လင်းသီ ● အဆီအငေါ်မတည့်တဲ့ ကဗျာ
(မိုးမခ) မေ ၈၊ ၂၀၁၈
စိတ်ဝင်စားစရာမကောင်းတဲ့အကြောင်းတွေထဲမှာ
ကိုယ့်အကြောင်းက ထိပ်ဆုံးမှာရှိတယ်
ဖြစ်ပြီးရင် ပျက်မယ်ဆိုတာ အာမဘန္တေခံနိုင်ပေမယ့်
ပျက်ပြီးရင် ပြန်ဖြစ်ဖို့်ကတော့
ကံသေကံမ တွက်လို့မရတဲ့ကာလကြီးမှာ
စားပွဲထိုးမလေးရဲ့ အပြုံးတုကို
စီးကရက်နဲ့ ဖဲ့ဖဲ့မြည်းရတဲ့အရသာကို
ကိုယ့်အသက်ဓာတ်ထက် ပိုချစ်လာကြ။
ဒီခေတ်ကြီးထဲမှာဆိုရင်
မိုဘိုင်းဂိမ်းကို ပက်ကေ့ခ်ျမလိုဘဲ
ဆော့နိုင်ခဲ့ရင် အကောင်ပဲ။
ကိုယ်ဘူမှန်း လူရှိန်အောင် ချချပြနေရတာကိုက
အနုပညာတရပ်လို ထွန်းကားလာတဲ့အရပ်ထဲ
ကိုယ်ကတော့ ပင်လယ်ယောင်ဆောင်ထားတဲ့သူ။
တိမ်လို လေလို ယဉ်ကျေးမှုတွေကြား
အမှားကို ရှက်တတ်ရင် လူဖြစ်ပြီ။
မတော်တဆများ သစ္စာတရားကိုရှာတွေ့ခဲ့ရင်ပြောပါ
ငွေကြေးရဲ့စေရာနောက်ကို ကောက်ကောက်ပါအောင်
လိုက်သွားကြတဲ့ နှလုံးသားတွေရဲ့အကြောင်း။
ကြာကြာထောင်းမှ ညောင်းမှန်းသိလာမယ့်အတူတူ
ရသမျှကို မငြူစူတော့ပါဘူး။
နွေမှန်းသိအောင် ပူပြင်းပြနိုင်ရမယ်ဆိုရင်
ဘဝမှာ နေဝင်ချိန်တွေကိုပဲ ချစ်ပစ်လိုက်တော့မယ်။
ချစ်သူရေ … …
မင်းကလည်း ဘဝကို အသေသပ်ဆုံးထုဆစ်ချင်သလို
ငါလည်းပဲ ဘဝကို အပြောင်မြောက်ဆုံးခြယ်သချင်တာ
မင်းက ဘဝကို သီချင်းလိုဆိုချင်ခဲ့သလို
ငါကလည်း ဘဝကို ကဗျာလိုဖတ်နေချင်တာပေါ့
ဒါပေမယ့် ကတ္တားမဖြစ်ဘဲ ကံပုဒ်သာဖြစ်ခဲ့သူ
တို့နှစ်ယောက်ကို ဘဝကပဲ ပြန်စီရင်လေရဲ့
မျက်နှာကျက်ပေါ်က မီးတွေမှိတ်ရင်
ငါတို့အိပ်ကြရမှာပဲ မဟုတ်လား
ဖတ်ဖူးသမျှတွေထဲမှာ ဒီကဗျာက
မမြီးအမောက်မတည့်ဆုံး ဖြစ်ကောင်းဖြစ်နေမယ်
စိတ်ဝင်စားစရာ မကောင်းတဲ့အကြောင်းတွေထဲမှာ
ကိုယ့်အကြောင်းက ထိပ်ဆုံးမှာလေ။
လင်းသီ