သားကြီးမောင်ဇေယျ သူတို့အာဘော်

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

(မိုးမခ) မေ ၃၊ ၂၀၁၈
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့(၁/၅/၁၈) မနက် ၉ နာရီခွဲက ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကိုရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော ဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ကိုဝဏ္ဏ ခွာညိုရဲ သတင်းကို DVB newsroom ကွန်ယက်မှာ ဖတ်လိုက်ရတော့ သြော် . . သူတို့ကိုယ်တိုင် လာကြည့်ကြပြီကိုး လို့ စိတ်ထဲမှာဖြစ်ပေါ်မိပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ မြန်မာပြည်ရဲ့ ပုံရိပ်ကို အတော်ထိခိုက်ခဲ့တယ်လို့ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေက မကြာခဏ မှတ်ချက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ သွေးနုသားနု အချိန်မှာ ခုလို အဖြစ်မျိုးဖြစ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ တုန့်ဆိုင်းသွားခဲ့ရပါတယ်။

ဒီအရေးကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားရှာသူတွေက လက်ခမောင်းခတ် ကြပေမယ့် ပြည်သူတွေကတော့ မြေဇာပင်ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေကြားမှာ စိုးရိမ်ထိန်လန့်မှုတွေ၊ ကြေကွဲမှုတွေ၊ တပွေ့တပိုက်နဲ့ အိုးအိမ်စွန်ခွာသူများအဖြစ်ကိုရောက်ခဲ့ရပါတယ်။

ပညာသင်ယူခွင့် နည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေးမကောင်းမှု၊ အုပ်ချုပ်ရေးညံဖျင်းမှုစတာတွေကြောင့် လူမှုအဆောက်အဦ ဖွံဖြိုးနိမ့်ကျကာ လူမျိုးရေး ဘားသာရေး ပဋိပက္ခ တွေကို ဦးတည်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့သတင်းသမားတွေလည်း ပဋိပက္ခ ပိုမို မကြီးထွားစေရေးအတွက် သတင်းအသုံးအနှုံးတွေကို သတိထားသုံးနှုံးကြရပါတယ်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးနဲ့ပါတ်သက်ပြီး အဆိုးမြင်စေတဲ့ အသုံးအနှုံးတွေကို မသုံးမိဖို့ အလွန်သတိထားကြရပါတယ်။

ဥပမာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားများ၊ မွတ်စလင် အကြမ်းဖက်သမားများ၊ ဘင်္ဂလီ အကြမ်းဖက်သမားများ၊ ဗုဒ္ဓဘာသာ အစွန်းရောက်များ၊ မွတ်စလင် အစွန်းရောက်များ၊ ဘင်္ဂလီ အစွန်းရောက်များ၊ စတဲ့ လူမျိုးရေးဘာသာရေး ကို အခြေခံတဲ့ အသုံးအနှုံးတွေကို ရှောင်ရှားကြရပါတယ်။

အောက်ပါသတင်းခေါင်းစဉ်တွေဟာ လူမျိုရေးဘာသာရေး ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျွန်တော်တို့ သင်္ခဏ်းစာကောင်းကောင်းရခဲ့ပြီးဖြစ်ပါတယ်။

သံတွဲမြို့မှ ရန်ကုန်သို့မောင်းနှင်လာသော ရိုးမသစ္စာခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦးအသတ်ခံရ (မြန်မာ့အလင်း၊ ကြေးမုံ)

မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် ဗုဒ္ဒဘာသာဝင်ရွာသားများက ရိုဟင်ဂျာနေအိမ်များအားမီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်ခဲ့ကြသည်။ (ရိုက်တာ)

ဒါပေမယ့် မနေ့ ( ၃၀/၄/၁၈) က ထုတ်တဲ့ ပြန်ကြားရေးကြေငြာချက်မှာတော့ အသုံးအနှုံးတွေဟာ ဘက်မျှတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်သတင်းရေးသားလိုတဲ့ သတင်းသမားတွေ စံပြုရမယ့်အရေးအသားတွေကိုတွေ့ရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာဘက်မှ စိစစ်ပြီးသူများအား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာ ပြန်လည် လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ် ဘက်မှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ သဘောတူထားသည့် ပုံစံမှန်များကို ဖြည့်စွက်၍ ဆောလျင်စွာ ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ထိခိုက်ခံ အသိုက်အဝန်းများ အားလုံးကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိမှု၊ အသိုက်အဝန်းများ အကြား ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး လိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NVC) များထုတ် ပေးသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်သူများ ပြဿနာ၊ အကြမ်းဖက်မှု အချိန်မရွေး ပြန်လည် ဖြစ်ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်း ဇစ်မြစ်ကို ရှာဖွေဖြေရှင်းရန် လိုအပ်မှု၊ အမုန်းတရား ပြန့်ပွားစေသည့် ပြောကြားမှုများ ကာကွယ် တားဆီးရေးကိစ္စ၊ အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေး ကိစ္စတို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဒီသတင်းရေးသားမှုမှာ

လူမျိုးရေး ဘာသာရေး ပဋိပက္ခ လို့မသုံးပဲ ရခိုင်ပြည်နယ်အရေး လို့ သုံးထားတာ

ဒုက္ခသည်များ ဟု မသုံးပဲ နေရပ်စွန့်ခွာသူများ လို့သုံးထားတာ

လူမျိုး ဘာသာ နာမည်ကိုမသုံးပဲ ထိခိုက်ခံ အသိုက်အ၀န်း လို့ သုံးထားတာ တွေဟာ ဘက်လိုက်မှုကင်းတဲ့ အသုံးအနှုံးတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုဦးတည်တဲ့ သတင်းရေးရာမှာ စကားလုံးတွေရွေးချယ်ဖို့၊ လိုတဲ့ အခါသုံးဖို့ ကနေဒါ သတင်းစာဆရာ Lynch နဲ့ နော်ဝေ ငြိမ်းချမ်းရေးသတင်းစာ ပညာရှင် McGoldrick (၂၀၀၅) တို့ရဲ့ အကြံပြုချက်တွေကလည်း စိတ်ဝင်စားစရာပါ။ သူ့တို့ရဲ့ အကြံပြုချက်တွေကတော့

ရက်စက်သော၊ လူမဆန်သော၊ ရက်စက်ကြမ်းကြူတ်သော၊ ရိုင်းစိုင်းသော၊ တို့လို နာမ၀ိသေသန တွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီစကားလုံးတွေဟာ သတင်းသမားကို အုပ်စုတစ်ခုခုဖက်ကနေ ဘက်လိုက်တယ်လို့ အမြင်ခ့ရတဲ့၊ အနေထားမျိုးကိုရောက်စေပါတယ်။ အဲဒီလို သုံးမယ့်အစား သင့်လက်ထဲမှာ ရှိတဲ့ အချက်အလက်တွေကိုပေးပြီး ပရိသတ်အနေနဲ့ သူတို့ဖာသာသူတို့ကောက်ချက်ချပါစေ။

အကြမ်းဖက်သမား၊ အစွန်းရောက်သူ၊ တစ်ယူသန် လိုမျိုး တံဆိပ်တွေကို ရှောင်ရှားပါ။ ဒီလိုဝေါဟာရတွေသုံးခြင်းက သတင်းသမားကို အုပ်စုတစ်ဖက်မှာ ပါစေပြီး ဘက်လိုက်မှုကိုပြပါတယ်။ အဲဒီဝေါဟာရတွေအားလုံးက ရည်ညွှန်းခံရသူတွေဟာ ဆင်ခြင်တုံတရားရှိသူတွေ မဟုတ်ကြောင်းနဲ့ သူတို့ရဲ့အမြင်တွေဟာလည်း အစွန်အဖျားလူနည်းစုရဲ့အမြင် တွေပဲဖြစ်တယ်ဆိုတာကိုပြနေပါတယ်။ အဲဒီလို အမြဲတမ်းဖြစ်နေတာ မကောင်းပါဘူး။

ယူကျုံးမရသော၊ အကာအကွယ်မဲ့သော၊ သနားစရာ တိုလို ထိခိုက်နစ်နာစေတဲ့ ဝေါဟာရတွေကို ရှောင်ပါ။ ဒီလို အသုံးအနှုံးတွေက လူတွေက အင်အားမဲ့စေနိုင်ပါတယ်။ လူတွေဟာ ဘာလုပ်ခံရတယ်ဆိုတာကိုသာ အာရုံမစိုက်ပါနဲ့။ လူတွေဘယ်လိုရင်ဆိုင်နေတယ် ဆိုတာကိုလည်းပြပါ။

ပြောဆိုချက်တွေကို ဘယ်သူတွေကပြောတယ်ဆိုတာကို ဖေါ်ပြပုံကလည်း သတင်းသမားတွေရဲ့ ဘက်လိုက်မှုနဲ့ အခြားအုပ်စုတွေအပေါ်ခွဲခြားဆက်ဆံမှုကိုပေါ်လွင်စေတဲ့ နောက်တနည်းဖြစ်ပါတယ်။ အောက်ပါ ဥပမာတခုစီက ကိုးကားစကားနဲ့ ပါတ်သက်ပြီး ဘယ်သူကပြောတယ်ဆိုတာကို ခင်ဗျားတို့ဖေါ်ပြကြမယ့်နမူနာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးက သူဒါမှမဟုတ် သူမ ပြောတာနဲ့ ပတ်သက်ပြီးအမျိုးမျိုးဖေါ်ပြနေပါတယ်။

ဦးကကြီးက ၀န်ခံခဲ့ပါတယ်။

ဦးခကွေးက ဖြောင့်ချက်ပေးခဲ့ပါတယ်။

ဦးဂငယ်က စွပ်စွဲခဲ့ပါတယ်။

ဒေါ်ဘီက စွပ်စွဲခဲ့ပါတယ်။

ဦးကေက ထုတ်ဖေါ်ပြောကြားပါတယ်။

ဖြစ်ရပ်အားလုံးမှာ (ပြောတယ်) (said) ဆိုတဲ့ စကားလုံးဟာ စကားပြောတဲ့ လုပ်ရပ်ကို ကြားနေပြီး မျှတတဲ့ဖေါ်ပြမှုလို့ ရှု့မြင်ခြင်းခံရနိုင်ပါတယ်။ သူတို့ဘယ်လိုပြောတယ်ဆိုတာကို အလွန်အမင်းသရုပ်ဖေါ်တဲ့ စကားလုံးတွေသုံးတာထက် ပြောသူရဲ့စကားလုံးတွေက သရုပ်ဖေါ်စေတာက ပိုကောင်းပါတယ်။ အသေးစိတ်အမြင်တွေ ပေးဖို့လိုအပ်ရင် အဲဒီပုဂ္ဂိုလ် စကားပြောနေစဉ် သူရဲ့ပြုမူပုံကို သရုပ်ဖေါ်တာက ပိုကောင်းပါလိမ်မယ် လိုဆိုပါတယ်။

တနည်းအားဖြင့် အမုန်းစကားတွေ၊ နှိမ်ချတဲ့အသုံးအနှုံးတွေ၊ ထိခိုက်နစ်နာစေတဲ့ အသုံးအနှုံးတွေ၊ ရှောင်ရှားပါ။ ကြားနေ မျှတတဲ့ အသုံးအနူံးကို ကိုသုံးပ့ါ လို့ အကြံပြုထားတာတွေ့ရပါတယ်။

ငြိမ်းချမ်းရေး သတင်းပညာမှာ ပဋိပက္ခ သတင်းရေးတဲ့အခါ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သတင်းရေးတဲ့အခါ အသုံးအနှုန်းတွေကို သတိထားရွေချယ်ရုံနဲ့ မလုံလောက်သေးပါဘူး။ ငြိမ်းချမ်းရေးဖေါ်ဆောင်နေသူတွေရဲ့ ရုပ်ပုံလွှာတွေကိုရေးသားခြင်း၊ မတူညီတဲ့အဖွဲ့အစည်းတွေကို ပူးတွဲ အင်တာဗျူး(တွေ့ဆုံမေးမြန်းခြင်း) တွေ လုပ်ခြင်း၊ မတူညီတဲ့ အုပ်စုတွေကြား တူညီတဲ့မေးခွန်းတွေမေးမြန်ခြင်း၊

မတူညီတဲ့ အဖွဲအစည်းတွေကြား အပြန်အလှန် နားလည်အောင် ရှင်းပြဆောင်ရွက်ပေးခြင်း၊

မငြိမ်းချမ်းမှုရဲ့ ဒဏ်ကိုခံရသူများကို တွေ့ဆုံမေးမြန်းခြင်း၊ တနည်းအားဖြင့် မငြိမ်းချမ်းမှုနဲ့ သက်ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်းတာဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သတင်းများ ရေးသားတင်ဆက်ဖို့ များစွာ အထောက်အကူပြုပါတယ်။

ပြည်တွင်းပြည်ပ သတင်းသမားတွေအားလုံး ဟာ ငြိမ်းချမ်းရေးသတင်းပညာကို အခြေခံရေးသားကြမယ်ဆိုရင် လူနာ မျက်ဖြူစိုက်မှ စိတ်ကြိုက်တွေ့မယ့် ကိုယ်ကျိုးရှာသမားတွေရဲ့ ထောင်ခြောက်ကရှောင်ရှားနိုင်မှာပါ။

ဒါ့အပြင် အခုလို မြန်မာပြည်ပုံရိပ်လည်း ကျစရာအကြောင်းမရှိ၊ ကုလသမဂ္ဂနဲ့ သံတမန်တွေလည်း အပင်ပမ်းခံစရာမလိုတော့ပါ။

သားကြီးမောင်ဇေယျ

( ၁/ ၅/ ၁၈ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts