သတင်းဆောင်းပါး

ဆွေဝင်း (Myanmar Now) ● သူရဲကောင်းဖြစ်လာသည့် ဒုရဲမှူးမိုးရန်နိုင်၏ အနာဂတ်

ဆွေဝင်း (Myanmar Now) ● သူရဲကောင်းဖြစ်လာသည့် ဒုရဲမှူးမိုးရန်နိုင်၏ အနာဂတ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၈

အချိန်အားဖြင့် ၂ဝ၁၇၊ နိုဝင်ဘာ ၂၂ ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် ရန်ကုန်မြို့၏ မြောက်ဖက်ယွန်းယွန်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာရှိ ရဲတပ်ရင်း (၈) တွင် အသက် ၄၈ နှစ်အရွယ်၊  အရပ်ခပ်ပုပု မျက်နှာထား တင်းမာသည့် အသွင်အပြင်ရှိ ဒုရဲမှူးမိုးရန်နိုင်က တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဤစခန်းတွင် သူသည် ၂ဝ၁၇ ဇွန်လမှစ၍ တပ်ခွဲမှူးတာဝန်ယူထားရသူဖြစ်သည်။ သို့သော် ထိုတာဝန်ကို ကြာကြာမထမ်း ဆောင်လိုက်ရ။  နောက်တစ်လအကြာ ဇူလိုင်လတွင် ရဲဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများစု မသွားလိုသည့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများတွင် တာဝန်ထမ်းဆောင်ရန် အမိန့်ကျရောက် လာသည်။

သူတစ်ဦးတည်းမဟုတ်။ သူ့ကဲ့သို့ ရန်ကုန်တိုင်းမှ အတွေ့အကြုံရှိ လုပ်သက်ရင့် ရဲအရာရှိနှင့် အခြားအဆင့်များထံသို့လည်း အလားတူအမိန့်ကျလာခြင်းဖြစ်သည်။  အများစုမှာ မပြောင်းရွှေ့ချင်ကြ။  အသက်အန္တရာယ်အမျိုးမျိုးရင်ဆိုင်ရနိုင်ရုံမက မိသားစုနှင့်တကွဲတပြားဖြစ်သွားစဉ် နည်းပါးသောလစာငွေကို စားအိုးခွဲသုံးစွဲရသောကြောင့် ငွေကြေးအခက်အခဲ ပိုမိုဖြစ်ပေါ် စေသည်။ ကျန်ရစ်ခဲ့ရသောမိသားစုများ ရဲတပ်ရင်း၊ ရဲစခန်းလိုင်းခန်းများတွင် ဆက်နေခွင့်ရမလား၊ ပြင်ပတွင်အိမ်ငှားရ တော့မလား စသဖြင့်  သောကရောက်ကြသည်။ ရဲဝန်ထမ်းတချို့က အလုပ်ထွက်ဖို့ပင် မိသားစုဝင်များနှင့် တိုင်ပင်ခဲ့ကြသည်။ 

 

ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင် တရားလိုသက်သေဖြစ်သော ဒုရဲမှူးမိုးရန်နိုင်က ၎င်းသတင်းထောက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကွက်ဆင်ထောင်ထောင်ဖမ်းခဲ့ကြောင်း 
ဧပြီ ၁၁ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။ (ဓာတ်ပုံ – ရိုက်တာ)

ထိုအခြေအနေတွင် ဇနီးဖြစ်သူမတူးတူး၊ ဆယ်ကျော်သက်အရွယ် သားတစ်ဦး၊ သမီးနှစ်ဦးတို့ကို နေပြည်တော်ရှိ ရဲတပ်ရင်း လိုင်းခန်းတွင်ထားရစ်ကာ ဒုရဲမှူးမိုးရန်နိုင် မောင်တောမြို့သို့ ၂ဝ၁၇ ဇူလိုင်လဆန်းတွင် သွားရောက်ခဲ့ရသည်။

သူတာဝန်ကျသည့်နေရာမှာ စစ်တွေမြို့၏ မြောက်ဖက် မိုင် ၃ဝ ခန့်ရှိ မေယုတောင်တန်းနှင့် ဘင်္ဂလားပင်အော်ကြားရှိ မောင်တောမြို့ ရှေ့တန်း အင်းဒင်နယ်မြေကင်းစခန်းတွင်ဖြစ်ပြီး လှုပ်ရှားတပ်စုခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရ သည်။

ထိုကဲ့သို့တာဝန်ထမ်းဆောင်နေစဉ် ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟုခေါ်ပြီး အာဏာပိုင်များက ဘင်္ဂါလီဟုခေါ်သည့် မွတ်စ လင်လက်နက်ကိုင်များက မောင်တောရှိ အစိုးရကင်းစခန်းများကို ဒုတိယအကြိမ် စီးနင်းဝင်တိုက်ခဲ့သည်။  သြဂုတ် ၂၅ ရက် နေ့တွင် ဖြစ်သည်။

ထိုတိုက်ခိုက်မှုများဖြစ်ပွားပြီး လေးလအကြာ နိုဝင်ဘာလတွင် သူသည် ရန်ကုန်ရှိမိခင်တပ်ရင်းဖြစ်သော ပျဉ်းမပင် ရဲတပ်ရင်း (၈) သို့ ပြန်လည်ရောက်ရှိလာသည်။  သူနှင့်အတူ မောင်တောသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသူများလည်း မွမ်းမံသင် တန်းတစ်ခုတက်ရန် ရန်ကုန်သို့ ခေတ္တပြန်ခွင့်ရခဲ့ကြသည်။

အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲသည် ရန်ကုန်မြို့တွင် လူစုလူဝေးများဖြစ်ပေါ်လာလျှင် အဓိကရုဏ်းနှိမ်နှင်းရေးတာဝန်၊ လူသူ စည်ကားသောပွဲများ၊ အခမ်းအနားများတွင် လုံခြုံရေးတာဝန်ယူရသော တပ်ခွဲတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်လုံခြုံရေး၊ ရွှေတိဂုံဘုရားလုံခြုံရေး၊  ရန်ကုန်၏ အချက်အချာကျသော အခြားနေရာများတွင် လုံခြုံရေး တာဝန်ယူရသည်။

မောင်တောတွင် ၄ လတိတိ တာဝန်ထမ်းဆောင်နေစဉ် သေကံမရောက် သက်မပျောက်ခဲ့သော်လည်း ဒုရဲမှူးမိုးရန်နိုင် ဘဝတစ်ခုလုံးကို ပြောင်းလဲစေမည့် အဖြစ်အပျက်သည် သူ့မိခင်တပ်ရင်းထဲတွင် ဖြစ်ပေါ်ခဲ့လေသည်။ ထိုအဖြစ်အပျက် သည်လည်း မောင်တောတွင်တာဝန်ကျစဉ် ဖြစ်ခဲ့သောဖြစ်စဉ်တစ်ခုနှင့်ပတ်သက်နေသည်။

ထိုနေ့ နိုဝင်ဘာ ၂၂ ရက်နေ့လယ်ခင်းပိုင်း သူတာဝန်ကျနေခိုက် သူကဲ့သို့ မောင်တော၊ အင်းဒင်နယ်မြေမှ မကြာသေးခင်က ပြန်လာသူတစ်ဦးက သူ့အား ဆက်သွယ်လာသည်။

ဆက်သွယ်လာသူမှာ အသက် ၃၁ နှစ်အရွယ်၊ မျက်နှာဖောင်းဖောင်း နှင့် ခင်မင်ဖွယ်ရာ မျက်နှာထားရှိသော ကိုသက်ဦးမောင် ခေါ် ဝလုံးဆိုသော အလွန် တက်ကြွထက်မြက်သည့် သတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် ပြည်သူ့ခေတ် အပတ်စဉ် ထုတ်ဂျာနယ်တွင်  ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အယ်ဒီတာလုပ်နေချိန်အတွင်း သတင်းထောက်အဖြစ် ၂ဝ၁၄ ခုနှစ်က စတင်လုပ်ကိုင်ပြီး သတင်းစာလောကသို့ဝင်ရောက်လာသူဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာတိုင်းဂျာနယ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပြီး၊ ၂ဝ၁၆ နှစ်လယ်ပိုင်းတွင် ရိုက်တာသတင်းဌာနသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

ကိုဝလုံးက ၎င်းတာဝန်ထမ်းဆောင်သော ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းမနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် နိုင်ငံခြားကုမ္ပဏီရုံးများ၊ အဆင့်မြင့်စားသောက်ဆိုင်များ ရှိသည့် ဆာကူရာအထပ်မြင့်အဆောက်အဦးရှိ ရိုက်တာသတင်းဌာန ရန်ကုန်ရုံးခွဲမှနေ၍ ရဲတပ်ရင်း ၈ ရှိ ဒုရဲမှူးမိုးရန်နိုင်ကို ဖုံးဖြင့် ဆက်သွယ်သည်။

သူ့ထံတွင် ၂ဝ၁၇ စက်တာဘာ ၂ ရက်နေ့က တပ်မတော်သားများနှင့် ဒေသခံရခိုင်လူမျိုး ပြည်သူ့စစ်များက မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁ဝ ဦးကို လက်နောက်ပြန်ကြိုးတုပ်၍ ရက်ရက်စက်စက် ကွပ်မျက်သတ်ဖြတ်သည့် ဓာတ်ပုံ များရှိနေသည်။

ထိုဓာတ်ပုံများအနက်တစ်ပုံတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ထိုင်နေရသူတို့၏ ခပ်လှမ်းလှမ်းနောက်ကွယ်တွင် ဒုရဲမှူးမိုးရန်နိုင်ဟု ယူဆရသော အရာရှိတစ်ဦး၏ပုံလည်းပါဝင်သည်။

ကိုဝလုံးတွင် မည်သူမှငြင်းမရနိုင်သော ခိုင်မာသည့် ထိုဓာတ်ပုံများသာမက မွတ်စလင် ၁ဝ ဦးအား ကွပ်မျက်ချိန်တွင်ပါဝင်ခဲ့သည် သို့တည်းမဟုတ် မျက်မြင်သက်သေတွေ့ခဲ့သည်ဟုဆိုသော ရခိုင်လူမျိုးတချို့နှင့် မေးမြန်းထားသော အချက်အလက်များ လည်း ရှိနေပြီဟု ယူဆ၍ရသည်။

သူဆန္ဒရှိပါက ထိုရရှိပြီးသား အချက်အလက်များနှင့် သတင်းဆောင်းပါးတစ်ပုဒ် ရေးသား ထုတ်ဝေလိုက်နိုင်သည်။ သို့သော် သူသည် ထိုအမှုအခင်းနှင့် ဆက်စပ်၍ သတင်းထောက်တို့လုပ်ရသော အသေးစိတ်အချက်အလက်များ စုဆောင်းမှု၊ အင်္ဂ လိပ်ဘာသာအားဖြင့် Verification ဟုဆိုသော အချက်အလက်အတည်ပြုမှု လုပ်ငန်းစဉ်အား ထောင့်ပေါင်းစုံမှ ခိုင်မာသည် ထက်ခိုင်မာအောင် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။

ပို၍အရေးကြီးသည်မှာ မိမိ၏သတင်းထဲတွင် တစ်စုံတစ်ရာအားဖြင့် စွပ်စွဲခံထားရသူတစ်ဦးကို သတင်းမထုတ်ပြန်မီ ပြန်လည် ချေပခွင့်ပေးရခြင်း၊ ထိုသူ၏ချေပချက်ကို မိမိ၏သတင်းထဲတွင် တစ်ခါတည်းထည့်သွင်းပေးခြင်းမှာ သတင်းစာလောက၏ ကျင့်ထုံးတစ်ခုဖြစ်သည်။

ထို့ကြောင့် အခင်းဖြစ်ပွားသည့်နေရာကို ရိုက်ကူးထားသည့် ဓာတ်ပုံထဲတွင်ပါဝင်သူ အရာရှိတစ်ဦးဖြစ်သည့် ဒုရဲမှုးမိုးရန်နိုင် အား တွေ့ဆုံရန် အင်တာဗျူးတောင်းခံခြင်းဖြစ်သည်။

၎င်းမှာ ရိုက်တာသတင်းဌာနမှဖြစ်ကြောင်း၊ ဒုရဲမှူးမိုးရန်နိုင် မကြာသေးခင်အချိန်အထိ တာဝန်ကျခဲ့သော မောင်တော မြောက်ပိုင်းအခြေအနေများကို သိလိုပါသဖြင့် လာရောက်မေးမြန်းခွင့်ပြုပါရန် ကိုဝလုံးက ဖုန်းဖြင့် မေတ္တာရပ်ခံသည်။ မြန်မာ ပြည်ဌာနဆိုင်ရာအရာရှိများက သတင်းမီဒီယာသမားကို ဖြေလေ့ဖြေထရှိသည့်အတိုင်း မအားလပ်သဖြင့် မတွေ့ဆုံနိုင်ပါ ကြောင်းဟု ဒုရဲမှူးမိုးရန်နိုင်က ပြန်လည်ပြောဆိုသည်။

သို့သော် သတင်းထောက်ကောင်းပီပီ ကိုဝလုံးက လက်မလျှော့။  နောက်တစ်ရက် နိုဝင်ဘာ ၂၃ တွင် ရဲတပ်ရင်း ၈ သို့ သူ ကိုယ်တိုင်သွားရောက်ပြီး ဒုရဲမှူးကို သူသည် တပ်ရင်းရှိ တပ်ကြပ်ကြီးမောင်တူးဖွင့်လှစ်ထားသော သက်သာဆိုင်တွင် ရောက်ရှိနေကြောင်း  ထပ်မံဖုန်းဆက်လာသည်။

ဒုရဲမှူးမိုးရန်နိုင်က ကိုဝလုံးကို ထွက်တွေ့ခဲ့သည်။

ထိုနေ့က သက်သာဆိုင်တွင်တွေ့သည်မှာ သူတို့နှစ်ဦးသာဖြစ်သည်။  ယခုအချိန်တွင် ကိုဝလုံးနှင့်အတူ ဖမ်းဆီးခံရပြီး နိုင်ငံ တော် လျှို့ဝှက်အက်ဥပဒေဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော ရခိုင်ပြည်နယ်စစ်တွေဇာတိ ရခိုင်လူမျိုး ကိုကျော်စိုးဦး မပါ ဝင်ပေ။

လွန်ခဲ့သည့် ရက်သတ္တပတ်သောကြာနေ့ ဧပြီ ၁၉  ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး တရားခွင်တွင် တရားလိုပြ သက်သေအဖြစ် ဒုရဲမှူးမိုးရန်နိုင်  ထွက်ဆိုချက် တရားရုံးမှတ်တမ်းအရ သူနှင့်တွေ့ဆုံစဉ် ကိုဝလုံးက သူ့ထံမှ မည့်သည့် လျှို့ဝှက်စာတမ်းကိုမှ မတောင်းခံခဲ့သလို၊ သူကလည်း ကိုဝလုံးကို မည့်သည့် စာရွက်စာတမ်းမှမပေးခဲ့။

ကိုဝလုံးက သူ့ကို ၂ဝ၁၇ သြဂုတ် ၂၅ ရက်နေ့က မည်သည့်နေရာတွင် တာဝန်ကျနေသလဲ ဟု မေးမြန်းခဲ့ပြီး အင်းဒင်ရွာသား ရခိုင်လူမျိုး ဦးမောင်နီကို အကြမ်းဖက်သမားများ ခေါ်ဆောင်သွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားတို့ အပြန်အလှန် တိုက်ခိုက်မှုများ မည်ကဲ့သို့ ဖြစ်ပွားခဲ့သလဲ၊ ဘင်္ဂါလီများက ကိုယ့်အိမ် ကိုယ်မီးရှို့သည်ဆိုတာမှာ ဟုတ်ပါသ လား၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂါလီများကိုသတ်ဖြတ်ခဲ့တာ ရှိပါသလားဟုလည်း မေးမြန်းခဲ့ကြောင်း ဒုရဲမှူးမိုး ရန်နိုင်က ထွက်ဆိုသည်။

အကြမ်းဖက်သမားတို့ ဦးမောင်နီကို ဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းကြောင့် အခြားသော လုံခြုံရေးတပ်ဖွဲ့များနှင့် သူဦးစီးသောရဲတပ်ဖွဲ့ဝင်များ ရွာတစ်ရွာသို့ ရောက်ရှိစဉ် ဘင်္ဂါလီရွာသား အယောက် ၂ဝဝ က ဝိုင်းဝန်းတိုက်ခိုက်ကြောင်း၊  လုံခြုံရေးတပ်ဖွဲ့များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် ဘင်္ဂါလီရွာသား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ဝိုင်းဝန်းတိုက်ခိုက်လာသူများကို အကြမ်းဖက်မှုဥပဒေဖြင့် အရေးယူရန်  သူကိုယ်တိုင် တရားလိုပြု၍ အင်းဒင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဆက် လက် ထွက်ဆိုသည်။

ကိုဝလုံးနှင့် တပ်ရင်းသက်သာဆိုင်တွင် တွေ့ဆုံခဲ့သည်မှာ မိနစ် ၂ဝ မှ ၃ဝ ခန့်သာကြာသည်။

တပ်မတော်သားများဦးဆောင်သော အင်းဒင် အစုလိုက်အပြုံလိုက် ဥပဒေမဲ့သတ်ဖြတ်မှုအတွက် ပိုမိုခိုင်မာသော အချက်အ လက်များရရှိရန် အခြားသောရဲတပ်ဖွဲ့ဝင်အနည်းဆုံး ၄ ဦးကိုလည်း ကိုဝလုံးက တွေ့ဆုံခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်၏ ထွက် ဆိုချက်တွင် ပါဝင်သည်။

ထိုသူတို့မှာ သြဂုတ် ၂၅ တိုက်ခိုက်မှုဖြစ်ပွားပြီး ၃ လခန့်အကြာ ဒုရဲမှုးမိုးရန်နိုင်နှင့်အတူ ရန်ကုန်သို့ ခေတ္တပြန်ရောက်နေသူများဟု ယူဆရသည်။

ထိုကဲ့သို့ ကိုဝလုံး  အသေးစိတ် အချက်အလက်များ ရယူရန် ကြိုးပမ်းနေစဉ် ရိုက်တာ၏ ရန်ကုန်ရုံးတွင် အဓိကကြီးကြပ်နေသူမှာ ပိုလန်နိုင်ငံသား လူငယ်သတင်းစာဆရာ အန်ထော်နီဆလော်ကော့စကီး ဖြစ်သည်။  သူသည် ၂ဝ၁၅ ခုနှစ်တွင်မှ မြန်မာ ပြည်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ပြီး အခြားသတင်းထောက်တစ်ဦးမှာ  မြန်မာနိုင်ငံသား အမျိုးသမီး သတင်းထောက် ငယ်တစ်ဦးဖြစ်သည်။ သူတို့မှအပ အခြားမည့်သည့်လုပ်သက်ရင့် သတင်းထောက်တစ်ဦးမှ ရန်ကုန်၏ ရိုက်တာသတင်းခန်း ထဲတွင် ရှိမနေခဲ့။

ဆိုရလျှင် တပ်မတော်သားများကျူးလွန်ထားသည့် ရာဇဝတ်မှုတစ်ခုကို အချက်အလက် အခိုင်အမာဖြင့် ဖော်ထုတ်ရန် ကြိုး ပမ်းမှုသည် မည်မျှအန္တရာယ်ရှိသည်ကို အတွေ့အကြုံမများသေးသည့် လူငယ်သတင်းထောက်တို့အနေဖြင့် မည်မျှချိန် ဆနိုင်ခဲ့ပါသလဲ ဆိုသည်မှာ စဉ်စားစရာဖြစ်သည်။

တစ်ဖက်တွင်လည်း တပ်မတော်ခေါင်းဆောင်များအနေဖြင့် စစ်မက်နယ်မြေများတွင် လိုက်နာရသော နိုင်ငံတကာ ဂျနီဗာ သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း ကြေညာထားယုံမက၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်းဒင်လူသတ်မှုဖြစ်ပွားပြီး ၁၅ ရက်အကြာ စက်တင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံတကာသံတမန်များကို နေပြည်တော်သို့ ဖိတ်ပြီး ရခိုင်ပြည်နယ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်တို့ စည်းကမ်း ကျင့်ဝတ်များ တိတိကျကျလိုက်နာရန် သူညွှန်ကြားထားပြီးဖြစ်ကြောင်း၊  မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုမဆို တရားဥပဒေနှင့်အပြည့် အဝ ဖြေရှင်းမည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ကြေညာခဲ့သည်။

ထို့ကြောင့် ကိုဝလုံးတို့၏ ကြိုးစားမှုမှာ နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်၏ အခြေအနေမှန်ကို သိ၍ မှန်ကန်သော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ရန် ပံ့ပိုးခြင်းဟု ဆိုနိုင်သကဲ့သို့၊ အစိုးရအာဏာပိုင်များက မည်မျှ သတင်းအမှောင်ချထားစေကာမူ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူများ တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို သိရှိစေရန် သတင်းသမားတို့ သတ္တိပြောင်မြောက်မြောက်စွာ အားထုတ်ခြင်းဟုလည်း ဆိုနိုင်သည်။

ထိုကဲ့သို့ ပြည်သူ့အကျိုးပြုသတင်းလုပ်ငန်းများ လုပ်ကိုင်ရန် အားထုတ်နေသော ကိုဝလုံး၏ အင်းဒင်လူသတ်မှုဖော်ထုတ်ရန် ကြိုးပမ်းနေပုံကို ၎င်းလိုက်လံမေးမြန်းခဲ့သော ရဲဝန်ထမ်းအချို့ထံမှ  အာဏာပိုင်အဆင့်ဆင့်ထံ အချိန်တိုအတွင်း ပေါက်ကြားသွားခဲ့ဖွယ်ရှိသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဒုရဲမှူးမိုးရန်နိုင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း တာဝန်ကျနေစဉ်  အမှတ် ၈ ရဲတပ်ရင်းသို့ ပြန်လာရန် ရန်ကုန်တိုင်းအမှတ် (၂) လုံခြုံရေးတပ်ဖွဲ့များ၏ ရဲမှူးချုပ်တင်ကိုကို၏ အမိန့် ရောက်လာသည်။

စခန်းရောက်သည်နှင့် ရဲမှူးကြီးမျိုးကြည်၊ ဒုရဲမှူးကြီးများနှင့် အရပ်ဝတ်တပ်ဖွဲ့များက သူ့အား အသင့်စောင့်နေသည်ကိုတွေ့ရပြီး၊ သူရောက်ရှိသည်နှင့် သူ့လက်ကိုင်ဖုန်း အသိမ်းခံလိုက်ရသည်။

သတင်းထောက်ဝလုံးကို တွေ့ဆုံသည့်ကိစ္စအား စစ်ဆေးခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။  သူ့နည်းတူ ကိုဝလုံးကို တွေ့ဆုံခဲ့ကြသူများမှာ ရဲအုပ် စိုးလှိုင်ဦး၊ တပ်ကြပ်ကြီး ခင်မောင်လင်း၊ တပ်ကြပ်ကြီး ကျော်လင်းအောင်၊  ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ ရဲတပ်သားအောင်မင်းတို့ ဖြစ်သည်။

ထို့အပြင် ဒုတပ်ကြပ်နိုင်လင်းဆိုသူလည်း ရှိသည်။  သူ့အား ကိုဝလုံးက တွေ့ဆုံရန် ဖုန်းဆက် ခွင့်တောင်းထားသည်။

ထို့ကြောင့် ဒုတပ်ကြပ် နိုင်လင်းက ကိုဝလုံးကို စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံရေး အချိန်းအချက် ပြုလုပ်ရန်၊ ကိုဝလုံးလက်ထဲသို့  အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထည့်ပေးပြီး အခြားတပ်ဖွဲ့ဝင် တို့က ကိုဝလုံး စားသောက်ဆိုင်ပြင်ပသို့ ထွက်သည်နှင့် ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက စီစဉ်ညွှန်ကြားကြောင်း ဒုရဲမှူးမိုးရန်နိုင်က တရားခွင်တွင် ထွက်ဆိုသည်။

ထိုအချိန်တွင် အင်တာဗျူးတောင်းခံထားသော ဒုတပ်ကြပ်နိုင်လင်းက ပြန်လည် ဆက်သွယ်လာမှုကြောင့် ကိုဝလုံးက ရိုက်တာရုံးမှသွားရန် ပြင်ဆင်သည်။  ရိုက်တာသတင်းဌာနသို့ အလုပ်ဝင်လာသော ရခိုင်လူမျိုးကိုကျော်စိုးဦးလည်း စစ်တွေမှ ရန်ကုန်သို့ ရောက်နေသည့်အတွက် အဖော်ရရန် ကိုဝလုံးနှင့်အတူ ရုံးကားဖြင့် တပ်ရင်း ၈ သို့ ထွက်ခွာခဲ့သည်။  သူတို့ကို အမိအရ ဖမ်းဆီးရန် စောင့်ဆိုင်းနေသူများရှိမည်ကို သူတို့ မမျှော်လင့်ခဲ့။

သူတို့နှစ်ဦးကို အကွက်ချ ထောင်ချောက်ဆင်ဖမ်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက ညွှန်ကြားခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်က တရားခွင်တွင် အသေးစိတ် ထွက်ဆိုသည်။

“ဒုတပ်ကြပ်နိုင်လင်းက ဝလုံးနှင့် မတွေ့ရသေးကြောင်း သိရသည့်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဝလုံးကိုမိမှဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ …ရဲမှူးချုပ်တင်ကိုကိုမှ အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲနှင့် သက်ဆိုင်သော စာရွက်များအား ဒုတပ်ကြပ်နိုင်လင်းလက်ထဲ ထည့်ပေးပြီး ဝလုံးကို ပေးခိုင်းခဲ့ပါသည်။ ဒုတပ်ကြပ် နိုင်လင်း ထွက်သွားရာတွင် ၎င်းနှင့်အတူ သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကိုလည်း ထည့်ပေးရန် ရဲမှူးချုပ်တင်ကိုကိုက ပြောခဲ့သည်။  ရဲမှူးချုပ်တင်ကိုကိုက ဝလုံးလက်ထဲသို့ စာရွက်များထည့်ပေးပြီးနောက် ဝလုံးတို့ ပြန်ထွက်သွားသည့်အချိန်တွင် ထောက်ကြန့် နယ်ထိန်းရဲတပ်ဖွဲ့များက စောင့်ဖမ်းရန် မှာကြားပါသည်။  ဝလုံးကိုဖမ်းမမိရင် မင်းတို့တပ်ဖွဲ့ဝင်တွေ အချုပ်ထဲထည့်မည်ဟုပြောပြီး မြောက်ပိုင်းခရိုင်မှ ဒုတိယရဲမှူးကြီးတစ်ဦးကို အနီးကပ်ညွှန်ကြားရန် ရဲမှူးချုပ်တင်ကိုကိုက မှာခဲ့ပါသည်” ဟု သူက ထွက်ဆိုခဲ့သည်။

ထိုလျှို့ဝှက်စာရွက်စာတမ်းပါ အချက်အလက်များသည်  နိုင်ငံပိုင်သတင်းစာများတွင်ပါပြီးဖြစ်သော မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြောင်းအရာများဖြစ်ပြီး ထူးခြားသည့် စစ်ရေးဆိုင်ရာလှုပ်ရှားမှု အစီအမံများ မပါရှိကြောင်း တရားခွင်တွင် အမှုစစ်ဆေးသည့်အခါ ပေါ်ပေါက်လာသည်။

“အကြမ်းဖျင်း ပြောရရင်တော့ မောင်တောမှာ သြဂုတ်လ ၂၅ ရက် တိုက်ပွဲဖြစ်တော့၊ လက်နက်ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာမျိုး။ သေချာတာတစ်ခုက နောင်အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာမျိုးတွေ မဟုတ်ဘူး” ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ကိုသန်းဇော်အောင်က ဆိုသည်။

တရားလိုဖက်ကမူ လျှို့ဝှက်ဟု သင်္ကေတပြုထားသော ထိုစာရွက်စာတမ်းများသည် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်သော စာရွက်စာတမ်းများဖြစ်သည် ဆိုသောအချက်ကို ကိုင်စွဲထားသည်။

သေချာသည်ကတော့ အမှု၏အခြေအနေကို ထူးခြားစွာပြောင်းလဲစေသည်မှာ ဒုရဲမှုးမိုးရန်နိုင်၏ တရားခွင်ထွက်ဆိုချက်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကမူ ဒုရဲမှူးမိုးရန်နိုင်သည် စိတ်ခံစားချက်များအပေါ် အခြေခံပြီး ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ရဲမှူးချုပ်တစ်ဦးမှ ထိုကဲ့သို့ စီစဉ်ညွှန်ကြားခဲ့မည် မဟုတ်ကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

မည်သို့ပင်ဖြစ်စေ ကိုဝလုံးတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်များသည် အသေးစိတ် တိကျသလောက် ပြည်ထဲရေးဝန်ကြီးဌာနက ကိုဝလုံးနှင့် ကိုကျော်စိုးဦး ဖမ်းဆီးခံရမှုအကြောင်း မူလသတင်းထုတ်ပြန်ချက်များမှာ ရှင်းလင်းမှု၊ ခိုင်မာမှု လုံးဝ မရှိသည်ကို တွေ့ရှိရသည်။

ဒီဇင်ဘာ ၁၃ ရက်စွဲတပ် ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် မောင်တော၊ ဘူးသီးတောင်ဒေသမှ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည် အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအားဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရယူခြင်း၊ တပ်ဖွဲ့နှင့်သက်ဆိုင်သည့် အရေးကြီး လုံခြုံရေးဆိုင်ရာ အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန်ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သော သတင်းထောက်နှစ်ဦးကို ဖမ်းဆီးရမိပြီး ၁၉၂၃ မြန်မာနိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူရန် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်အရ ပြည်ထဲရေးအာဏာပိုင်များက ကိုဝလုံးတို့သည် ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဆိုင်တွင် ချိန်းဆိုပြီး လုံခြုံရေး လျှို့ဝှက် စာရွက်စာတမ်းများရအောင် ယူခြင်းသာဖြစ်သည်ဟု ပြည်သူတို့ကို ယုံကြည်စေလိုဟန်ရှိသည်။

ကိုဝလုံးတို့ကလည်း သူတို့ဖမ်းခံရခြင်းသည် မည်သည့်လျှို့ဝှက်စာတမ်းကိုမှ ရယူခဲ့ခြင်းမဟုတ်၊ တရားဥပဒေစိုးမိုးသည့် မည့်သည်နိုင်ငံတွင်မဆို လက်သင့်မခံသည့် ဥပဒေမဲ့သတ်ဖြတ်ခြင်းကို တစ်ဆင့်ကြားမဟုတ်ဘဲ အချက်အလက် အခိုင်အမာဖြင့် သတင်းရေးသားရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သက်သေထူလိုသည်။

ထို့ကြောင့် သူတို့ဖမ်းဆီးခံရပြီး သိပ်မကြာခင်တွင် ရိုက်တာသတင်းဌာနက ထိုအင်းဒင်သတင်းကို သူတို့၏ ခွင့်ပြုချက်ဖြင့်ပင် ထုတ်ပြန်ခဲ့သည်။  ထိုသတင်း၌ ဗိုလ်ကြီးမိုးရန်နိုင်သည် မွတ်စလင်တို့အား ကွပ်မျက်သည့်နေရာတွင်ရှိနေသည်ဟူသာဖော်ပြီး ကွပ်မျက်ရာတွင်ပါဝင်သည်မပါဝင်သည်ကိုမူဖော်ပြထားခြင်းမရှိပေ။

ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်တစ်ခုလုံးကို အသေးစိတ်လေ့လာပါက ကိုဝလုံးတို့ကို ဖမ်းခဲ့သည်မှာ အင်းဒင်လူသတ်မှုနှင့် ပတ်သက်၍ အထောက်အထားများ လိုက်လံ စုဆောင်းခြင်း ဟူသော  အချက်တစ်ခုတည်းကြောင့်ဖြစ်ကြောင်း တွေ့ရသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ထွက်ဆိုချက်တွင်ပါရှိသည့် ကိုဝလုံးတို့ကို မရရအောင် ဖမ်းရမည်၊ လုံခြုံရေး စာရွက်စာတမ်းများကို တစ်ဖွဲ့က ကိုဝလုံးတို့ လက်ထဲထည့်၊ နောက်တစ်ဖွဲ့က စောင့်ဖမ်းဟူသော ရဲမှူးချုပ်တစ်ဦးက အမိန့်ပေးခဲ့သည်ဟူသော အချက် မှန်ကန်မည်ဆိုလျှင် ထိုနေ့က အဖမ်းမခံရခင်ထိ ကိုဝလုံးတို့သည် မည်သည့် စာရွက်စာတမ်းကိုမှ လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ မရရှိသေးကြောင်း ပေါ်လွင်စေသည်။

ထို့ပြင် သူ၏ထွက်ဆိုချက်တွင် ထောင်ချောက်ဆင်ရန် တာဝန်ပေးခံရသည့် ဒုတပ်ကြပ်နိုင်လင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များမှာ ဖမ်းဆီးအရေးယူခြင်း မခံရဘဲ ကိုဝလုံးကို လက်ခံ တွေ့ဆုံ စကားပြောခဲ့သည့် သူနှင့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းတို့သာ ချုပ်နှောင်ဖမ်းဆီးခံထားရသည် ဆိုသောအချက် ပါဝင်သည်။

အဖမ်းမခံရခင်ရက်ပိုင်းအတွင်း ကိုဝလုံး တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ကျန်ရဲဝန်ထမ်းများမှာ ရက်အနည်းငယ်သာ ရဲတပ်ရင်း ၈ တွင် ချုပ်နှောင်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

သဘောရိုးဖြင့်ဖြစ်စေ၊ ထောင်ချောင်ဆင်၍ဖမ်းသည်ဖြစ်စေ လုံခြုံရေးစာရွက်စာတမ်းများ ကိုဝလုံးတို့၏လက်ထဲ အမှန်တကယ်ထည့်ပေးခဲ့သူများ အရေးယူခံရခြင်းမရှိဘဲ  လက်ခံစကားပြောခဲ့သူများဖြစ်သည့် ဒုရဲမှုးမိုးရန်နိုင်နှင့် အခြားတစ်ဦးသာ ရဲစည်းကမ်းဖောက်ဖျက်မှု၊  ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်သော နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဖမ်းချုပ်ခံထားရသည့် အချက်ကို သုံးသပ်ကြည့်ပါက အမှုတစ်ခုလုံး၏ အဖြေသည် ငြင်းမရအောင် ပေါ်လွင်နေသည်။

ဒုရဲမှုးမိုးရန်နိုင် တရားခွင်တွင် ထွက်ဆိုပါက  ကိုဝလုံးနှင့် တပ်သက်သာဆိုင်တွင် တစ်ကြိမ် တွေ့ဆုံခဲ့ကြောင်း ထွက်ဆိုမည်ဟု တရားလိုဖက်က မျှော်လင့်ခဲ့ပုံရသည်။  သူ့အား ဒုက္ခပင်လယ်ဝေစေခဲ့သော ကိုဝလုံးတို့ကို မုန်းတီးနေပြီး ကိုဝလုံးတို့ ပိုမို ဒုက္ခရောက်စေမည့် အချက်များ ထွက်ဆိုရန်လည်း မျှော်လင့်ကောင်း မျှော်လင့်ခဲ့ပေလိမ့်မည်။

သို့သော် သူက ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်မှာလည်း သူ့ဂုဏ်သိက္ခာနှင့် သူရှိသည်ဟု ဆိုကာ ထောင်ချောင်ဆင်ဖမ်းသည်ဆိုသော အခြေအနေကို အသေးစိတ် ဖွင့်ချရုံမက ထိုကဲ့သို့ ဖမ်းရန်စေခိုင်းသည့် ရဲမှူးချုပ်တင်ကိုကိုသည် ရဲတပ်ဖွဲ့ဝင်များ နေ့စဉ် သစ္စာဆိုနေရသည့် တရားဥပဒေနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်သွားပါမည် ဟူသော အချက်ကို ဖောက်ဖျက်သည့်အပြင် ပြည်ထောင်စုအစိုးရကိုသော်လည်းကောင်း၊ ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း နိုင်ငံတကာ၏ အထင်မှားခြင်းကို ခံရအောင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

“ဒါတွေဟာ အမှန်တွေပဲ” ဟု တရားခွင်ပြင်ပတွင်လည်း သတင်းထောက်များအား ၃ ကြိမ် ပြောသွားခဲ့သည်။

မျက်မှောက်မြန်မာပြည်နိုင်ငံရေးအခြေအနေအရပ်ရပ်အရ ဒုရဲမှုးမိုးရန်နိုင်ထွက်ဆိုချက်မှာ အင်မတန် ကြီးမားသော စွန့်စားမှုကြီးဖြစ်သည်။ သူ့ထွက်ဆိုချက် ထွက်ပေါ်လာပြီး ၂၄ နာရီအတွင်း အာဏာပိုင်တို့က သူ့မိသားစုကို ရဲတပ်ရင်းလိုင်း ခန်းမှ နှင်ချခဲ့သည်။

ပြည်သူအများအပြားက သူ့ကို ယခုကဲ့သို့ မကြောက်မရွံ့ ထွက်ဆိုခြင်းအတွက် အင်တာနက် လူမှုကွန်ရက်များပေါ်တွင် ကောင်းချီးထောပနာများ ပေးကြသည်။

သူသည် နိုင်ငံတော်လျှို့ဝှက် ဥပဒေဖောက်ဖျက်သည် ဟူသောစွဲချက်မှ လွတ်မြောက်လာခဲ့လျှင်ပင် ပြည်သူတို့ ရှင်းလင်းစွာ မသိရသော သတင်းထောက်များနှင့် ရဲတပ်ဖွဲ့ဝင်များ စကား အပြန်အလှန် ပြောဆိုနိုင်ခွင့် မရှိရန် တားမြစ်ထားသည့်  တစ်စုံတစ်ရာသော ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖောက်ဖျက်မှုဖြင့် အရေးယူခံရဖို့ကတော့ သေချာသလောက် ဖြစ်နေသည်။

ထိုအချက်ကိုမလွတ်စေရန် တရားခွင်တွင် ဥပဒေအရာရှိက မေးမြန်းခဲ့သည့်။  သူကလည်း အမှန်အတိုင်း ထွက်ဆိုကြောင်း ဖြေကြားခဲ့သည်။ ထိုအမေးအဖြေကို တရားရုံးမှတ်တမ်းတွင် အောက်ပါအတိုင်း တွေ့ရသည်။

မေး။  ။  ကျနော်မှာ ဒုရဲမှူးအဆင့်ရှိသူဖြစ်ပြီး ရဲတရားရုံး၌ ယခုအချိန် အမှုရင်ဆိုင်နေရသူဖြစ်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ချမှတ်ခံရကာ ရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်သည့်အတွက် ကွပ်ကဲရေးမှူးချုပ် ရဲမှူးချုပ်တင်ကိုကိုမှ မလျော်မကန် ဆောင်ရွက်မှုများဟု ကျနော်ရုံးရှေ့တွင် ပိုမိုထွက်ဆိုနေခြင်းဖြစ်သည်ဟုဆိုလျှင်

ဖြေ။  ။  ရဲတရားရုံးမှပြစ်မှုထင်ရှားသည်ဆိုလျှင်တောင် အနိမ့်ဆုံးမှတ်တမ်းဝင် သတိပေးခြင်းပြစ်ဒဏ်မှ ထောင်ဒဏ်ကျ သည့်ပြစ်ဒဏ် အထိ ပြစ်ဒဏ်အမျိုးမျိုှးရှိပါသည်။ သို့ဖြစ်၍တရားရုံးရှေ့တွင် အမှန်အတိုင်း ထွက်ဆိုခြင်းဖြစ်ပါသည်။ ။

ထိုကဲ့သို့ဖြေကြားရန်သူ့အတွက် မှန်ရာကိုသာဆိုမည်ဟူသည့် သတ္တိများ သူ့အဇ္ဈတ္တတွင် ဖြစ်ပေါ်ခဲ့ရသကဲ့သို့ သူ့အတွေး ထဲတွင် သူ့ဘဝ၏အနာဂတ်သည် မှန်းဆ၍မရအောင် မှောင်မိုက်နေလိမ့်မည်။

သူဖမ်းခံရသည့်အချိန်မှ ပြီးခဲ့သောရက်ပိုင်းအထိ သူနှင့်တွေ့ခွင့်မရသေးသော ဇနီးဖြစ်သူကတော့ နိုင်ငံတော်သမ္မတကြီး ကယ်ပါ၊ အမေစုကယ်ပါဟူသော စကားများဖြင့် မျက်ရည် တဖြိုင်ဖြိုင်ကျလျက် ဝမ်းနည်းပူးဆွေးနေရသည်။

သူတို့၏ ဝမ်းနည်းကြေကွဲမှု၊ သူတို့အနာဂတ်၏ အမှောင်အမိုက်ကျရောက်နေမှုသည် မြန်မာနိုင်ငံသားတို့၏စစ်မှန်သော ပုံရိပ်ကို ထင်ဟပ်စေခြင်းဖြစ်သည်။

ဧပြီ ၂၅ ရက် ကိုဝလုံးတို့အမှု ရုံးချိန်းတွင်တော့ အစိုးရရှေ့နေက ဒုရဲမှုးမိုးရန်နိုင်သည် အချုပ်ကျနေ၍ စိတ်ညစ်ညူးသဖြင့် လည်းကောင်း၊ သူသည် ရဲမှုးချုပ်တင်ကိုကိုအပေါ် အာဃာတရှိခြင်းကြောင့်လည်းကောင်း သူ့အား ရန်လိုသောသက်သေအဖြစ် သတ်မှတ်ပြီး သူ၏ထွက်ဆိုချက်များကို လက်မခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး ဦးရဲလွင်ထံ လျှောက်ထားခဲ့သည်။ ထိုလျှောက်ထားချက်အား ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေများက ကန့်ကွက်ခဲ့သဖြင့် မေလ ၂ ရက်ရုံးချိန်းတွင် တရားသူကြီးက ထိုကိစ္စအပေါ် အမိန့်တစ်ခုချမှတ်မည်ဖြစ်သည်။

ထိုအမိန့်သည် ကိုဝလုံး၊ ကိုကျော်စိုးဦး၊ ဒုရဲမှုးမိုးရန်နိုင်၊ ၎င်းနှင့်အတူဖမ်းခံထားရသူ တပ်ကြပ်ကြီးခင်မောင်လင်းတို့၏ ဘဝကြမ္မာကိုပြောင်းလဲစေနိုင်သကဲသို့၊ မြန်မာပြည်၏ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အခြေ အနေများကို မီးမောင်းထိုးပြမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts