ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေးတံခါး ဖွင့်ထားသော်လည်း စစ်ရေး ဖိအားကြောင့် ယုံကြည်မှု ပျက်ပြားစပြုနေပြီ

ဇင်လင်း ● ငြိမ်းချမ်းရေးတံခါး ဖွင့်ထားသော်လည်း စစ်ရေး ဖိအားကြောင့် ယုံကြည်မှု ပျက်ပြားစပြုနေပြီ
(မိုးမခ)  မေ ၆၊ ၂၀၁၈ 

လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးအခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး “တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) ”  ကို လက်ခံကာ၊ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင် လာရေးအပေါ် မူတည်နေသည်ကို ယေဘုယျအားဖြင့် တွေ့ရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး NCA စာချုပ်ကို လက်ခံကာ၊  ၂၁ ရာစုပင်လုံ တတိယအကျော့ နိုင်ငံရေးဆွေးနွေးပွဲ များတွင် ပါဝင်ကြရန် နှိုးဆော်နေသည်။ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေး ပွဲစင်မြင့်ကို အသုံးချ၍ မိမိတို့ တိုင်းရင်းသား အခွင့်အရေးများကို ဆွေးနွေးရယူကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။ NCA သည် လမ်းဆုံး မဟုတ် ကြောင်း၊ NCA မှတဆင့် နိုင်ငံရေးဆွေးနွေးပွဲတံခါးကို ဖွင့်လှစ် လိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော် နေသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ဖြစ်ပွားနေသည့် စစ်ရေး တင်းမာမှုနှင့်ပတ်သက်၍ တပ်မ တော်နှင့် ကရင်အမျိုးသား အစည်း အရုံး (KNU)  တပ်မဟာ (၅) တို့ ပြီးခဲ့သည့် ရက်ပိုင်းအထိ အပြန် အလှန် ကန့်ကွက်မှုများ ရှိခဲ့ သည်။ တိုက်ပွဲဖြစ် ပွားမှုနှင့် ပတ် သက်၍ JMC  ယန္တရားမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းနေသော်လည်း ပြေလည်မှု မရသေး ဟု ဆိုသည်။

မကြာသေးမီက ကေအိုင်စီ ကရင်သတင်းဌာနက လက်ရှိအခြေအနေနှင့် NCA သဘောတူညီမှု မည်ကဲ့သို့ ကွာခြားနေပါ သလဲဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အား တွေ့ဆုံ မေးမြန်းခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က “အဲန်စီအေ သဘောတူညီမှုထဲမှာတော့ ကျနော်တို့တွေ ကိုယ့် နေရာနဲ့ ကိုယ်နေကြမယ်။ ယုံကြည်မှုကို တည်ဆောက်ယူကြမယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားကြမယ်။ ဒါက အပြောပဲရှိပါတယ်။ တကယ့်တကယ်က မြန်မာစစ်တပ်က သူတို့လိုချင်တဲ့ အရာကို အခွင့်အရေးကို တိုက်ယူမယ်။ အခွင့်အရေးယူမယ်။ ဒါက အပစ်အခတ်ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ သူတို့ အစီအစဉ်က ရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့် တပ်မဟာ တော်တော်များများ၊ နေရာတော်တော်များများမှာ စမ်းသပ် ထိုးဖောက်ဝင်ကြည့်တယ်။ ခြေလှမ်းတွေလည်း တစ်လှမ်းပြီးတစ်လှမ်း တစ်ခါထဲလှမ်းပါတယ်။ အဲဒါကြောင့် အခု ကျနော် တို့ တပ်မဟာ ၅ မှာဆိုလည်းပဲ စမ်းသပ်မှုတစ်ခုပါပဲ။ စမ်းသပ်ကြည့်မယ်။ ခြေလှမ်းလှမ်းကြည့်မယ်။ ဘယ်လို အဖြေမျိုး ထွက်လာမလဲဆိုတာ နောက်ထပ်ခြေလှမ်းထပ်လှမ်းဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ အဲဒါကြောင့် အခြား နယ်မြေမှာဆိုရင်လည်း ခြေလှမ်း လှမ်းပြီးတော့ စမ်းသပ်မှုတွေလုပ်ကြပါတယ်။ အဲဒါကြောင့် ဒါတွေအားလုံးက စမ်းသပ်မှု တစ်ရပ်ဖြစ်ပြီးတော့ နောက်ဆုံးမှာ ဘာဆက်လုပ်ဆောင်ရမလဲ ဆိုတာက အဲဒီမှာ အဖြေတစ်ခုထဲကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေပါတယ်။” ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)  ၏ (၁၅)  ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့စဉ်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိယ ဥက္ကဋ္ဌ (၁)  စောအိုင်းဇက်ဖိုးက “ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ  ကျွန်တော်တို့ လက်နက်ကိုင်နှစ်ဖွဲ့အကြားသာ တည်ဆောက်တာမဟုတ်ဘဲ ဒေသခံပြည်သူတွေလည်း ပါဝင်နေတယ်ဆိုတာကို သတိပေးဖို့လိုအပ်ပါတယ်၊ ကျွန်တော် တို့ဒေသခံပြည်သူတွေဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာ ကြရတာ ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ် လွှမ်းမိုးနေဆဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လှုပ်ရှားမှုတိုင်းမှာ ပြည်သူ့ဆန္ဒ မပါဝင်ရင် NCA နဲ့ JMC  အကောင်အထည်ဖော်မှုတွေမှာ  ပြည်သူတို့ရဲ့ ရှိပြီးတဲ့ ယုံကြည်မှု တွေပါ  ပျက်ပြားသွားနိုင်ပါတယ်။” ဟု ပြောခဲ့သည်။ ယင်းအချက်မှာ သတိပြုမှတ်သားဖွယ်ဖြစ်သည်။ အထူးသဖြင့် လက်ရှိ NCA နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်ရေးအတွက် ယုံကြည်မှု မပျက်ပြားရန် အရေးကြီးလှသည်။

JMC-U ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကလည်း အောက်ပါအတိုင်း ပြောကြားခဲ့ သည်ကို သတိပြုမိသည်။

“တချို့ JMC-S များအတွင်းမှာ ဆွေးနွေးချက်တွေကို အပြန်အလှန် အလေးအနက် မထားတာတွေ၊ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်တာ တွေကြောင့် မလိုလားအပ်တဲ့ ဖြစ်စဉ်လေးတွေ ဖြစ်နေတာ တွေ့ရပါတယ်၊  လက်ရှိအနေအထား မှာ ယုံကြည်မှုတည်ဆောက်နေတယ်ဆိုတဲ့ စကားလုံးကိုပဲ  သုံးနှုန်းပြောဆိုနေတာကို  တွေ့ရပါတယ်၊  ဒါကြောင့် ယုံကြည်မှု တည်ဆောက်နေတယ်ဆိုတဲ့ စကားလုံးကို ပြန်ကြည့်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုမှုရှိနေဖို့ လိုအပ်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုနှိုင်အောင်လည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှု တွေ၊ လိုအပ်တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုနေမယ် ဆိုရင် ယုံကြည်မှုတည်ဆောက်ပြီးသား ဖြစ်တယ်လို့ယုံကြည်ပါတယ်။” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ စကားအရ ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက် မထားသည့်ကိစ္စကြောင့် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ရသည်ဟု ဆိုသည်။ JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၁)  စောအိုင်းဇက်ဖိုးတို့ နှစ်ဦးစလုံး၏ ပြောကြားချက်များတွင် ယုံကြည်မှုတည်ဆောက်ရေးကိစ္စ၏ အရေးကြီးပုံကို မိမိတို့ ရှုထောင့်အသီးသီးမှ ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့ ၂ ဦး၏ အမြင်သဘောထားမှာ NCA လက်မှတ်ထိုးပြီး သည့် အဖွဲ့အစည်းများအတွင်း မှ အခြေအနေဖြစ်သည်။ လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုလျှင် ပို၍ အခက်အခဲအဟန့်အတားများ ရှိနေဦးမည်ဖြစ်သည်။

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “JMC ရဲ့ အဓိကတာဝန်ဟာ စောင့်ကြည့် ခြင်း၊ အငြင်းပွားမှုနဲ့ ပဋိပက္ခ ဖြေရှင်းခြင်း၊ စိစစ်အတည်ပြုခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ စောင့် ကြည့်ခြင်းလုပ်ငန်းကို  အဓိကလုပ်ဆောင်တယ်လို့ ပြောလို့ရပါတယ်။  ဒါကြောင့် ကျွန်တော်တို့JMC-L(ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)  တွေကို ဖွဲ့စည်းဖို့လိုပါတယ်။ ဒါ့အပြင်  ဒေသအလိုက် အရပ်သားစောင့်ကြည့်မယ့် (LCM)  တွေကိုလည်း ထားရှိ ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလို ပီပီပြင်ပြင် လုပ်ငန်းတွေ ဆောင်ရွက်ပေး နှိုင်ဖို့အတွက်  အလုပ်ရုံဆွေးနွေးပွဲ  ဆောင်ရွက်ပေးတာတွေ၊  လိုအပ်တဲ့ သင်တန်း ဆောင်ရွက်ပေးတာတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။” ဟုဆိုသည်။

“JMC ဟာ လုပ်ငန်းအားလုံးကို ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။ JMC-S မှာလည်း နှစ်ဖက် တပ်မှူးတွေပါဝင်ပြီး အလုပ်ရုံဆွေးနွေးပွဲ တွေ  လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအလိုက် JMCအလုပ်ရုံ ဆွေးနွေး ပွဲ ကျင်းပပြီး အောက်ခြေအဆင့်ထိ သိရှိအောင် ဆောင်ရွက်ပေးဖို့၊ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ JMC အဆင့်ဆင့်မှာ ပါဝင်နေတဲ့ အရပ်သား ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့အတွက် အရပ်သားကိုယ်စားလှယ် တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးတွေကို လေးလတစ်ကြိမ် ဆောင်ရွက်ဖို့ သဘောတူ ညီဆောင်ရွက်ပြီး ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်မှီခိုမှုရှိအောင် ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော့်အနေနဲ့ ညှိနှိုင်းပြောကြားလိုပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၁)  စောအိုင်းဇက်ဖိုးတို့ နှစ်ဦးစလုံး၏ ပြောကြားချက်များအရ ယခုအချိန်အထိ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့သည့်အလျောက် တစ်ဦးအပေါ် တစ်ဦး အထင်မှား အမြင်မှားဖြစ်နေမှု အများအပြားရှိနေခဲ့သည်။ ထိုသို့ နှစ်ပေါင်း ၇၀ မျိုးဆက်အလိုက် အရိုးစွဲနေခဲ့သည့် မယုံသင်္ကာစိတ်များကို ရက်ပိုင်း၊ လပိုင်းလောက်နှင့် ချေဖျက်၍ ရနိုင်မည်ကား မဟုတ်ပေ။ အစိုးရနှင့် တပ်မတော်တို့က ရေရှည်အမြင်ဖြင့် စိတ်ရှည် သည်းခံကာ နားလည်မှုနှင့် ယုံကြည်မှု ရရှိစေရန် ဆောင်ရွက်သင့်သည်။ ငြိမ်းချမ်းရေးကို ရိုးသားစွာ ရယူလိုပါက အင်အားကြီးသူအနေဖြင့် အင်အားနည်းသူကို လက်နက်အားကိုး တန်ခိုးပြမနေသင့်။

ဤအတောအတွင်း တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် မေလမကုန်မီ ကျင်းပနိုင်ရေး ပြင်ဆင်ရန် NCA စာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲ တွင် ညှိနှိုင်းထားသည်ဟု RFA သတင်းအရ သိရသည်။ မေလမကုန်မီ တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကျင်းပနိုင် ရေး ကြိုးပမ်းသွားရန် နှစ်ဖက် အဖွဲ့အကြား နားလည်မှု ရှိထားကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က နေပြည်တော် တွင် အစိုးရနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်ဟု ဆိုသည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)  အကြားရှိ မပြေ လည်မှုများ ဖြေရှင်းနိုင်ရန် ‘နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ’ ကို ဧပြီလ ၂၀ ရက်နေ့နှင့် ‘လုံခြုံရေးကဏ္ဍ ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ’ ကို ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ အလွတ် သဘော ဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည့် UPDJC ၊ JICM၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့်၂၁ ရာစုပင်လုံတို့ကို အထောက်အကူပြုစေရန်ဟု ဆိုသည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်ရှိအချိန်အထိ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပ နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့မဆက်နိုင်ဖြစ်နေပြီး၊ တတိယအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် ရက်အတိအကျ မသတ်မှတ်နိုင်ဘဲ ဖြစ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်၂၁ ရာစုပင်လုံတွင် ဆွေးနွေးမှု မပြီးပြတ်သေးသော အချက်များကိုလည်း ဆက်လက်ဆွေးနွေးရန် သဘောတူထားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ‘လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော တွေ့ဆုံပွဲ’ တွင်လည်း နှစ်ဖက် နားလည်မှုများကို စုစည်း၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ‘DDR/SSR’ ခေါ် ‘လက်နက်ဖြုတ်သိမ်းရေး/တပ်ဖျက် သိမ်းရေး’ ဆိုင်ရာကိစ္စများအပါအ၀င် ‘ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ’ ကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နောက်ထပ် အလွတ်သဘောထပ်မံတွေ့ဆုံရန် သဘောတူခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြောင်း RFA သတင်းက ဖေါ်ပြသည်။

ယခု ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍ တပ်မတော်၏ ထိုးစစ်ဆင်မှုများ အမြန်ဆုံး ရပ်ဆိုင်း ပေးရန်နှင့် စစ်ပြေးဒုက္ခသည်များအား အရေးပေါ်ကူညီပေးရန် ကချင်နိုင်ငံရေးပါတီ ၄ ပါတီဖြင့် ဖွဲ့စည်း ထားသည့် KPMC က သမ္မတ ဦးဝင်းမြင့်ထံ ဧပြီ ၁၈ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ ကချင်ပြည်နယ်အတွင်း အခြေအနေ များသည် နိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာထိခိုက်စေသည့်အပြင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေးကိုလည်း လွန်စွာထိခိုက်စေနိုင်ကြောင်း၊ စာတွင် ဖေါ်ပြထားသည်။

ပြည်တွင်းစစ်၏ အရင်းအမြစ်ပြဿနာများကို စုပေါင်းအဖြေရှာနိုင်ရန် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးသည့် ဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်လာရေးကို စိတ်ရှည်သည်းခံ သဘောထားကြီးစွာဖြင့် ဆက်လက် ကူညီပေးနိုင်ပါရန် စသည်ဖြင့် ဖော်ပြထားသည်။ ထို့အတူ ကချင်နိုင်ငံရေးပါတီများ စုစည်းလျက် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အတိဒုက္ခခံစားနေရသော ပြည်သူလူထု၏ အရေးအရာများကို အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးနိုင်ရေး လမ်းဖွင့်ပေးရန်လည်း ကချင် ၄ ပါတီက တင်ပြထား ကြောင်း သိရသည်။

မကြာသေးမီက ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၅)  အကြား စစ်ရေးတင်းမာမှုကြောင့် တိမ်းရှောင်နေ ရသည့် ရွာသား ၂,၀၀၀ ကျော်သည် ၎င်း တို့၏ မူလကျေးရွာများတွင် ပြန်လည် နေထိုင်နိုင်ခြင်းမရှိသေး ကြောင်း ဖာပွန် ခရိုင်အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ (MEAT)  တာဝန်ရှိသူ ပဒိုမန်းမန်းကပြောသည်။ KNU တာဝန်ရှိသူများ၊ ဒေသတွင်း ကူညီရေးအဖွဲ့များ ပါဝင် ဖွဲ့စည်းထားသည့် MEAT အနေဖြင့် ဧပြီ ၉ ရက်တွင်သတင်းတစ် ရပ်ထုတ်ပြန်ခဲ့ရာ၊  တပ်မတော် နှင့် KNU တို့ ဖာပွန်ဒေသတိုက်ပွဲ ကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ပြည်သူများနှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသူ များကို အကာအကွယ်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းက ဖေါ်ပြခဲ့သည်။

လက်ငင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို လေ့လာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးရရန် ၀ါယမစိုက်ထုတ်နေသော်လည်း၊ အခြားတစ်ဖက်တွင် တပ်မတော်က စစ်ရေးဖိအား မြှင့်တင်နေသည်ကို မြင်နေရသည်။ စစ်ရှိန်မြင့်တက်နေရသည့် အကြောင်းမှာ အစိုးရနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ကွဲလွဲနေခြင်း ကြောင့်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ဆယ်စုနှစ် ၇ ခုကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေးသည် EAOs အဖွဲ့အားလုံး NCA ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာရေးအပေါ် တည်နေသည်ဟု အစိုးရနှင့် တပ်မတော်တို့က ပြောဆိုခဲ့ဖူးသည်။ သို့သော် တွေ့ဆုံဆွေးနွေးရေး dialogue နည်းဖြင့် အဖြေရှာရမည့်အစား၊ စစ်ရေးဖိအားပေးသည့်နည်းဖြင့် အဖြေရှာနေသည်ကို ပြည်သူအများက သံသယဖြစ် နေကြသည်။ စစ်ရှိန်မြှင့်နေသမျှ ပြည်သူလူထု၏ သံသယများ မြင့်တက်လာနေမည်သာဖြစ်သည်။ သံသယစိတ် မြင့်တက်နေပါက၊  ယုံကြည်မှု တည်ဆောက်၍ မရနိုင်ပေ။ ယခုတစ်ကြိမ် ယုံကြည်မှု ပျက်ပြားသွားပါက၊ ငြိမ်းချမ်းရေးတံခါး တစ်ကျော့ပြန်ပိတ်သွားမည့် အရေးကို တပ်မတော်နှင့် အစိုးရတို့အနေဖြင့် လေးနက်စွာ စဉ်းစားနိုင်ကြပါစေကုန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts