မှတ်စုမှတ်တမ်း

K ငြိမ်းချမ်း ● သူတို့ပြောတဲ့ ဒဂုန်တာရာ၊ သူတို့ပြောတဲ့ငြိမ်းချမ်းရေး – အပိုင်း (၂)

K ငြိမ်းချမ်း ● သူတို့ပြောတဲ့ ဒဂုန်တာရာ၊ သူတို့ပြောတဲ့ငြိမ်းချမ်းရေး – အပိုင်း (၂)
(မိုးမခ) မေ ၁ဝ၊ ၂ဝ၈

မေလ ၁ဝ ရက်နေ့ဟာ ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ အသက် (၉၉) နှစ်ပြည့်ဖြစ်ပါတယ်။ ဆရာ ဒဂုန်တာရာဟာ အသက် ၁၅ နှစ်ကစပြီး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး ပြည်တွင်းစစ်ကြာင့် ငြိမ်းချမ်းရေးကို အစဉ်တောင်းဆိုခဲ့သူဖြစ်ပါတယ်။

ဆရာဒဂုန်တာရာဟာ ၁၉၁၉မေလ၁ဝရက်နေ့မှာ ကျိုက်လတ်၊ထိုင်ကူမြစ်တန်းရွာမှာ မွေးဖွားခဲ့ပြီး ဒဂုန်တာရာ ကလောင် အမည် အပြင် မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောတင်မူ၊ စောထွတ်၊ ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ဘတင့်၊ မောင်စ၊ ဗညား သီဟ၊ မောင်စိမ်းမြ၊ ဦးဒဂုန်၊ မောင်လင်းထက်၊ မောင်ကြာညွန့်စတဲ့ကလောင်ခွဲတို့ဖြင့်လည်း ရေးသားခဲ့ပါတယ်။

သခင်အောင်ဆန်း၊သခင်နု၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းအစရှိတဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်များနဲ့ထိတွေ့ ဆက် ဆံခဲ့သော်လည်း နိုင်ငံရေးအာဏာရာထူးများကို ငြင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာပဲဆိုတဲ့ ဆရာ့ရဲ့အဘိဓမ္မာဟာ အထူးထင်ရှားပါတယ်။

၂ဝ၁၃၊ သြဂုတ်လ၁၉ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ယခု မေလ ၁ဝရက်နေ့မှာ ကျရောက်မယ့် ဆရာဒဂုန်တာရာ အသက် ၉၉ နှစ်ပြည့်မွေးနေ့မှာ ဆရာ့အတွက် ဆရာ အစဉ် တောင်းဆိုခဲ့တဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆရာဒဂုန်တာရာကိုချစ်ခင်ကြတဲ့ စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေး ဆရာတွေရဲ့ အမှတ်တရ စကားသံများကို မိုးမခဝိုင်းတော်သား K ငြိမ်းချမ်းက တတ်နိုင်သမျှ စုစည်းဖော်ပြလိုက်ပါတယ်။

● မောင်သင်းခိုင်
ဆရာ ဒဂုန်တာရာနဲ့ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးနဲ့ဒဂုန်တာရာဟာ ခေါင်းနဲ့ပန်းပါပဲ။

● မောင်မှိုင်းလွင် (အင်းဝ)
စာအုပ် ချိုးဖြူကြယ်နီ ခွပ်ဒေါင်း ငြိမ်းချမ်းရေးစောင်း ချိုမြစေ။ တာရာသစ်အပေါင်း ဝင်းပစေ။

● မင်းကိုနိုင်
ဒဂုန်တာရာလို့ပြောလိုက်တာနဲ့ ငြိမ်းချမ်းရေးအကြောင်း လူပြောနည်းချိန်ကတည်းက မနားတမ်းတောင်း မမော စတမ်းဆိုခဲ့သူ။ ကိုယ်ပိုင်ဒဿနကိုလည်း ဖော်ထုတ်ခဲ့သူ အဖော်ရှိရှိ မရှိရှိ  ခေတ်စားစား မစားစား ကိုယ်ယုံကြည်ရာကို လက်မလျှော့စတမ်း ကျင့်ခဲ့သူအဖြစ် ပြေးမြင်ပါတယ်။

● တင်ညွှန့်မြိုင် (သာစည်)
လစိမ်းရဲ့အလံတော်
စစ်နဲ့မွေးတော့
စစ်ခွေးတဟောင်ဟောင်
စစ်နဲ့ကြီးပြင်းတော့ စစ်မီးတလောင်လောင်
ငြိမ်းချမ်းရေးဟာ
အမှောင်ထဲမှာ မသေမရှင်
မျက်ရည်တွေ ရှင်ကြ
အရိုးတွေ ရှင်ကြ
အိပ်မက်တွေ ရှင်ကြ
စစ်ပွဲတွေကို ရှောင်ကြ
ငါတို့ငြိမ်းချမ်းရေးကို
တဟုန်းဟုန်းဆာလောင်နေပြီ။

● ဝဿန်ချို
ကျည်ဆန်ခွံတွေ ကောက်သိမ်းခဲ့တယ်။
မျက်ရည်တွန်သံတွေ ကောက်သိမ်းခဲ့တယ်
ပြိုကျနေတဲ့ ခေါင်းလောင်းသံတွေ ကောက်သိမ်းခဲ့တယ်။
မီးခိုးတွေက ရေဆုံးပင်လယ်ပဲ။
ငြိမ်းချမ်းရေးက တွဲလောင်းကြီးနဲ့
ငါ့မျှော်လင့်ချက်ကလည်း တွဲလောင်းကြီးနဲ့ပေါ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ငြိမ်းချမ်းရေးအလံ
ဆရာဒဂုန်တာရာရဲ့ငြိမ်းချမ်းရေးအလံမခံ
မျိုးဆက်သစ်တို့ရဲ့ငြိမ်းချမ်းရေးတေးသံ
မြေကျမခံ
ရေကျမခံ။   ။

ရန်သူမရှိ မိတ်ဆွေသာရှိ မုန်းသူမရှိ ချစ်သူသာရှိ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်ရင်း အသက် ၉ဝ ကျော် ၁ဝဝ အတွင်းမှာ ကျနော်တို့နဲ့ … … … …။

● အောင်ဝေး

ငြိမ်းချမ်းရေးနှင့်၊ စိမ်းလန်းမွှေးမြ လှပဘုံကဗျာ၊ ဒဂုန်တာရာ။

● သိုက်ထွန်းသက်
ကြာပန်းဟာ ရေနဲ့ လန်းတင့်ရသလို လူထုဟာလည်း ငြိမ်းချမ်းရေးရမှ လန်းတင့်မယ်တဲ့။ ၁၉၆၃ကြာပန်း ရေစင် ၅၅နှစ် ကြာပေါ့။

● တောင်တွင်း မောင်မုန်းမာန်

ကျနော်ရယ်၊ ကိုညွှန့်သစ်ရယ် ကိုလဲ့မွန်ရယ် ကျေးလက်က ဆရာ့ဒဂုန်တာရာဆီကို ရောက်ခဲ့ ဖူးတယ်။ အဲဒါ ပထမဦးဆုံး ဆရာ့ကို တွေ့ဖူးမြင်ဖူးခြင်းပါ့။ ဆရာ့ရဲ့လူငယ်တွေဆီက ပြန်လည်နားဆင်ခြငိးုသိရတော့ ပိုပြီး ကြည်ညိုမိတယ်။ မမောက်မာဘူး၊ မရိုင်းပြဘူး။ သိပ်ပြီး ပညာတတ်ဆန်ပြီး လူကြီးလူကောင်း တယောက်လို ယဉ်ကျေး သိမ်မွေ့တော့ နာရီပေါင်းများစွာ စကားတွေပြောဖြစ်ပေမယ့် ပြောလို့မဝခဲ့ဘူး။ ဆရာ့ရဲ့လူငယ်တွေကို လေးလေးစားစားနေ ရာပေးတတ်တဲ့ ဆရာ့အပြုအမူတွေဟာ လုပ်ယူထားတာမဟုတ်ဘဲ နှလုံးသားက ယိုစီးလာတာလို့ ခံစားရတယ်။ ဆရာက အော်တိုစာအုပ်ထဲမှာ  တခုခုရေးခိုင်းတော့ ကျနော် တုန်လှုပ်ချောက်ချားသွားတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ကျနော့်မှာ ရေးဖို့ ခွန်အားမရှိပါဘူးဆရာ။ ကျနော်လိပ်စာပဲရေးခဲ့ဖြစ်တယ်။ ဆရာခွင့်လွှတ်မှာပါပဲ။ အဲဒီနေ့က ဆရာမ သင်းမြစန္ဒီ ကလောကို အလုပ်ပြောင်း အော်ဒါရတဲ့နေ့ပေါ့။

● ရေမွန်ဝဏ္ဏ
သူနဲ့ကြည်အေးပေါင်းပြီး အတွေးနုနု ကဗျာများကို တီထွင်ဖန်ဆင်းခဲ့တယ်။ အောင်ချိမ့်နဲ့ကိုယ်တို့ ငယ်ငယ် အရွယ်မှာ သူ့ကဗျာတွေနဲ့ကြီးပြင်းလာတယ်ဆိုရင် မှားမယ်မထင်။

● နေမျိုး
ဒဂုန်တာရာကို နားလည်ရင် ငြိမ်းချမ်းရေးဆိုသည်ကို နားလည်နိုင်သည်ပင်။

● ဝင်းသူရ
၂ဝ၁၈ မေလ ၁ဝရက်နေ့ ဆိုရင် ဆရာကြီး ဒဂုန်တာရာ ၉၉နှစ်ပြည့်ပြီ။ ပြည်တွင်းငြိမ်းချမ်းရေးကို အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ အစဉ်တစိုက်လှုပ်ရှားခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့အာသီသတွေပြည့်ဝပါပြီ။ ဒီနေ့ NLDအစိုးရရဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က  ငြိမ်းချမ်းရေးအလံတော်ကို ကိုင်ဆောင်ချီတက်နေပါတယ်။ တိုင်းရင်းသားအများစုကလည်း ငြိမ်းချမ်း ရေးစကားတွေ ပြောလာကြပါပြီ။ ကောင်းမွန်တဲ့ အနာဂတ်အတွက် ကျနော်တို့ မျှော်မှန်းနိုင်ကြပါပြီ။ ခရီးတာ အတိုအ၇ှည် ကတော့ လျှောက်ရင် လမ်းဖြစ်မယ်။ လမ်းရှိရင် ပန်းတိုင်ရှိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

● မောင်နန်းဝေ (ဗန်းမော်)
မုန်တိုင်းပြီးရင် လေပြည်လေညင်း လာမယ်၊ ဒါပေမယ့် လေပြင်းက ထန်နေဆဲ။ ရန်သူက ဘုန်း တန်ခိုးကြီးတယ်။ ရန်သူက အဓွန့်ရှည်တယ် ရန်သူက ဓားထက်တယ်။ ဒီကြားထဲ တချို့မိတ်ဆွေတွေတောင် ရန်သူဖြစ် လိုဖြစ်။ မီးကို မီးနဲ့ငြိမ်းသတ်လို့မရတာလည်း အမှန်ပဲ။ ပေကျံနေတဲ့ရွှံ့ကို ရွှံ့ကို ရွှံ့ရည်နဲ့ဆေးကြောလို့ မစင်ကြယ်နိုင် တာလည်း အမှန်ပဲ။ “လေနုအေး” တိုက်ခတ်ချိန်ကို မျှော်မိတာလည်း အမှန်ပဲ။

● အောင်မြင့်ဦး (လူထု)
ဗမာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတာက ၁၉၄၈ခုနှစ် မတ်လ ၂၈ရက်၊ပြည် တွင်းစစ်ဖြစ်တော့ ငြိမ်းချမ်းရေးလိုပြီပေါ့။ ဆရာဒဂုန်တာရာဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို စာပေအနုပညာနှင့် နိုင်ငံရေး တိုက်ပွဲအဖြစ် ဖန်တီးခဲ့တာ ၁၉၄၈ခုနှစ်ထုတ် တာရာမဂ္ဂဇင်းများမှာ တွေ့နိုင်ပါတယ်။ လူထုအင်အား ပြည်သူ့အင်အားဖြင့် သာ စစ်ကို တားဆီးနိုင်မယ်။ ငြိမ်းချမ်းရေး ရရှိနိုင်မယ်။ ပြည်သူ့အင်အား လူထုအင်အားကို ငြိမ်းချမ်းရေးအင်အားအဖြစ် ပြောင်းလဲပစ် နိုင်ရင် စစ်ကင်းပမည်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဟာ ပြည်သူ့ငြိမ်းချမ်းရေးပဲ ဖြစ်ရမယ်လို့ ဆရာဒဂုန်တာရာ ရေးသားခဲ့တာက “…ငြိမ်းချမ်းရေးကား ပြည်သူလူထု၏ ငြိမ်းချမ်းရေးဖြစ်ရပေမည်။ လူနည်းစု လက်တ ဆုပ်စာ၏ငြိမ်းချမ်းရေး မဟုတ်။ မိမ်အာဏာတည်မြဲကာ ဆက်လက်နေနိုင်ရေးအတွက် ကိုယ်ကျိုးကြည့် ငြိမ်းချမ်းရေး မ ဟုတ်။ အမြတ် အစွန်း များများရအောင် အမြတ်အစွန်းရရန် ကုန်သွယ်နိုင်အောင်၊ ကုန်သွယ်နိုင်ရန်အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးကောင်းရန်အတွက် ငြိမ်းချမ်းချင်သော ကိုယ်ကျိုးကြည့် လက် ဝါးကြီးအုပ် ကုန်သည်များ၏ငြိမ်းချမ်းရေးကား မဟုတ်ရ။ တကယ့်ပြည်သူလူထု၏ လူတန်းစေ့နေနိုင်ရေး စားသောက်ရေး ကို အပြည့်အဝပေးသော ငြိမ်းချမ်းရေးသာလျှင် တကယ့် ငြိမ်းချမ်းရေး အစစ်ပင်။ ဤငြိမ်းချမ်းရေးသာလျှင် ပြည်သူ့ငြိမ်း ချမ်းရေး ဖြစ်ပေသည်။” (တာရာမဂ္ဂဇင်း-၁၉၄၈) ဟု ရေးသားခဲ့ပါတယ်။ ဆရာ လိုချင်တဲ့ငြိမ်းချမ်းရေး တတိုင်းတပြည်လုံး လိုချင်နေကြတဲ့ ငြိမ်းချမ်းရေးကို ဆရာ့လမ်းညွှန်ချက်အတိုင်း ပြည်သူ့အင်အား လူထုအင်အားဖြင့်သာ တိုက်ယူကြပါစို့။

● နေပန်ဦး
သူ့နာမည် “ငြိမ်းချမ်း”လို့ ဘာကြောင့်ပေးထားလဲ “တိုက်ပွဲတွေကြားမှာ အသက်လုပြေးလာကြတော့ ကျမ နေ့စေ့လစေ့ကြီးနဲ့ တောနက်နက်ထဲရောက်မှ ဗိုက်ကနာလာ ကံကောင်းလို့ စစ်ပွဲအရပ် သူကလည်း လျောလျောရှူရှူ မွေးလာလို့လေ” မိခင်တယောက်ရဲ့အသက်နဲ့ရင်းတဲ့ ဘာသာစကား။ တောအနှံ့နှံ့ ကန္တာရ အနှံ့နှံ့ မောင်ငြိမ်းချမ်းတို့… မယ်ငြိမ်းချမ်းတို့ ငြိမ်းငြိမ်းချမ်းချမ်း ဖွားမြင်သန့်စင်ပါစေသော်။  ။

● ကြည်ဇော်ဝင်း
ဆရာဒဂုန်တာရာ အသက်ထင်ရှားရှိနေသေးရင် အသက် (၉၉)နှစ်ရှိပြီပေါ။ ဆရာ့ကို ၁၉၉၇ ခုနှစ် နိုဝင်ဘာ လမှာ ကဗျာဆရာမိုးကျော်အောင်+မမိုးတို့ရဲ့မင်္ဂလာပွဲမှာ စတင်မြင်ဖူးတယ်။ ဆရာ့ကို မြန်မာစာပေလောကတခုလုံးက ချစ်ခင်လေးစားကြ တယ်။ ဆရာ့စာပေကျေးဇူးက မြန်မာစာပေအပေါ် များလှပါတယ်။ မှတ်မှတ်ရရ စာရေးဆရာမ ညိုညို တင်လှက ကျနော် ဖားကန့်အလုပ်သွားလုပ်မယ်ဆိုတဲ့အခါ ကျနော့်ကို ဆရာ့ရဲ့နွေဦးစာအုပ် အမှတ်တရ လက်ဆောင်ပေး လိုက်တယ်။ မြန်မာစာပေ မကွယ်ပျောက်သရွေ့ ဆရာ မကွယ်ပျောက်ပါ။ ဆရာ့ရဲ့စာပေကျေးဇူးကို အောက်မေ့တသ လျက်။

● မိုးကျော်အောင်
နှစ်ပေါင်းများစွာ ကျနော်တို့ဦးခေါင်းပေါ် အုပ်မိုးထားတဲ့ အာဏာရှင်စနစ်ဆိုးရဲ့ အမှောင်ကန့်လန်ကာ ကြီး ကို ဖယ်ရှား ပစ်ခိုင်းဖို့ ကျနော်တို့အပေါ် ကျရောက်နေဆဲ ဝဋ်နာကံနာတွေ ပျောက်ကင်းသန့်စင်သွားစေဖို့ “ငြိမ်းချမ်းရေး ”ပျားရည်တစက်လိုအပ်လှပါတယ်။ ကျနော်တို့တိုင်းပြည်အပေါ် ငြိမ်းချမ်းရေး အလင်းရောင် လင်းလင်းပြက်ပြက်ကျ ရောက်ပါမှ သည်အမှောင်နတ်ဆိုးဟာ တိမ်းရှောင်ထွက်ပြေးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့စိုက်ခဲ့ပျိုးခဲ့တဲ့ ငြိမ်းချမ်းရေး မျိုး စေ့လေးကနေ အပင်ငယ်လေးအဖြစ် ထိုးထွက်ပေါက်ရောက်နေပြီဖြစ်ပေမယ့်လည်း သည်အပင်ငယ်လေး ဆက်လက်ရှင် သန် ကြီးထွားလာစေဖို့ ကျနော်တို့ထိစပ် ဝန်းရံပျိုးထောင် အားထုတ်ကြရပါမယ်။ ကျနော်တို့ရဲ့မေတ္တာတရား၊ အိပ်မက်၊ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ သည်အပင်ငယ်အပေါ် သွန်းချ ပုံအောလိုက်ဖို့ လိုအပ်လှပါတယ်။ ဒါမှသာ သည် “ငြိမ်းချမ်း ရေး” အပင်ငယ်လေး ဆက်လက်ရှင်သန်ကြီးထွားလာမှာပဲဖြစ်ပါတယ်။ ဒါမှလည်း ကျနော်တို့ပြည်သူပြည်သားများရဲ့ ဘဝ ဟာ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကိုခံစားကြရမှာဖြစ်ပြီး ဆက်လက်ရှင်သန်ကြရမှာပဲလို့ တွေးထင်မိပါရဲ့ဗျာ။

● နိုင်မောင်
ဆရာဒဂုန်တာရာက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောခဲ့တာ အများသိကြပါတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုတဲ့စကား တချို့က လက်မခံဘဲ အငြင်းပွားမှုတွေရှိနေကြတာလည်း အားလုံးသိကြပါတယ်။ ကျနော်ကတော့ လက်ခံ တယ်။ ငြိမ်းချမ်းရေးလုပ်မယ့်သူတွေဟာ ရန်လိုစိတ်မရှိဖို့ လိုမယ်လို့ထင်ပါတယ်။ ရန်သူဖြစ်နေပေမယ့်လည်း မိတ်ဆွေလို ဘောထားပြီး ငြိမ်းချမ်းရေးရယူဖို့အတွက် သာဓကဆောင်ပြတဲ့စကားလို့ ယူဆပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးန ပတ်သက်ပြီး ရေးထားတဲ့ ဆရာဒဂုန်တာရာရဲ့ကြာပန်းရေစင် ဝတ္ထုကိုလည်း သတိရမိပါတယ်။ အဲဒီဝတ္ထုထဲမှာလည်း ဆရာ က ငြိမ်းချမ်းရေးနည်းဖြင့်သာ အောင်မြင်နိုင်ရမယ်ဆိုတဲ့ အယူအဆ သဘောတရားကို ဖော်ပြထားတာ အမှတ်ရနေပါ တယ်။

● အိုက်လူအောင်
ဆရာဒဂုန်တာရာရဲ့ဘယ်နှနှစ်မြောက်မွေးနေ့လဲ မသိ၊ ကျနော်နဲ့စံညိမ်းဦး ဆရာကြီးရဲ့ရုပ်တုကို အောင်ပန်းအထိ သယ်ပေးခဲ့ဖူးတယ်။ ဆရာဒဂုန်တာရာကို သက်ရှိထင်ရှား ပထမဆုံးတွေ့ဖူးခြင်းပါပဲ။ သူ့မျက်နှာပေါ်မှာ ငြိမ်းချမ်းအေးမြမှုရနံ့တွေ ရှူရှုက်မိသလို ခံစားရပါတယ်။

● နောင်မင်းနိုင်
ငြိမ်းချမ်းရေးကို မြင်ချင်ကြားချင်လို့ ငြိမ်းချမ်းရေးကို နားစွင့်ခဲ့၊ ငြိမ်းချမ်းရေးက အတောင် မပေါက်သေးဘူး။ ငြိမ်းချမ်းရေးက တွင်းအောင်းသတ္တဝါတမျိုးပဲ။ ငြိမ်းချမ်းရေးက စူဠလိပ်ပဲ။ ငြိမ်းချမ်းရေးကို မမြင်မကြားရတဲ့အဆုံး ခေါင်းတ ကြွကြွနဲ့ခေါင်းချသွားခဲ့ပေါ့။ ခုထိ ငြိမ်းချမ်းရေးက လွတ်လမ်းမမြင်သေးဘူး။

● လင်းအောင်ပြည့်
ဆရာကြီး ဒဂုန်တာရာနဲ့ငြိမ်းချမ်းရေးဆိုတာက ခွဲလို့မရတဲ့အရာပါ။ “ငြိမ်းချမ်းရေးဆိုတာ ရန်သူကို မိတ် ဆွေဖွဲ့ရမှာလို့” သူပြောဖူးတာ အမှတ်ရနေပါတယ်။ တဦးချင်းစီရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကနေ တတိုင်းပြည်လုံးရဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးဆီကို ရောက်အောင်သွားနိုင်မယ်လို့ မြင်မိပါတယ်။ အတ္တတွေလျှော့ချ၊ ပရတွေ ရှေးရှု ငြိမ်းချမ်းရေးအတုတို့ ပပျောက်စေ။

● တိုးနှောင်မိုး (အရပ်သားကဗျာဆရာ)
လက်ခက်တဲ့ တောင်းဆုအတွက် အဖြေမလိုပါဘူး။ ငြိမ်းချမ်းရေးပန်းများ ယမ်းနံ့ ကင်းစေသော်ဝ်။ ကျနော်တို့တိတ်ဆိတ်စွာ တောင်းဆုပြုနေပါတယ်။ ကမ္ဘာတည်သရွေ့ငြိမ်းချမ်းပါစေ။

● ညီမိုးအေး
ကဗျာ့ငြိမ်းချမ်းရေး တပ်ဦးမှာ ဆံဖြူသည်အထိ အမြင်အာရုံကွယ်သည်အထိ အလံမလှဲတမ်း ရပ်ခဲ့သူ။

● ကေမျိုးငြိမ်း
ကိုယ့်အိမ်တွင်းစစ်တောင် ခုထိ သတိထားနေရတုန်းပဲ။ ဟိုကောင်ကမေးတယ်၊ ငြိမ်းချမ်းရေးကို ဘယ်လိုမြင် သလဲတဲ့။ ကိုယ် မဖြေခင် ကိုယ့်သားက ဖြေတယ်။ ငြိမ်းချမ်း ရေးတဲ့သီချင်းထဲမှာ ရေခဲရေ သီချင်းက အကောင်းဆုံးပဲတဲ့။ ကိုယ်ကြေကွဲမိတာ အမှန်ပါ။ သူ့သားအဖြေကြောင့် ကိုယ့်မိန်းမက အားရှိပါးရှိ ရယ်လို့။ ကိုယ် ဘယ်လို ရှင်းပြရလဲ သူငယ် ချင်း။

● ပန်းချီဝင်းမြင့်
ကာလတလျား မဖောက်ပြန်သောအားဖြင့် ငြိမ်းချမ်းရေးသင်္ကေတများ ချိုးဖြူငှက် အပေါင်းလက္ခဏာ ဘကြီးမှိုင်း၊ ကဗျာဆရာကြီး ဒဂုန်တာရာ။

● မင်းညွန့်လှိုင်
ဆရာဒဂုန်တာရာကို ကျနော် ၁ဝ နှစ်သားကျော်ကျော်လောက်က စဖတ်ဖူးတာပါ။ ဖတ်မိတာကလည်း တို့ ခေတ်ကိုရောက် ရမည်မှာ မလွဲပါ။ “ဖတ်မိတာကလည်း တို့ခေတ်ကို ရောက်ရမည် မလွဲပါ ”ဝတ္ထုကြီး။ ဇာတ်ကောင် ဗညား မော်က ကိုယ်နဲ့ ရွယ်တူ။ စရိုက်သဘာဝလည်း ခပ်ဆင်ဆင်လို့ထင်မိတယ်။  ဖတ်ရင်းနဲ့ကိုယ့်ကိုယ်ကိုယ် ဗညားမော် လို့ ထင်လာမိတယ်။ ဖတ်ပြီး သွားတော့ “တို့ခေတ်”က ရင်ထဲခုန်လှုပ်ကျန်ရစ်တယ်လေ။ နောက်တော့ ရှန်ပိန်နဲ့တူ တဲ့ ‘မေ’ ဝတ္ထု ။ ရာဇဝင်ကို ပြန်လည်စိမ်းလန်းစေတဲ့ ရုပ်ပုံလွှာတွေ။ ပန်းနုရောင်အိုကဗျာတွေ။ နွေဦးခေါင်းကြီးတွေ စာပေစစ်တမ်း တွေ။ အဘိဓမ္မာ မမဲ့ရေးတွေ။ ဒဂုန်တာရာဆို အငမ်းမရ။ ကျနော့်ရဲ့ပထမဆုံးပုံနှိပ်စာမူကိုက ဒဂုန်တာရာဘက်က ခုခံ ချေ ပချက်ဆောင်းပါးပါ။ “ဆင်ဗိုက်ကို ခြင်ကိုက်ခြင်း”။ ပြန်တွေးမိတော့ ပြုံးချင်စရာ။ ကိုယ်က ဘာကောင်မှ မဟုတ်ဘဲကိုး။ တ ရားအရတော့ နောင်တမရပါ။ လူချင်းမဆုံဖူးပေမယ့် သူ့ကိုမြင်တယ် သိတယ်လို့ ကိုယ့်ဘာသာ သေချာနေပါတယ်။ သူက တကယ့် အနု ပညာရှင်။ စာပေအနုပညာရှင်။ ရသဗေဒ/အလှဗေဒပညာရှင်။ အဘိဓမ္မာဆရာ။ ညီညွတ်ရေး၊ ငြိမ်းချမ်း ရေးကို ခိုင်ခိုင် ကျည်ကျည် ယုံကြည်စွဲမြဲသူကြီးပါ။ အခုရှိသေးရင် ၉၉ နှစ်။ ရှေ့နှစ်ဆို တာရာ နှစ် ၁ဝဝ။ လွန်ခဲ့တဲ့ နှစ် ၁ဝဝ က လမ်း တွေ ကို ကျနော်တို့ ဆက်လျှောက်ကြရပါဦးမယ်။ ယဉ်ကျေးမှုသစ် အရေးတော်ပုံ အောင်ရမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts