ရသဆောင်းပါးစုံ သာထက်အောင်

သာထက်အောင် ● ရွှေခွက်ကို မြေခွက်လို့ထင်ရဲတဲ့သူ

သာထက်အောင် ● ရွှေခွက်ကို မြေခွက်လို့ထင်ရဲတဲ့သူ
(မိုးမခ) မေ ၁၊ ၂ဝ၁၈

လူမျိုးတိုင်းမှာ ထင်ရှားတဲ့ ယေဘုယျသဘောဆောင်တဲ့၊ ကောင်းတဲ့အရည်အချင်း ညံ့တဲ့အရည်အချင်းတွေ ရှိတတ်ကြပါ တယ်။ ဥပမာ – ဂျပန်လူမျိုးဆိုရင် အလုပ်အလွန်ကြိုးစားတယ်ဆိုတဲ့ အရည်အချင်းက အသိအမှတ်မပြုချင်လို့ မရပါဘူး။ ပျင်းတဲ့ ဂျပန်ကော မရှိနိုင်ဘူးလား။ ဒါ ယေဘုယျသဘောကို ပြောတာပါ။ တရုတ်လူမျိုးဆိုရင် လောဘကြီးတယ်၊ အတ္တများ တယ်လို့ မြင်တတ်ကြပါတယ်။ လောဘမကြီးတဲ့ အတ္တနည်းတဲ့ တရုတ်တွေလည်း ရှိနိုင်ပါတယ်။ ထို့အတူပါပဲ  အော်ဇီတွေအပျော်အပါးမက်မောတယ်လို့ နာမည်ကြီးပါတယ်။ အပျော်အပါးသိပ်မမက်တဲ့ အော်ဇီတွေလည်း တွေ့ဖူးပါတယ်။ ကျွန် တော်တို့ ရွှေမြန်မာတွေကိုလည်း အလုပ်လုပ်ရာမှာ နှေးကွေးတယ်၊ ပျင်းတယ်လို့ မြန်မာပြည်မှာနေသွားဖူးတဲ့ scott ရွှေရိုးတို့ ကအစ ရေးခဲ့ဖူးပါတယ်။ ဒါယေဘုယျသဘောကိုး။ မပျင်းတဲ့မြန်မာ အလုပ်လုပ်ရာမှာ မြန်ဆန်တဲ့မြန်မာတွေလည်း ရှိတာပါ ပဲ။  နိင်ငံတနိုင်ငံရဲ့ တည်နေရာ၊ ရာသီဥတု၊ အကျယ်အဝန်း၊ လူဦးရေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာ၊ နိုင်ငံရေး၊ အုပ် ချုပ်ရေး စတာတွေက လူမျိုးရဲ့စရိုက်၊ လူမျိုးရဲ့အရည်အချင်းကို ပြဌာန်းတော့တာပါပဲ။ ဥပမာတခုလွယ်လွယ်ပြရရင် သြစတေ လျရဲ့ဆောင်းတွင်းမှာ ရွှေမြန်မာတွေ အနွေးထည်အထပ်ထပ် စောင်အထပ်ထပ်နဲ့နေတဲ့အချိန်မှာ ဆောင်းမှာ သုံညအောက် ၁ဝ ဒီကရီလောက်မှာနေခဲ့ရတဲ့  ဥရောပသားတွေက တီရှပ်လေးနဲ့။ ဆိုလိုချင်တာက သြစတေလျဆောင်း အေးတယ်၊ မ အေးဆိုတာ မင်းဘယ်ကလာခဲ့သလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ရေးရင်းနဲ့ ကိုယ့်ရွှေမြန်မာတွေရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဝိသေ သလေးတွေကိုလည်း ရေးပြချင်ပါသေးတယ်။ ကိုယ့်ပေါင်ကိုယ်ထောင်းတာမို့ ဖွဖွလေးပဲထောင်းပါ့မယ်။ သိသာမြင်သာတဲ့ကျွန်တော်တို့ရဲ့အားနည်းချက်က (၁) အချိန်မလေးစားဘူး၊ (၂) စည်းကမ်းမရှိဘူး။ ဒါတွေ ဘာ့ကြေင့်ဖြစ်လာသလဲ၊ အရင်း အမြစ်ကိုလိုက်ရမယ်၊ မရရအောင်ပြင်ရမယ်၊ (ဒီနေရာ သေးမပေါက်ရ) ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားရုံနဲ့ ဒီကိစ္စပြေလည်မ သွားနိုင်ဘူး။ အများပြည်သူသုံးအိမ်သာ အလုံအလောက်ထားမပေးနိုင်သေးသရွေ့ (အန္တရာယ်လွယ်မထားနိုင်တော့) တွေ့ တဲ့နေရာ ပန်းနေဦးမှာပါပဲ။ ထားပါတော့။ ဒီနေရာမှာမမှားတန်ဘူးထင်လို့ တခုရေးပြပါရစေ၊ ကျွန်တော်တို့ ရွှေမြန်မာတွေ အကာကို အနှစ်ထင် ပကာသနကို အတော်မင်တတ်ကြပါတယ်။ လူအထင်ကြီးခံရအောင် ဟန်ရေး ဝါရေးပြရမှာ အလွန် ဝါသနာပါတတ်ကြပါတယ်။ အလှူအတန်းပြုတဲ့ ကုသိုလ်အမှုမှာတောင် ဓါတ်ပုံလေးရိုက် ဖေ့စ်ဘုတ်ပေါ်တင်ပြီး ကြွားရမှ နေသာထိုင်သာရှိတတ်တဲ့ လူမျိုးကိုး။ ရွှေပြည်ကြီးကပေးတဲ့ဘွဲ့ ဘယ်မှာမှသုံးစားမရပေမယ့် ဘွဲ့တက်ယူတဲ့အခါများမှာ တော့ တယ်လည်းပုံကြီးချဲ့ကြသကိုး။ ရီဟာဇယ်ကတမျိုး ပွဲကြီးနေ့ကျတပုံ စုံနေတာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန် တော့်သမီးဘွဲ့တက်ယူတာ ကြုံဖူးပါတယ်။ ဘာပကာသနမှ မပါပါဘူး။ အင်မတန်ရိုးစင်းပါတယ်။ ထားပါတော့။

အဲ.. ဒီထက်စိတ်ဆင်းရဲဖို့ကောင်းတာက ကျွန်တော်တို့ ရွှေမြန်မာတွေ နှစ်ပေါင်းများစွာ အရိုစွဲလာတဲ့ အကျင့်ဆိုးတခုကတော့ ရာထူး၊ နေရာ၊ ပါဝါ အာဏာ ရာဇပလ္လင် အင်မတန်ခုံမင်တဲ့ အကျင့်ဆိုးကြီးပါပဲ။ ဒီအကျင့်ဆိုးကြီးကလည်း မွေးရာပါ ချက်ကြိုး နဲ့ အတူတွဲပါလာတာတော့ မဟုတ်ပါဘူး။ အကြောင်းပေါင်းများစွာအပေါ် အခြေခံပြီးမှ ရလာတဲ့ အကျိုးပါ။ ပဒေသရာဇ်အစ ကိုလိုနီသူ့ကျွန်အလယ် စစ်အာဏာရှင်အဆုံး အားလုံးဟာ အအုပ်ချုပ်ခံ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့ကြတာချည်းပါ ပဲ။ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့် ဝေဖန်ခွင့် ဘယ်တုန်းကမှ မရခဲ့ပဲ အုပ်ချုပ်သူ အာဏာပိုင်ဆိုသူများကို ကြောက်ရွံ့ ရိုကျိုးခဲ့ရပြီး ပုန်စားခြားနားတယ်လို့ အထင်ခံရရင်တော့ ဒုက္ခလှလှကြီး ရောက်ကြရတာ အစဉ်အလာပါ။

ဒီတော့  ဘဝပေးအသိနဲ့ အာဏာပိုင်များနဲ့ပလူးနိုင်ရင် အနေအစားခြောင်မယ်၊ တဖက်ကအာဏာရှင်များကလည်း တော်တာ တတ်တာမလိုချင်၊ သူ့ကို သစ္စာခံမယ့်သူကိုပဲ သူကောင်းပြုလေ့ရှိတော့ မင်းနားကပ်ခွင့် ကပ်ဖား ရပ်ဖား လုပ်ခွင့်ကိုပဲ ငံ့လင့် လာကြပါတော့တယ်။ ဒီလိုနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်လာတော့ အာဏာရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ အတွေး အမြင်မျိုးက ခေါင်းထဲမသိမသာဝင်လာပြီး အာဏာကို မက်မောသာယာလာတတ်ကြပါတယ်။ လက်တွေ့ဘဝမှာလည်း အာဏာသာရလို့ကတော့ တဆွေလုံးတမျိုးလုံး ကြီးပွား သြဇာတွေထွားကြလေတော့ ဘာမဟုတ်တဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥက္ကဌဆိုတဲ့ရာထူးအတွက်နဲ့ တုတ်တပြက် ဓါးတပြက်ဖြစ်ကြတာ ကြားဖူး တွေ့ဖူးပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေး အုပ်ချုပ်ရေးသမိုင်းမှာ ဘယ်ဝန်ကြီး ဝန်ကလေး သမ္မတ ဝန်ကြီးချုပ်မှ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက် သွား တယ်။ သူ့တာဝန်မကင်းဘူးထင်လို့ ရာထူးကဆင်းပေးတယ်ဆိုတဲ့ အစဉ်အလာမရှိခဲ့ပါဘူး။ ကိုယ့်ရာထူးနေရာလေး ပွန်းမှာပဲ့ မှာစိုးလို့ ဟိုလူ့ မျက်နှာချိုသွေးလိုက် ဒီလူ့ ဖော်လံဖားလိုက်နဲ့၊ မှန်လည်း မပြောရဲ၊ မှားလည်း မပြောရဲ၊ ကုတ်နဲ့ ကော်ထုတ် လည်း မဆင်း၊ ဆဲလည်းမကြား၊ ပြောလည်း မနာ၊ ပေကပ်ပြီး အာဏာငတ်ကြီးကျတွေ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ မမြင် ချင်အဆုံးပါ။ တချို့ဆို အသက် ၆ဝ ကျော်လို့ ပင်စင်သွားရမှာကို မျက်နှာပြောင်တိုက်ပြီး အတင်းကြီးတွယ်ကပ်နေသူတွေ တောင်ရှိပါတယ်။ လွတ်လပ်ရေးရပြီး သမ္မတအဆက်သာပြောင်းခဲ့တယ်၊ ဘယ်သမ္မတမှ သူ့သဘောနဲ့သူ သက်တမ်းမစေ့ ခင် နုတ်ထွက်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ အရေးအခင်းကာလကဖြစ်ခဲ့တဲ့ စိန်လွင်တို့၊ ဒေါက်တာမောင်မောင်တို့ကတော့စာရင်းထဲတောင် ထည့်မတွက်သင့်ပါဘူး။

အဲသလို ရေခံမြေခံပေါ်မှာ အာဏာဆိုရင် အစိမ်းရရအကျက်ရရ ငမ်းငမ်းတက်တက် တိုင်းပြည်မျိုးမှာ သက်တမ်းတဝက် မကျိုးခင် ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်သွားသူတယောက်ကိုတော့ အံ့သြစွာတွေ့လိုက်ရဖူးပါတယ်။ သူကတော့ ဦးထင် ကျော်ပါ။

ဦးထင်ကျော်ကို ကျွန်တော်မသိပါ။ ဆရာကြီးမင်းသုဝဏ်ရဲ့သား ဒေါ်စုနဲ့နီးစပ်သူ၊ ဒါလောက်ပဲ သိပါတယ်။ သူဘယ်လောက် စွမ်းလို့ ဘယ်လောက်ပြောင်မြောက်တဲ့အရာတွေလုပ်ခဲ့သလဲဆိုတာလည်း ကျွန်တော်မသိပါ။ ကျန်းမာရေးသိပ်မကောင်းဘူး ဆိုတာတော့ ကြားပါတယ်။ လစာကောင်းကောင်း အဆောင်အယောင်အပြည့်နဲ့ တိုင်းပြည်ရဲ့ အကြီးဆုံးရာထူးယူထားတဲ့ သမ္မတကြီးတယောက် ဆိုင်းမဆင့် ဗုံမဆင့် နုတ်ထွက်သွားတယ်ဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ကျန်းမာရေး ကြောင့် မဟုတ်ဘူးလို့ (သူ့ဇနီးအပြောအရ) သိရပါတယ်။ ဒါဖြင့် ဘာ့ကြောင့်လဲ  တစုံတယောက်ရဲ့ ဖိအားကြောင့်လား၊ မ ထွက်မဖြစ် ဘေးကြပ်နံကြပ် အခြေအနေကြောင့်များလား၊ ဒီရာထူး ဒီနေရာမှာ နေရတာမပျော်တော့လို့လား၊ ရုပ်သေးသမ္မတ ရုပ်ပြသမ္မတဆိုတဲ့ ခနိုးခနဲ့စကားတွေကို စိတ်ပျက်လို့လား၊ သမ္မတယောက် ရှိသင့်တဲ့အခွင့်အာဏာ လုပ်ပိုင်ခွင့်တွေမရခဲ့လို့များလား၊ ပြည်သူတွေရဲ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မစွမ်းဆောင်နိုင်ဘူးထင်လို့ စိတ်ကျရောဂါများ ရသွားလေသလား၊ အရှုပ်ထဲမှာ ရှင်းအောင်နေချင်တဲ့ဆန္ဒကြောင့်များလား။

ဘာပဲဖြစ်ဖြစ်  ဇီးရွက်လောက်ရာထူးနေရာလေးအတွက်တောင် ပုံပျက်ပန်းပျက် အလုအယက်ဖြစ်တတ်တဲ့နိုင်ငံမျိုး၊ အာဏာ နေရာလက်မလွတ်ရေးဆို ဘာပဲလုပ်ရလုပ်ရ လုပ်ဝံ့တဲ့သူတွေရှိတဲ့နိုင်ငံမျိုး၊ ဘယ်သမ္မတ ဘယ်ဝန်ကြီးချုပ်မှ ကိုယ့်သဘော နဲ့ကိုယ်ဆုံးဖြတ်ပြီး နုတ်ထွက်တတ်တဲ့အစဉ်အလာမရှိတဲ့နိုင်ငံမျိုးမှာ တသိန်းတယောက် တသန်းတယောက်ရှိနိုင်ခဲတဲ့ ဦး ထင်ကျော်ရဲ့ထွက်ရဲတဲ့သတ္တိကိုတော့ ကျွန်တော် မရိုသေမလေးစားပဲ မနေနိုင်ပါဘူး။ ဝန်ကြီးရာထူး သမ္မတရာထူးနဲ့ တိုင်း ပြည် ကို ချစ်ပြချင်သူတွေပေါလှတဲ့ ရွှေပြည်ကြီးမှာ ကိုယ့်ဆုံးဖြတ်ချက်တခုတည်းနဲ့ အာဏာမမက် ပကာသနမဖက် ရဲရဲကြီး နုတ်ထွက်ခဲ့တာဆိုရင်တော့ ဦးထင်ကျော်ဟာ ရှာမှရှားတဲ့သူ၊ ရွှေခွက်ကို မြေခွက်လို့ ထင်ရဲတဲ့သူလို့ပဲ ဆိုချင်ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts