လူနှင်းချို (မတ္တရာ) ● နိုင်ငံတာ် ဓာတ်စာ
(မိုးမခ) မေ ၁၇၊ ၂၀၁၈
ဒုက္ခတွေပင်လယ်ဝေနေတာတောင်
ဈေးဆစ်ခံရတဲ့
နာဂစ်မလေးနဲ့ ငါတိုင်ပင်ခဲ့ဖူးတယ်
ငါရင်နာတယ်
သူဟာ
လှလွန်းလို့
အမွေးခံရတဲ့ ငါးကလေးတကောင်လည်းမဟုတ်ခဲ့ပါ
ငါရင်နာတယ်
ခေတ်ဆိုးကြီးရဲ့ရန်ကွယ်အဖြစ်
ဆွဲမိဆွဲရာလှမ်းဆွဲမိချိန်
အားကိုးရာကောက်ရိုးတမျှင်ရဲ့ဓားချက်အောက်
အသက်ပျောက်ခဲ့ရတဲ့
သားမိသုံးယောက်နဲ့ ငါတိုင်ပင်တယ်
ငါရင်နာတယ်
သူတို့ဟာ
တုတ်ဓားမပီးတဲ့ အငတ်တိုင်းသူပြည်သားတွေပါ
သေဆုံးချိန်မှပဲ
ဝဝလင်လင်ထွက်ပြခဲ့တဲ့ သူတို့သွေးတွေ
ငါရင်နာတယ်
သွေးမြင်ရင်
မူးမေ့သွားတတ်တဲ့ ဥပဒေတွေ ဘယ်ကလာသလဲ
ဓားမြင်ရင်ကြောက်တတ်တဲ့
ဥပဒေတွေ ဘယ်ကိုသွားမှာလဲ
လမ်းခွဲထွက်သွားတဲ့ ဥပဒေတွေက
ဘယ်နေရာမှာဆုံကြမှာလဲ
ငါရင်နာတယ်
ဖျားနေတဲ့နိုင်ငံအတွက်
ဥပဒေဟာ ဓာတ်စာ ဖြစ်တယ်
ဓာတ်စာတွေဟာ
ဘယ်အရပ်ဒေသမှာ ဝင်းမှည့်နေပြီလဲ
မိသားစုတစ်စုတောင်
လှိုင်းတစ်ချက်ပုတ်နဲ့ ဘဝပျက်လို့ မပြီးသေးဘူး
ဇာတ်တူအချင်းချင်းလှိုင်းပုတ်
တပြည်ထောင်လုံးဖြိုချနေတော့မှာလား
တိုင်းသူပြည်သားတွေ
တိုင်းပြည်ကို ဒိထက်စိတ်နာကုန်ရင် ခက်မယ်
ရိုးရိုးသားသားပဲ မွဲပါရစေ
လုံလုံခြုံခြုံပဲ မွဲပါရစေ
သတ္တိရှိတဲ့ ဥပဒေတွေရဲ့အနားမှာ
ခေါင်းပြားအောင်အိပ်ပါရစေ
ရှေ့လျှောက်
ဘယ်သူနဲ့မှ မတိုင်ပင်ပါရစေနဲ့တော့။ ။