက်သေအထောက်အထားရှိလို့လား မမေးပါနဲ့။ သမိုင်းအစဉ်အလာတော့ ရှိပါတယ်။ ဒေါ်နယ်ထရန့်မတိုင်ခင် ဂျော့ဘုရှ်အငယ်လက်ထက်မှာ ဘု့ရှ်အငယ်ဟာ အကြိတ်အနယ် မဲကိုယ်တိုင် ကိုယ်မသာ သူမသာနဲ့ သမ္မတဖြစ်ခဲ့ရတာပါ။ သူ့ဒုသမ္မတနဲ့ သူ့နိုင်ငံခြားရေးဝန်ကြီးတွေဟာ အစဉ်အလာ လက်ယာစွန်းတွေချည်းပါ။ ဘု့ရှ်အငယ်လုပ်သမျှတွေဟာ လက်ယာဝါဒီပေါ်လစီတွေချည်းပါပဲ။ ထရန့်လောက်တော့ မဆိုးခဲ့တာက သူ့ကို ဟန်ချက်ညှိမယ့် ဒီမိုကရက်တွေက လွှတ်တော်မှာ အားကောင်းခဲ့တာကိုး။ ဘု့ရှ်အကြီးတို့ ရော်နယ်ရီဂင်တို့ဆိုတာလည်း ပါတီစိတ်တိုင်းကျ တင်လိုက်တဲ့ မင်းတွေချည်းပါ။ လွှတ်တော်က ပါတီခေါင်းဆောင်တွေဆိုတာ အလွန်သြဇာကြီးသမို့ ပါတီပေါ်လစီဟာ တိုင်းပြည်ပေါ်လစီ ဖြစ်ခဲ့ရတာချည်းဖြစ်ပါတယ်။


ဒီမိုကရက်တွေကကော လက်ဝဲပေါ်လစီတွေ အသက်မသွင်းခဲ့လို့လား မေးချင်ကြမှာပါ။ အိုဘားမားလက်ထက်မှာ လက်ဝဲဘက်ယိမ်းတယ်၊ လစ်ဘရယ်ဖြစ်တယ်လို့ ဆိုကြ ပြောကြပေမယ့် လွှတ်တော်တွေနဲ့ အစိုးရတွေမှာပါ ဟန်ချက်ညီအောင် လုပ်ကြရတာတွေ ရှိပါတယ်။ သူတို့ ပေါ်လစီတွေကို ချမှတ်အကောင်အထည်ဖော်တိုင်းမှာ သူတို့ ဥပဒေ၊ အခြေခံဥပဒေ၊ လွှတ်တော်၊ အစိုးရ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ကြတဲ့အပြင် မီဒီယာတွေ အတိုက်အခံတွေရဲ့ မေးခွန်းတွေကို ဖြတ်ကျော်လွှားကြရပါတယ်။ အခု ဒေါ်နယ်ထရန့်လိုမျိုး အတိုက်အခံတွေက ငပေါတွေ၊ မီဒီယာတွေက သတင်းအတုလုပ်တဲ့သူတွေ၊ ငါ့နဲ့မတူ ငါ့ရန်သူတွေဆိုပြီး ရန်တကောကော ဟိုရန်စ သည်ရန်စ ဟိုခြိမ်းခြောက် သည်ခြိမ်းခြောက်လုပ်ခဲ့တာ မရှိပါဘူး ခင်ဗျာ။


လက်ရှိအချိန်မှာတော့ ဒေါ်နယ်ထရန့်တယောက် ပါးစပ်ကထွက်တာ အမိန့်ဥပဒေဖြစ်ဆိုပြီး လုပ်ချင်တာ လုပ် ဖြစ်ချင်တာဖြစ် ခေတ်ဖြစ်နေပါပြီ။ သူ့ခင်မျာ မြောက်ကိုရီးယားအရေးကိုတော့ အပိုင်ပဲ တွက်ပြီး လုပ်ထည့်လိုက်တာမှာ လမ်းခုလတ်မှာ ဘွာခတ်ရသူ ဖြစ်ကုန်ပါပြီ။ ကျနော်တို့ကတော့ သင်ခန်းစာယူပြီး ကိုယ့်လုပ်စရာရှိတာကို ဒေါ်နယ်ထရန့်ပယောဂ အစွက်ဖက်မခံပဲ ဆက်လုပ်ကြရဦးမှာပါ။ ဒေါ်နယ်ထရန့်ကို အရူးလို့ ဆိုတာနဲ့ ကျန်တဲ့ အမေရိကန်တွေလည်း အရူးတွေပဲဆိုပြီး တန်းညှိမခံကြရဖို့ အခြားအမေရိကန်တွေလည်း သင်ခန်းစာယူကြပါဦး ခင်ဗျား။












သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts