Overseas Burmese

Min Kaung Chit – The heart felt request from SUU

“လူထုခေါင်းဆောင်ရဲ့ မေတ္တာရပ်ခံ ခွန်းဆင့်သံ”

မင်းကောင်းချစ် (မန္တလေး)၊ စက်တင်ဘာ ၂၉ ၊ ၂၀၁၃

အဲဒီနေ့က နားနဲ့ ဆတ်ဆတ်ကိုယ်တိုင်ကြားခဲ့ရပါတယ်။ လူထုခေါင်းဆောင်ရဲ့နှုတ်ဖျားက ပွင့်အံလျောကျလာတဲ့ မေတ္တာရပ်ခံခွန်းဆင့်သံပါ။ ၂၀၀၈အခြေခံဥပဒေ ပြင်နိုင်ဘို့ ပြည်သူတွေဝိုင်းကြပါ ကူကြပါ၊ နိုင်ငံသားတာဝန် ထမ်းဖို့လိုပါသတဲ့။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် စကာင်္ပူကို လာမှာဆိုတဲ့ သတင်းစကားကြားရုံနဲ့တင်ကို အားလုံးရင်ခုန်နေကြပြီ။ တယောက်နဲ့ တယောက် စကားကြုံပါးကြ သတင်းထူးသတင်းဦးကြားရင် အပြန်အလှန်သတင်းဖလှယ်ဖို့ မေတ္တာရပ်ခံကြနဲ့ အလုပ်ရှုပ်ကုန်ကြတယ်။ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေတွေနဲ့တောင် အချို့များ ဒီ အကြောင်းနဲ့ပတ်သက်ပြီး အဆက်အသွယ် ပြန်ရကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမဲ့ပွဲကို တက်ဖို့ လက်မှတ်ဘယ်လိုဝယ်ရမယ်ဆိုတာ နေ့တိုင်းနီးပါး ဖုန်းဆက်ကြ၊ မေးကြပေါ့။

            ကျွန်တော်လည်း ထို့အတူပါပဲ ဟိုဖုန်းခေါ်၊ ဒီဖုန်းဆက် စုံစမ်းရင်း မေးမြန်းရင်း ကိုယ့်မိသားစုအတွက် လက်မှတ်လေးစောင် ၀ယ်လို့ ရခဲ့တယ်။

            အမေစုမရောက်ခင်ကတည်းက ရောက်လာရင်မေးဖို့ သိချင်တာလေးတွေမေးဖို့ ကြိုတင်စဉ်းစားခဲ့တယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ တိကျသေခြာတဲ့သတင်းအချက်အလက်တွေ ငတ်မွတ်နေတဲ့၊ ကိုယ်တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ပကတိအခြေအနေတွေ သိလိုကြတဲ့ မြန်မာနိုင်ငံ သားတိုင်းမှာ မေးခွန်းကိုယ်စီရှိကြမှာ ကျိန်းသေပါတယ်။

            လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရွေးကောက်ပွဲမလိုပဲ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရယူခဲ့တယ်ဆိုတာ ဒီပွဲမှာပို သတိပြုမိ လာတယ်။ လူထုက သူမကို ချစ်လာအောင် သူမက လာဘ်လဲမထိုးခဲ့သလို ခြိမ်းခြောက်အကျပ်ကိုင်မှုမျိုးလဲ မလုပ်ခဲ့ပါဘူး။ သူမရဲ့ နိုင်ငံနဲ့လူမျိုးအပေါ် ရိုးသားစွာချစ်ခင်မှု၊ သာမာန်လူတို့မပြုနိုင်တဲ့ စွန့်လွှတ်မှု၊ နိုင်ငံရေးအသိနဲ့ အမျှော်အမြင်ကြီးမားမှု၊ ပြည်သူကိုရင်ဝယ်သားလို ကာကွယ်စောင့်ရှောက်လိုမှု၊ ပြည်သူအကျိုးစီးပွားကိုသာ အမြဲဦးထိပ်ထားမှုတွေဟာ သူမကို လူထုက ယုံကြည်လေးစား မြတ်နိုးအားထားရတဲ့ ခေါင်းဆောင်အဖြစ် ရောက်စေခဲ့တာပါ။

            ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၇း၃၀ လောက်မှာ စကာင်္ပူက Resort World ကို ကျွန်တော်တို့ မိသားစုရောက် သွားတော့ အတော်နောက်ကျနေပြီ။ လူတော်တော်များများတန်းစီပြီး ခန်းမဆောင်ကြီးထဲကို ၀င်နေကြပြီ။ မြန်မာနိုင်ငံသားတွေ စည်းကမ်းတကျ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ချစ်တဲ့လူထုခေါင်းဆောင်ကိုတွေ့ဖို့ တန်းစီဝင်ရောက်နေတဲ့ မြင်ကွင်းက ကျွန်တော့်ရင်ကို ကြည်နူးချမ်းမြေ့စေသလို မင်္ဂလာရှိတဲ့ တနင်္ဂနွေတရက်ကိုလည်း ပေးစွမ်းခဲ့ပါတယ်။

            ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် အစီအစဉ်တချို့ တင်ဆက်ရာမှာ လူငယ်လေးတွေရဲ့ အမေစုရဲ့ထေရုပ္ပတ္တိအကျဉ်းဖွင့်ဆိုမှုနဲ့ တိုင်းရင်းသားအကအစီအစဉ်တွေကို အနှစ်သက်ဆုံးဘဲ။

            နံက် ၁၀နာရီထိုးဖို့ ဆယ်မိနစ်ဝန်းကျင် အလိုလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ခန်းမထဲရောက်ရှိလာပြီး အားလုံး မတ်တပ်ရပ်ထ ပြီးကြိုဆိုကြပါတယ်။

            ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ မေးခွန်းဖြေကြားချက်တွေထဲက အထူးသတိပြုမိတဲ့ အချက်တွေကိုပြောရရင်-

            (၁) နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေ ဗမာပြည်ပြန်လာဖို့ တိုက်တွန်းကြောင်း၊ အခြေအနေတွေ သာလာမှ ပြန်ဖို့ကို မစဉ်းစားဘဲ၊ အခြေအနေတွေ သာလာအောင် ပါဝင်လုပ်ဆောင်စေလိုကြောင်း ပြောဆိုချက်၊

            (၂) ကိုယ်ပဲရယူချင်ပြီး ပြန်မပေးလိုသူတွေ မဖြစ်စေခြင်ကြောင်း နိုင်ငံသားတယောက်အခွင့်အရေးကို ယူခြင်းနဲ့အတူ နိုင်ငံသားတယောက်ရဲ့ တာဝန်ယူမှု၊ ပြန်လည်ပေးဆပ်မှုတွေ လုပ်ဖို့လိုကြောင်း ပြောဆိုချက်၊

            (၃) လက်ရှိမြန်မာနိုင်ငံရေးအခြေအနေဟာ မြန်မာနိုင်ငံသားအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ဖို့ လိုကြောင်း၊ လက်ရှိ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးဖို့၊ ဒီမိုကရေစီအပြောင်းအလဲလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ အဲဒီအခြေခံဥပဒေနဲ့ တိုင်းရင်းသား များညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရအောင်လုပ်ဖို့ လုံးဝမလွယ်ကူကြောင်း၊ ဒါကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံသားအားလုံး ၀ိုင်းဝန်းပါဝင် တွန်းအားပေးဖို့ လိုကြောင်းပြောဆိုချက်၊

            (၄) ဥရောပနိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေရဲ့ အဓိက ကွားခြားချက်တခုကို ပြောတဲ့နေရာမှာ ဥရောပနိုင်ငံတွေဟာ အတိုက်အခံနဲ့ အာဏာရှင်အစိုးရတွေ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီးမှ အသွင်ကူးပြောင်းဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့ မြန်မာနိုင်ငံကတော့ အာဏာရှင်တွေတဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ပြောင်းလဲဖို့ စတင်ခဲ့တယ်ဆိုတာကို ထောက်ပြသွားခဲ့ပါ တယ်၊

            (၅) မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ပွင်းလင်းမြင်သာမှုတွေ လက်ရှိအစိုးရမှာ အလွန်အားနည်းနေတာကြောင့် သတင်းအချက်လက်တွေ ခိုင်ခိုင်မာမာမသိရတာကြောင့် ဆုံးဖြတ်ပြောဆိုဖို့ ခက်ကြောင်း ပြောဆိုချက်၊

            (၆) နောက်အရေးကြီးဆုံးအချက်ကတော့ လက်ရှိအစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကြားမှာ အခုချိန်ထိတိတိကျကျ ဆွေးနွေးပြီး အပြောင်းလဲတွေ ဖော်ဆောင်ဖို့ မူဝါဒ သဘောတူညီချက်တွေချမှတ်နိုင်ခဲ့တာ ဘာမှမရှိသေးပါဘူးဆိုတာရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ တရားဝင်ဖိတ်ခေါ်ဆွေးနွေးမှုတွေ ဘာမှမလုပ်ရသေးဘူးလို့ ဆိုပါတယ်၊

            အဲဒီအချက်ဟာ ကျွန်တော်တို့တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာခရီးစဉ်တိုင်းမှာ ထပ်တလဲလဲ သတိပေးပြောဆိုမှုဖြစ်တဲ့ ဗမာပြည်ရဲ့အပြောင်းအလဲဟာ လမ်းကြောင်းပေါ် ခုမှတက်ခါစဘဲ ရှိသေးကြောင်း နောက်ကြောင်းအချိန်မရွေး ပြန်လှည့်သွားနိုင်ကြောင်း၊ အကောင်းဖက်ချည်းမြင်ရင် အခြေနေအမှန်ကို မသုံးသပ်နိုင်ကြောင်းဟာ ဒါကိုရည်ရွယ် ပုံရပါတယ်။

            ဒီအခြေအနေကိုသုံးသပ်ရရင် လက်ရှိအစိုးရဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ မဖြစ်မနေပါဝင်ရမဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့အင်အားစုတွေ (All main stakeholders) ရဲ့အရေးပါမှုကို အသိအမှတ်မပြုသေးဘူးလို့ သုံးသပ်လို့ရပါတယ်။ အပြောင်းလဲကို သူတို့အစီအမံနဲ့ သူတို့ခွင့်ပြုသလောက်သာ ရမယ့်သဘော၊ သူတို့ကိုယ်ကို ကယ်တင်ရှင်၊ကျေးဇူးရှင်လို မြင်စေခြင်တဲ့သဘောလို့ မှတ်ယူရမှာပါ။

            တို့ပြည်သူတွေမှာ ကျောလဲအချခံရ၊ ကျေးဇူးလဲ တင်ပေးရမလို တော်တော်ဂွကျတဲ့ ကိစ္စပါပဲ။ တကယ်တော့ မရယူအပ်တဲ့အာာဏာနဲ့ စည်းစိမ်ဥစ္စာတွေ စွန့်လွှတ်ရမှာ စိုးရွံ့တဲ့ ဘယာဂတိ အလွန်ကြီးမားသူတွေရဲ့ ကျိုးပမ်းအားထုတ်မှုလို့ ပြောရင်မှားမယ်မထင်ဘူး။

            ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တခုနဲ့ အခြေခံအုတ်မြစ်ပါ။ ဒီလိုအရေးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားတိုင်း လှည်းနေလှေအောင်း မြင်းစောင်း မကျန်ရအောင် ပါဝင်ပတ်သက်ရမဲ့ ဥပဒေကို လူနည်းစုက တခါးပိတ်ဆွေးနွေးပြင်ဆင်ပြီး နောက်ဆုံးချိန်ကျခါမှ ပြည်သူလူထုကို အသိပေးရုံ ချပြမယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါဘူး။

            ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရောက်ဖို့ တနှစ်သာသာလေးဘဲ ကျန်တော့တာပါ။ အမေစုကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ရာမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ကိုပြင်မှ ဖြစ်မယ်လို့ အတိအလင်းပြောလိုက်ပါပြီ။ ပြင်ဆင်တဲ့နေရာမှာလဲ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အင်အားစုတွေအားလုံး ဒီမိုကရေစီနည်းကျ ညှိနှိုင်းဆုံးဖြတ်ကြဖို့ လိုတာလဲ ပြောခဲ့ပါပြီ။ ဒီအရေးဟာ တိုင်းပြည်တခုလုံးရဲ့ အနာဂတ်ကိုဆုံးဖြတ်မှာမို့ နိုင်ငံသားတိုင်း၊ နိုင်ငံတာဝန်ထမ်းပြီး ၀ိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံလိုနေပါပြီ။ လူတိုင်းကိုလဲ ကိုယ်ယုံကြည်ရာ လုပ်ဆောင်ကြဖို့၊ တိုင်းပြည်အကျိုး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနေပါပြီ။

            ထူးအိမ်သင်ရေးစပ်ပြီး အဆိုတော်မွန်းအောင် သီဆိုခဲ့တဲ့ “အရေးကြီးပြီ၊ ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေ ညီကြစို့” ဆိုတဲ့ စာသားလေးကိုဘဲ ပြည်သူတွေအားလုံးညီညာဖြဖြ သီဆိုကြရမဲ့ အချိန်ပါ။ ဒါပေမဲ့ သတိချပ်ဖို့ကတော့ ညီနောင်အပေါင်းတို့ဆိုတဲ့ စာသားထဲမှာ တပ်မတော်သားတွေလဲ ပါတာ မမေ့ဘို့ လိုပါတယ်။ မြန်မာနိုင်ငံသားအားလုံးရဲ့ သမိုင်းပေးတာဝန်ဟာ တပ်မတော်ကြီးကို စစ်တန်းလျားထဲ ဂုဏ်သိက္ခာရှိရှိ ပြန်ဝင်သွားအောင် လုပ်ဆောင်ကြဖို့ပါဘဲ။ ဘာကြောင့်ပါလဲ အဖြေက ရှင်းပါတယ်။ တပ်မတော်ဟာ သူ့ရဲ့ပင်မအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန်ကို ကျော်ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အခြေချလုပ်ကိုင်ခဲ့လို့ မြန်မာနိုင်ငံဟာ ရာစုနှစ်ဝက်ကျော် စစ်သံဖိနပ် အောက်မှာ ပင်ပမ်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ရတာ သမိုင်းမှာ ကမ္ဗည်းထိုးရစ်ခဲ့ပါပြီ။

            ဒါကြောင့် တပ်မတော်အတွက်တော့ အာဏာနိုင်ငံရေးဆိုတာ မစားကောင်းတဲ့ အသီးပါ။ တပ်မတော်ဟာ ပြည်သူကို သစ္စာခံဘို့၊ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ရဲ့ အမိန့်ကို နာခံဖို့ပါဘဲ။

            ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တပ်မတော်ကို အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ အမြဲတမ်းပါဝင်ရေးလို့ ထဲ့သွင်းထားပြီး ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်ဦးရေအတွက် တပ်မတော်သားတွေကို ရွေးကောက်ခံစရာမလိုပဲ ထဲ့သွင်း နေရာယူထားတာဟာ ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါဘူး။ လူနည်းစုအချို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ရည်ရွယ်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

            ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးဟာ မျက်စိတမှိတ်၊ လျှပ်တပျက်အတွင်း ရောက်လာတော့မှာပါ။ စစ်မှန်တဲ့ညီညွတ်ရေး၊ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်ဖို့ရာမှာ ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီ စံရည်စံ ညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်နိုင်မှုရယ် ပြည်သူတွေ ဘယ်လောက် ပူးပေါင်းပါဝင်ကြသလဲ ဆိုတဲ့ အချက်တွေပေါ်မှာ မူတည်နေတာမို့လို့ လူထုခေါင်းဆောင်ရဲ့ ခွန်းဆင့်သံကို လက်တွေ့ဆန်ဆန် တုံ့ပြန်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ် (မန္တလေး)

၂၃ရက်စက်တင်ဘာ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts