သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● အင်စတီကျူးရှင်းနိဒါန်း

မောင်မောင်စိုး ● အင်စတီကျူးရှင်းနိဒါန်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၈

အင်စတီကျူးရှင်းအား မြန်မာဘာသာဖြင့် ပြန်ဆိုလျင် အနီးစပ်ဆုံး အဖွဲ့အစည်းဟု ဆိုနိုင်ပေသည်။ သို့သော် ထိုသို့ပြန်ဆို သုံးနှုံးခြင်းသည်မပြည့်စုံ မတိကျဟုယူဆကြ၍ ယခုအခါ အင်စတီကျူးရှင်းဟုသာ ခေါ်ဝေါ်သုံးစွဲကြသည်။ နိုင်ငံခြားဘာသာစကားများကိုဘာသာပြန်ဆိုသုံးနှုံးခြင်းထက် မွေးစားသုံးနှုံးခြင်းက ပို၍အားသန်သော တိုင်းပြည်ဖြစ်သည့်ပြင် နိုင်ငံခြား ဝေါဟာရများအား ဗမာစကားတွင် ထည့်သွင်းပြောဆိုသည့် အလေ့အထ ထုံမွှမ်းသည်ဖြစ်သဖြင့် ယခုအခါ အင်စတီကျူးရှင်း ဆိုသည့်ဝေါဟာရကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပေသည်။ သို့ဖြစ်ရာ လူအများလက်ခံ အသုံးပြုကြသော ဝေါ ဟာရအဖြစ် အင်စတီကျူးရှင်းဟူ၍သာ သုံးနှုံးသွားပါမည်။

လူသားနှင့်အင်စတီကျူးရှင်း မစိမ်းလှပေ။ မွေးဖွားလာသည်မှ သေဆုံးသည်အထိ လူသားတို့နှင့် ဓွန်တွဲပါနေသည်မှာ အင်စ တီကျူးရှင်းဖြစ်ပေသည်။ လူသည် အဖွဲ့အစည်းနှင့်နေသော သတ္တဝါဖြစ်သည်။ လူတို့မွေးဖွားရှင်သန်လာသည် သေဆုံးသည့် တိုင်အောင် အဖွဲ့အစည်းနှင့် ကင်းကွာ၍မရပေ။ လူသားတို့ကင်းကွာ၍မရသည့် အဖွဲ့အစည်းကား လူ့အဖွဲ့အစည်းဖြစ် ပေသည်။ ဤနေရာတွင် လူ့အဖွဲ့အစည်းအား အင်္ဂလိပ်ဘာသာဖြင့် အင်စတီကျူးရှင်းဟုဆို၍ မရတော့ပေ။ ဆိုစိုက်ရတီ (society) ဟု ဆိုကြသည်။ ထိုသို့ ရောထွေးမည်စိုးရွံ့၍ အင်စတီကျူးရှင်းအား အဖွဲ့အစည်းဟု သုံးရန်စိုးရွံ့ကြခြင်းလည်း ဖြစ်ပုံရသည်။

ရှေဦးလူသားတို့၏ သမိုင်းတင်သော ခေတ်ကာလများကထဲက လူသားတို့သည် စားရေး ဝတ်ရေး နေရေးဟူသည့် အခြေခံ လူသားတာဝန်များအား မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မဖြစ်မနေ လုပ်ဆောင်ခဲ့ကြရသူများ ဖြစ်သည်။ လူသားတဦး ချင်း၏ ဖြစ်တည်ရှင်သန်မှုသည် အထက်ပါအခြေခံတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည့်အပေါ်မူတည်ခဲ့ သည်။ ပြင်ပအကြောင်းအချက်များထက် ဦးစွာအားဖြင့် စားဝတ်နေရေးကို ဖြေရှင်းရသည်မှာ လူသားတို့၏မွေးရာပါ ဆောင် ရွက်ရသည့် လုပ်ငန်းတာဝန်များ ဖြစ်ပေသည်။

ဤသို့ဖြတ်သန်းရုန်းကန်လာသော လူသားတို့ရှေးဦးကာလများသည် စားရေး၊ ဝတ်ရေး၊ နေရေးနှင့်ပတ်သက်၍ သုံးခုစလုံး အား မိမိဘာသာပြည့်စုံ ကုန်လုံအောင် ဆောင်ရွက်ကြိုးပမ်းရသည့်ကာလများဖြစ်သည်။ ထိုခေတ်ကာလကတည်းက လူ သားတို့သည် မိမိ၏အခြေခံ စားဝတ်နေရေးကို ဖြေရှင်းရာတွင် တဦးချင်းဖြေရှင်းလေ့မရှိပေ။ အစုအဝေး အသင်းအပင်းနှင့် အုပ်စုဖွဲ့ဖြေရှင်းခဲ့ကြသည်။ ထို့ကြောင့်လည်း လူသားများအား အဖွဲ့အစည်းသတ္တဝါများဟု ဆိုကြခြင်းဖြစ်သည်။ ယနေ့ ကာ လကဲ့သို့ အလုပ်တာဝန်ခွဲဝေလုပ်ကိုင်လာကြပြီး သာမန်လူ့အဖွဲ့အစည်းငယ်တခုဆက်ဆံရေးမှသည် ရွာ၊ မြို၊ ခရိုင်၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံမှသည် ကမ္ဘာတခုလုံးနှင့်ဆက်ဆံလာသည့်ကာလတွင် လူတို့သည်လူ့အဖွဲ့အစည်းသတ္တဝါ ဖြစ်သည်ဆိုခြင်း နှင့် လူသားတို့သည် မိမိတို့၏ပြဿနာများကို အဖွဲ့အစည်းနှင့် ဖြေရှင်းကြခြင်းသည် ပို၍သရုပ်ပီ၍လာတော့သည်။

သို့ဖြစ်ရာ လူသားတို့သည် အဖွဲ့အစည်းနှင့်လှုပ်ရှားရုန်းကန်တတ်သည်ကို ကျင့်သားရနေသူများဖြစ်သည်။ ၎င်းသည် လူ သားတို့၏မွေးရာပါဟု ဆိုနိုင်သည်။ အခြေခံစားဝတ်နေရေးအပြင် သဘာဝဘေးအန္တရာယ်များမှသည် မိမိတို့အားကျရောက်လာမည့်အန္တရာယ်များအား ကာကွယ်ရန်သော်လည်းကောင်း၊ ရှေးဦးခေတ် တောရိုင်းဥပဒေသ ကြီးစိုးနေစဉ်ကာလ အင်အားကြီးသူများသာရှင်သန်နိုင်သည့်ကာလတွင်လည်းကောင်း၊ လူသားတို့သည် အစုအဖွဲ့နှင့်ရုန်းကန်လှုပ်ရှားကြသည်သာမက အစုအဖွဲ့အားကောင်းအောင် အားထုတ်ခဲ့ကြသည်။ အစုအဖွဲ့နှင့်ရှင်သန်ကြီးပြင်းခြင်းကို အသားကျ ခဲ့သူများဖြစ်ခဲ့ကြ သည်။ အစုအဖွဲ့ (ဝါ) အဖွဲ့အစည်းဆိုသည်မှာ လူသားတို့၏ သမိုင်းတင်သောကာလများတွင် ပိုမိုထင်ရှားလာသည်။ ထို့ ကြောင့်လည်း လူသားဆိုသည်မှာ အဖွဲ့အစည်းသတ္တဝါဟုဆိုကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသည် အဖွဲ့အစည်းနှင့်ရုန်းကန် လှုပ်ရှားခြင်းတွင် ယဉ်ပါးနေသူများဟု ဆိုရပါမည်။ လူသားတဦးချင်းအရမည်မျှပင် သီးသန့်ဆန်ဆန်နေလိုသည်ဖြစ်စေ လူ့ အဖွဲ့အစည်းမှ ရုန်းထွက်၍မရနိုင်ခဲ့ပေ။

● အင်စတီကျူးရှင်း
အင်စတီကျူးရှင်းဆိုသည်မှာ လူအဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ရည်မှန်းချက်တခုအား ဦးတည်ပေါက်မြောက်အောင် အလေးထားအထူးပြု၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကို ခေါ်ဆိုပါသည်။ နိုင်ငံရေးရည် မှန်းချက်အတွက် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများ၊ စစ်ရေးရည်မှန်းချက်အတွက် ရည်ရွယ်ဖွဲ့စည်းသည့် လက်နက်ကိုင် တပ်ဖွဲ့များ၊ လူမှုရေးရည်မှန်းချက်ပေါ်ဖွဲ့စည်းသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးရည်မှန်းချက်အတွက် ဖွဲ့စည်း သည့်ကုမ္ပဏီများ၊ ကော်ပိုရေရှင်းများ စသည်တို့သည် လူ့အဖွဲ့အစည်း၏ အခြေခံအင်စတီကျူးရှင်းများဖြစ်ကြသည်။

မိမိရည်မှန်းချက်ပေါ် အခြေပြု၍ အင်စတီကျူးရှင်းအရွယ်အစားသည် သေးငယ်သည်လည်းရှိသည်။ ကြီးမားသည်လည်း ရှိသည်။ ထို့အတူ ရည်ရွယ်လုပ်ကိုင်ဆောင်ရွက်နိုင်မှု၊ ထိုးဖောက်နိုင်စွမ်းအား၊ ခံနိုင်ရည်အား၊ ပတ်ဝန်းကျင်၏ပံ့ပိုးကူညီမှု၊ လူထု၏အားပေးထောက်ခံမှုတို့ပေါ်မူတည်၍ အင်စတီကျူးရှင်းများသည် ကြီးထွားသည် (သို့မဟုတ်) သေးငယ်သွားသည် သို့မဟုတ် ပုံမှန်အတိုင်းဆက်လက်ရပ်တည်နိုင်သည်ဟူသည့်အခြေအနေများကို တွေ့ရနိုင်သည်။ ထို့အပြင် နိုင်ငံတော်ကဲ့သို့ ကြီးမားသောအဆောက်အအုံတွင် အုပ်ချုပ်ရေး၊ တရားဥပဒေ၊ လုံခြုံရေးတပ်ဖွဲ့၊ အချုပ်ထောင် စသည့် အင်စတီကျူးရှင်းများစွာ ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ရည်မှန်းချက်တခု ပေါက်မြောက်အောင်ရန် အင်စတီကျူးရှင်းတရပ်ကို အခိုင်အမာတည်ဆောက်ရန်လိုအပ်သကဲ့သို့ တောင့်တင်းခိုင်မာသည့် အင်စတီကျူးရှင်းရှိမှသာလျင် ရည်မှန်းချက်ပေါက်မြောက်အောင်မြင်နိုင်သည်ဟု ဆိုရပါမည်။

အင်စတီကျူးရှင်းတရပ်ကို တည်ဆောက်ရန် အခြေခံလိုအပ်သည်များမှာ အဆိုပါအင်စတီကျူးရှင်း၏ရည်ရွယ်ချက်၊ အဆိုပါ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော်နိုင်ရန် အာမခံနိုင်သူများ (ကျွမ်းကျင်သူများ)၊ ၎င်းအင် စတီကျူးရှင်းအား စနစ်တကျလည်ပတ်စေနိုင်မည့် စည်းမျဉ်း စည်းကမ်းများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် မှုတို့ ဖြစ်သည်။

● နိုင်ငံရေးအင်စတီကျူးရှင်း
မိမိအနေဖြင့် ဤဆောင်းပါးတွင် အဓိကဖော်ပြလိုသည်မှာ နိုင်ငံရေးအင်စတီကျူးရှင်းနှင့်ပတ်သက်၍ ဖြစ်ပါသည်။ မိမိတည်ရှိ သည့် လူ့အဖွဲ့အစည်းတွင်း၌ တည်ရှိနေသောလူ့အဖွဲ့အစည်းအားပြုပြင်ပြောင်းလဲရေးအတွက်ဖြစ်စေ သို့တည်းမဟုတ် လူ့အဖွဲ့အစည်းအားမိမိမြင်သည့်လမ်းကြောင်းအတိုင်း ပုံဖေါ်လိုသည်ဖြစ်စေ အဆိုပါနိုင်ငံရေးရည်မှန်းချက်အတွက် နိုင်ငံရေးအင်စတီကျူးရှင်းတရပ်လိုအပ်သည်။ အခြေခံအကျဆုံးမှာ မိမိနိုင်ငံရေးအမြင် ပေါ်လစီတို့ကို ပုံဖေါ်မည့် နိုင်ငံရေးပါတီဆိုသည့် အင်စတီကျူးရှင်းတရပ် တည်ဆောက်ရေးဖြစ်သည်။

တနိုင်ငံလုံးနှင့်သက်ဆိုင်သည့် အရေးကိစ္စများကိုဆောင်ရွက်မည့် နိုင်ငံရေးပါတီတည်ဆောက်ရေးမှာ ကြီးမားရှုပ်ထွေးသော လုပ်ငန်းတခု ဖြစ်သည်။ အဆိုပါနိုင်ငံရေးပါတီသည် တပြည်လုံးအတိုင်းအတာဆောင်နိုင်သည့် ကြီးမားကျယ်ပြန့်သည့် အင်စတီကျူးရှင်းတရပ်ဖြစ်ရန်လိုသည်။ ထိုသို့တည်ဆောက်နိုင်ရန် ကြီးမားကျယ်ပြန့်သော လူထု၏ပါဝင်မှု ထောက်ခံမှု ရရှိရန် လိုသည်။ ဤသို့ပါဝင်ထောက်ခံမှုရရှိရန် မိမိပါတီ၏ပေါ်လစီများချ ပြရှင်းလင်းပြီး စည်းရုံးသိမ်းသွင်းနိုင်ရန်လိုအပ်သည်။ သို့ဖြစ်ရာနိုင်ငံရေး ပါတီဟူသည့်အင်စတီကျူးရှင်းတရပ်တွင် အခြေခံလိုအပ်ချက်မှာ ရှင်းလင်းသည့် နိုင်ငံရေးအမြင်၊ နိုင်ငံ ရေးမူဝါဒနှင့် အခိုင်အမာပေါ်လစီနှင့်နည်းနာများဖြစ်သည်။ ထိုအခြေခံပေါ်မှသည် နိုင်ငံရေးပါတီဟူသည့် အင်စတီကျူးရှင်း အား တည်ဆောက်ကြရပေမည်။

ထို့ပြင် နိုင်ငံရေးအမြင်၊ မူဝါဒ၊ ပေါ်လစီများချမှတ်ထားပြီးနောက်တွင် နိုင်ငံရေးပါတီအတွက်လိုအပ်သည်မှာ အဆိုပါနိုင်ငံရေး အမြင် မူဝါဒပေါ်လစီတို့ကို ကောင်းစွာနားလည်သဘောပေါက်ဆုပ်ကိုင်နိုင်ပြီး လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်သူများဖြစ်သည်။ ပါတီတရပ်အဖို့ဆိုလျင် ပါတီ၏မူဝါဒအား အာမခံနိုင်သူများဖြစ်သည်။ ထိုသူများသည် မိုးပေါ်မှကျ လာ နိုင်သူများမဟုတ်ပေရာ လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်သည်။

ထို့ပြင် လူ့အဖွဲ့အစည်းအားပြု ပြင်ပြောင်းလဲတည်ဆောက်မည့် နိုင်ငံရေးပါတီတရပ်အနေနှင့် လူအဖွဲ့အစည်းတည်ဆောက် ရာ တွင်လိုအပ်သည့် ဘဏ္ဏာရေး၊ စီးပွါးရေး၊ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စသည့်ကဏ္ဍအလိုက် ကျွမ်းကျင် သူများ စည်းရုံးသိမ်းသွင်းခြင်း လေ့ကျင့်မွေးမြူခြင်းများပြုလုပ်ပြီး မိမိပါတီ၏နိုင်ငံရေးမူဝါဒများအတိုင်း အကောင် အထည် ဖေါ်နိုင်သူများဖြစ်လာစေရန် ပြုစုပျိုးထောင်ရန် လိုအပ်သည်။

နိုင်ငံရေးပါတီတရပ်တွင် ဗဟိုခေါင်းဆောင်မှုသည် အရေးပါသကဲ့သို့ အောက်ခြေပါတီအဖွဲ့အစည်းများ၏ စွမ်းရည်သည် လည်း အလေးထားရမည့်ကိစ္စဖြစ်သည်။ အောက်ခြေအဖွဲ့အစည်းများသည် အခြေခံလူထုများကြားတွင် ပြန့်နှံစိမ့်ဝင်နေကြ သည်ဖြစ်ရာ ဗဟို၏ မူဝါဒပေါ်လစီများအားလူထုကြား ပျံ့နှံ့စိမ့်ဝင်စေရန်လည်းကောင်း၊ လူထုနှင့်လူ့အဖွဲ့အစည်း၏ တကယ့် အခြေအနေမှန်ကို ဗဟိုခေါင်းဆောင်များ အချိန်မီသိရှိစေနိုင်ရန်လည်းကောင်း၊ ပါတီဗဟိုနှင့်ပါတီအောက်ခြေအဖွဲ့အစည်း များကြား ကွင်းဆက်လုပ်ဆောင်နိုင်မှု သည်နိုင်ငံရေးပါတီတရပ်အတွက် ရှင်သန်ကြီးထွားနိုင်စေရန် လိုအပ်ချက်ဖြစ်သည်။

သို့ဖြစ်ရာ ပါတီတရပ်လည်ပတ်နိုင်ရန် စည်းရုံးရေးစည်းကမ်းများတည်ဆောက်ဖွဲ့စည်းရာတွင် ပါတီဝင်များ၊ ၎င်းတို့ကရွေး ချယ်လိုက်သော ပါတီဝင်ကိုယ်စားလည်များ၊ ပါတီဝင်ကိုယ်စားလှယ်များ ပါဝင်ကျင်းပကြသည့်ပါတီညီလာခံ၊ အဆိုပါတီ ညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သည့် ပါတီဗဟိုခေါင်းဆောင်အဆင့်ဆင့်နှင့် အဆိုပါဗဟိုခေါင်းဆောင်မှု၏ ညွှန် ကြားမှုကို အောက်ခြေအဆင့်ဆင့်မှ အကောင်အထည်ဖေါ်ခြင်းတို့ဖြင့် ယနေ့ခေတ်နိုင်ငံရေးပါတီများကို တည်ဆောက်ထား ကြသည်ကို တွေ့နိုင်ပါသည်။

ယနေ့ခေတ်ကာလတိုင်းပြည်တပြည်၏ နိုင်ငံရေးစနစ်အားကောင်းမှုသည် အဆိုပါနိုင်ငံရှိ နိုင်ငံရေးပါတီအင်စတီကျူးများ အားကောင်းမောင်းသန်လည်ပတ်နိုင်မှုပေါ်တွင် အခြေတည်နေသည်ကို တွေ့ရသည်။ သို့သော်လူတို့သည် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် အင်စတီကျူးရှင်းများဖြင့်တည်ဆောက်ခြင်းသည် သမိုင်းသင်္ခန်းစာများအား ကောင်းစွာနိဂုံးချုပ်ပြီး ရလာခဲ့သောရလဒ်ဖြစ်သည်။ လူသားတို့၏သမိုင်းအစကား ဤသို့မဟုတ်ခဲ့ပေ။

● သူရဲကောင်းဝါဒနှင့် ပဒေသရာဇ်စနစ်
လူသတို့၏ခေတ်ဦးသည် တောရိုင်းဥပဒေသဖြင့် ရှင်သန်ခဲ့ကြသည်။ အင်အားကြီးသူကရှင်သန်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ထိုမှအင်အားကြီးသူက မိမိလူမျိုးနွယ်အစုအဖွဲ့များကို ခေါင်းဆောင်လာခြင်းဖြစ်သည်။ အများထက်ခေါင်းတလုံးပိုမြင့်သူများ ပိုမိုစွမ်းဆောင်နိုင်သူများက လူ့အဖွဲ့အစည်းအလိုက်ဦးဆောင်နိုင်သူများဖြစ်လာပြီး ပဒေသရာဇ်နိုင်ငံတော်များပေါ်ထွက်လာသည်။ ပဒေသရာဇ်နိုင်ငံတော်များ လူတဦးချင်း၏စွမ်းဆောင်ရည်ပေါ်မူတည်၍ တည်ဆောက်ခဲ့ကြသည်။ အင်စတီကျူးရှင်းများပေါ်အခြေမခံခဲ့ကြပေ။ အလက်ဇန္ဒား၊ ဂျင်ဂျစ်ခန်စသည့် အားကောင်းသည့် ပဒေသရာဇ်များသည် ကြီးမားကျယ်ပြန့် သည့် ပဒေသရာဇ်နိုင်ငံတော်များ တည်ဆောက်ခဲ့နိုင်ခဲ့ကြသည်။ သို့သော် ဤသို့တဦးချင်းစွမ်းရည်နှင့်သြဇာပေါ်တည်ဆောက်ထားခဲ့ကြသည့် နိုင်ငံတော်များသည် သူတို့ကွယ်လွန်ပြီးနောက် မြူမှုံကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။ အလက် ဇန္နားနှင့် ဂျင်ဂျစ်ခန်သာမက အခြားကြီးကျယ်ခန်းနားသော ပဒေသရာဇ်နိုင်ငံတည်ထောင်ခဲ့ကြသည့် သူရဲကောင်းတို့၏ နိုင်ငံများသည် သူတို့လွန်သည့်နောက်တွင် ကျဆုံးခဲ့ကြသည်။ခန်းနားကြီးကျယ်သော တိုင်းနိုင်ငံများအား သူရဲကောင်းတို့ဖြင့် သာတည်ဆောက်၍မရဘဲ အင်စတီကျူးရှင်းဖြင့်သာတည်ဆောက်၍ရသည်ကို လူသားတို့ သဘောပေါက်စပြု လာခဲ့ကြ သည်။

ဤပဒေသရာဇ်ခေတ်ကာလအတွင်း၌ပင် လူသားတို့သည် လူထုကိုယ်စားလှယ်များဖြင့် အစားထိုးအုပ်ချုပ်သည့်စနစ်ကို တည်ဆောက်ရန်ကြိုးစာခဲ့ကြသည်။ ရောမခေတ်လွှတ်တော်၊ အိန္ဒိယတိုက် ဝေသာလီ ဂဏ အုပ်ချုပ်ရေးတို့တွင် လူထုကိုယ် စားလှယ်များအခန်းကဏ္ဍနှင့် အုပ်ချုပ်စနစ်တရပ်ကို ဖေါ်ထုတ်အားပြိုင်ခဲ့ကြသည်။ သူရဲကောင်းတို့နှင့် အင်စတီကျူးရှင်းတရပ်တည်ဆောက်လိုသူတို့ အပြန်အလှန် စတင်အားပြိုင်ခဲ့ကြတော့သည်။ သို့နှင့်ပင် သူရဲကောင်းဝါဒထွန်းကားသည့် ပဒေ သရာဇ်စနစ်အတွင်းကပင် အင်စတီကျူးရှင်းအား စတင်တည်ဆောက်လာခဲ့ကြပေတော့သည်။

ဤသို့ သူရဲကောင်းတို့တည်ထောင်သော ပဒေသရာဇ်နိုင်ငံတော်များပေါ်ထွန်းလာသည်နှင့်အတူ လူထုကြားတွင် သူရဲ ကောင်းဝါဒ ကိုးကွယ်မှုနှင့်ပုဂ္ဂိုလ်ရေးသြဇာလွှမ်းမိုးမှုတို့ စတင်အမြစ်တွယ်လာခဲ့သည်။ လူ့အဖွဲ့အစည်းအတွင်း ထူးထူးကဲကဲစွမ်းဆောင်နိုင်သူများအား အသိမှတ်ပြု လေးစားခြင်း၊ လေးစားအားထားခြင်းတို့နှင့်အတူ ပေါ်ထွက်လာသည့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုသည် လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးအင်စတီကျူးရှင်းများတည်ဆောက် ခြင်းနှင့်အတူ  ဒွန်တွဲ၍ပေါ်လာသည်ကို ရှောင်လွှဲ၍မရပေ။

အနီးခေတ်ကာလ အင်စတီကျူးရှင်းများတည်ဆောက်ရာတွင် အင်စတီကျူးရှင်းများ ခိုင်မာမှုမရှိခြင်း၊ လဲပြိုမှုများဖြစ်ပွားခြင်း နှင့်အတူ အင်စတီကျူးရှင်းများအတွင်း ညီညွတ်မှု ပျက်ပြားခြင်းတို့က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အားကောင်းစေခဲ့သည်။ လူ တို့သည် နိုင်ငံရေးစနစ်တခုတည်ဆောက်ရာတွင် အင်စတီကျူးရှင်းအားကောင်းရန်လိုအပ်သည်ကို သဘောပေါက်လာ ကြ သော်လည်း အင်စတီကျူးရှင်းများ အားကိုးအားထားပြု၍မရသည့်အခါ လူတဦးချင်း၏စွမ်းဆောင်ရည်ကို အားကိုးအား ထားပြုကြခြင်းဖြစ်ပုံရသည်။

ဤကား အနီးခေတ်တွင် ရှောင်လွှဲ၍မရသောပြဿနာဖြစ်သည်။ အင်စတီကျူးရှင်းနှင့် တဦးချင်းတို့ကြား လွန်ဆွဲသည့် ပြ ဿနာဖြစ်သည်။ လူတဦးချင်း၏သြဇာသည် လူ့အဖွဲ့အစည်းတွင် ကြီးကြီးမားမားသက်ရောက်သည်မှာ အင်စတီကျူးရှင်းများ အားကောင်းလာသည့် ယနေ့ခေတ်ကာလတွင် ရှားပါးလာသော်လည်း လုံးဝမရှိတော့သည်တော့မဟုတ်ပေ။ လူတဦးချင်း ၏ စွမ်းဆောင်ရည်နှင့် လူထု၏လက်ခံမှုအရ အင်စတီကျူးရှင်းနှင့် လူတဦးချင်း၏သြဇာသည် ပြိုင်လျက်ရှိသော တိုင်း ပြည် ဒေသ အချိန်ကာလများ ရှိနေဆဲဖြစ်သည်။ ဤတွင်တွေ့ရသည်မှာ မိမိသြဇာကို အသုံးပြုသည်နှင့် တပြိုင်တည်းအင်စတီကျူး ရှင်းအားကောင်းအောင်လုပ်သည့်ခေါင်းဆောင်များကို တွေ့ရသကဲ့သို့ အင်စတီကျူးရှင်းများကို ဘေးဖယ်၍ မိမိသြဇာကိုသာ အလေးထား အသုံးပြု သည့်ခေါင်းဆောင်များလည်းတွေ့ရသည်။ ထို့ပြင် အင်စတီကျူးရှင်းအား မိမိသြဇာအတွက် အသုံးပြု သော ခေါင်းဆောင်များလည်း တွေ့ရသည်။

● မော်စီတုန်းနှင့် အင်စတီကျူးရှင်း
အနီးခေတ်၌ တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင် မော်စီတုန်းသည်တရုတ်ပြည်တွင် ပုဂ္ဂိုလ်ရေးသြဇာအကြီးမားဆုံးခေါင်း ဆောင်တဦးဖြစ်ခဲ့သည်။ ဂျပန်ခုခံစစ်နှင့် တရုတ်ပြည်ပြည်တွင်းစစ်တို့အား အောင်မြင်စွာခေါင်းဆောင်နိုင်ခဲ့ပြီး ခေတ်သစ် တရုတ်ပြည်အား တစည်းတလုံးတည်းဖြစ်အောင်ခေါင်းဆောင်နိုင်ခဲ့သည့် မော်စီတုန်းသည် ပါတီခေါင်းဆောင်တဦးအဖြစ် သာမက တရုတ်အမျိုးသားခေါင်းဆောင်တဦးအဖြစ်ပါ တရုတ်ပြည်တွင်း၌ သြဇာတက္ကမကြီးမားခဲ့သူဖြစ်သည်။

၁၉၆၆ ခုနှစ်မှစတင်ခဲ့သည့် ပြင်းထန်သော ပါတီတွင်းအယူအဆကွဲလွဲမှုများတွင် မော်စီတုန်းသည် သူ၏ပုဂ္ဂိုလ်ရေးသြဇာ တက္ကမကို အသုံးပြု၍ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူခဲ့သည်ဟု အားလုံးကကောက်ချက်ချခဲ့ကြပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ၁၀ နှစ်တာကာလသည် မော်စီတုန်း၏ ပုဂ္ဂိုလ်ရေးသြဇာ အထွဋ်အထိပ်ကာလများဖြစ်သည်။ ပုဂ္ဂိုလ်ရေး သြဇာနှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ရေးသင်္ကေတများဖြစ်သည့် ရုပ်ထုများ၊ ရင်ထိုးတံဆိပ်များနှင့်အတူ ကြီးမြတ်သော ဥက္ကဌကြီး မော် သက်တော်ရာကျော်ရှည်ပါစေဟူသော ချီးကြူးထောပနာပြု ဟစ်ကြွေးသံများ တရုတ်ပြည်တဝှမ်းလုံးတွင် ခြိမ့်ခြိမ့်ညံခဲ့ သည်။ တဆက်တည်းတွင်လည်း မော်စီတုန်းအား ဆန့်ကျင်သူများသည် တန်ပြန်တော်လှန်ရေးသမားများအဖြစ်စွဲချက်တင်ခံခဲ့ရသည်။အရပ်စကားဖြင့်ပြောရလျင် မော်စီတုန်းအား မည်သူမျှမလှန်ရဲလောက်အောင် သူ၏ အရှိန်အဝါသြဇာကား တရုတ်ပြည်တွင်းကြီးမားခဲ့သည်။

သို့သော် တရုတ်ပြည်တွင်တွေ့ရသည့်အချက်တခုမှာ မော်စီတုန်းသည်သူ၏ပုဂ္ဂို လ်ရေးသြဇာကို မည်မျှပင်သုံးခဲ့သည်ဖြစ်စေ သူ၏နိုင်ငံရေးပါတီအင်စတီကျူးရှင်းအား တရုတ်လူ့အဖွဲ့အစည်းတွင်း ကောင်းမွန်အားကောင်းစေရန် တည်ဆောက်ခဲ့သ ကဲ့သို့ ထိုအင်စတီကျူးရှင်းအားလည်း ကောင်းမွန်စွာအသုံးပြုခဲ့သည်။

၁၉၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည်အလွန်သေးငယ်သော အင်စတီကျူးရှင်းလေးတခုမှ အစပြုခဲ့ခြင်းဖြစ်သည်။ စဖွဲ့ကတည်းက အာဏာရအစိုးရ၏ ဖိနှိပ်မှုကိုခံခဲ့ရသည်။ ထို့နောက် ကူမင်တန်အစိုးအား တော်လှန် တိုက်ခိုက်သည့် ပြည်တွင်းစစ်၊ ဂျပန်ခုခံစစ်များအတွင်း အားကောင်းလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် စစ်ရေးလို အပ်ချက်အရ တပ်နီတော် ခေါ် တရုတ်လွတ်မြောက်ရေးတပ်မတော် ဆိုသည့် စစ်ဖက်အင်စတီကျူးရှင်းတခုအားလည်း တည်ဆောက်နိုင်ခဲ့သည်။ ပါတီတည်ထောင်ပြီး ၂၈ နှစ်အကြာ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တပြည်လုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်အစိုးရဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ မူလ အစိုးရဆန့်ကျင်သည့် အားနည်းသည့်ပါတီတရပ်မှသည် အစိုးရဖွဲ့နိုင်ပြီး နောက်တပြည်လုံးတွင် အားကောင်းသည့်ပါတီကြီးတရပ်ဖြစ်ခဲ့သည်။ တရုတ်ပြည်တွင် သြဇာနှင့် အစဉ်အလာကြီးမားသည့် နိုင်ငံရေးပါတီတရပ်ဖြစ်ခဲ့သည်။

မော်စီတုန်းသည် သူ၏ပုဂ္ဂိုလ်ရေးသြဇာကို အသုံးပြုချိန်မှာပင် တရုတ်ပါတီသြဇာအား ဘေးဖယ်မထားခဲ့ပေ။ မော်စီတုန်းနှင့် အတူ တရုတ်ကွန်မြူနစ်ပါတီသည်လည်း ကြီးမြတ် ဂုဏ်ပြောင် မှန်ကန်သည့်နိုင်ငံရေးပါတီတရပ်အဖြစ် အမွှမ်းတင်ခြင်း ခံရ သည်။ ထိုသို့အမွှမ်းတင်ခြင်းအား သာမန်ရုပ်ပြသက်သက်သာ လုပ်ခဲ့သည်မဟုတ်ပေ။ တရုတ်တို့၏ နိုင်ငံရေးပေါ်လစီအစိုးရပေါ်လစီများကို အကောင်အထည်ဖေါ်ရာတွင် တရုတ်ကွန်မြူနစ်ပါတီအဆင့်ဆင့်အဖွဲ့အစည်းများ ပါတီကေဒါများကို အ သုံးပြု အကောင်ထည်ဖေါ်ခဲ့သည်။ မော်စီတုန်းသည်ပင်လျင် သူ၏အယူအဆပေါ်လစီများကို အဆိုပါ တရုတ်ကွန်မြူ နစ် ပါတီကေဒါများ၊ အဆင့်ဆင့်ယန္တယားများအား အသုံးပြု၍ အကောင်ထည်ဖေါ်ခဲ့သည်။ တရုတ်ပြည်ကဲ့သို့ လူဦးရေ သန်း ထောင်ချီ ပြီးကျယ်ပြန့်သည့်တရုတ်ပြည်တွင် ဘေကျင်းမှ ချမှတ်သည့် ပေါ်လစီများအားအချိန်တိုတွင်း တရုတ်ပြည်အနှံ့အပြား နယ်စွန်နယ်ဖျားမကျန်ရောက်ရှိ အကောင်အထည်ဖေါ်နိုင်အောင် ထိုတရုတ်ပါတီက စွမ်းဆောင်ပေးနိုင်ခဲ့သည်။ထို့ပြင် တရုတ်ပြည်အနှံ့အပြားရှိ အောက်ခြေမှ အခြေအနေအရပ်ရပ်အားလည်း ထိုပါတီအဖွဲ့အစည်းအဆင့်ဆင့်မှ ဗဟိုသို့ ပြန် လည်တင်ပြပေးနိုင်ခဲ့ကြသည်။ တရုတ်ပြည်တွင် မော်စီတုန်း၏ပုဂ္ဂို လ်ရေးသြဇာသက်သက်သာမက တရုတ်ပါတီ အင်စတီ ကျူးရှင်းသည်လည်း အားကောင်းမောင်းသန် လည်ပတ်နေခဲ့ပေသည်။

၁၉၇၆ ခုနှစ် မော်စီတုန်းကွယ်လွန်ပြီး တနှစ်အကြာတွင် မော်စီတုန်းနှင့်နိုင်ငံရေးသဘောထားကွဲလွဲခဲ့ပြီးဘေးဖယ်ထားခြင်းခံရသူတိန့်ရှောက်ဖင်နေရပြန်ရလာသည်။ မော်စီတုန်းနှင့်မတူသည့် တိုင်းပြည်တည်ဆောက်ရေးနည်းလမ်းများကို အကောင် အထည်ဖေါ်သည်။ တိန့်ရှောက်ဖင်သည် တရုတ်ပြည်၌ အစဉ်အလာခေါင်းဆောင်တယောက် သြဇာရှိသော ခေါင်းဆောင် တယောက်ဖြစ်သော်လည်း မော်စီတုန်း၏သြဇာတော့ မယှဉ်နိုင်ခဲ့ပေ။ တိန့်ရှောက်ဖင် နေရာပြန်ရလာပြီးနောက် သူ၏ပေါ် လစီများကို အကောင်အထည်ဖေါ်ရာတွင် အရေးပါသောအခန်းက ပါဝင်သည်မှာ တရုတ်ကွန်မြူနစ်ပါတီအဆင့်ဆင့်အဖွဲ့အစည်းများဖြစ်သည်။ ပါတီဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု တစုံတရာရှိသော်လည်း ပါတီအင်စတီကျူးရှင်းအား ဆက်လက်အားကောင်းအောင်ပြု လုပ်၍ ထိုအင်စတီကျူးရှင်းလည်ပတ်မှု ဖြင့် သူ၏ပေါ်လစီများကို အကောင်ထည်ဖေါ်သည်။ သူ့နောက်ဆက်ခံသော ကျန်းစီမင်း၊ ဟူကျင်းတောင်မှသည် ရှီကျင့်ပင်အထိ တရုတ်ခေါင်းဆောင်များသည် တရုတ်ပြည်တည်ဆောက်ရေးလုပ်ငန်းများအား တရုတ်ပါတီအင်စတီကျူး ရှင်းအား ခိုင်ခန့်တောင့်တင်းအောင်ပြု လုပ်သည့် အခြေခံပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။ ပုဂ္ဂိုလ်ရေးသြဇာကြီးမားပြီး ထိုပုဂ္ဂိုလ်ရေးသြဇာကို အသုံးပြုခဲ့သည့် မော်စီတုန်းသည် မည်သည့်အား နည်းချက်ရှိသည်ဖြစ်စေ တရုတ်ပြည်နိုင်ငံရေးအတွက် အခြေခံဖြစ်သည် တရုတ်ပါတီအင်စတီကျူးရှင်းကို မပစ်ပယ်ခဲ့ဘဲ ထို အင်စတီကျူးရှင်းအား အားကောင်းအောင်လုပ်ခဲ့ခြင်းသည် သူ၏ အဓိကအားသာချက်ဖြစ်သည်။ တရုတ်ပြည်သည် ထိုအင် စတီကျူးရှင်း၏ အားကောင်းမောင်းသန်လည်ပတ်မှုနှင့်အတူ ဆက်လက်ရှင်သန်နေသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ၁၉ ကြိမ်မြောက်ပါတီညီလာခံအား အမေရိကန်အပါအဝင် ကမ္ဘာအဝှမ်းမှ အသိမှတ်ပြု ကြသည်ကိုတွေ့ရသည်။ လူတဦးချင်းအရ ကွန်မြူနစ်ဝါဒအားဖြစ်စေ ကွန်မြူနစ်ပါတီအားဖြစ်စေ မနှစ်မြို့မှု ရှိ နိုင်ပါသည်။ သို့သော် ၁၉၄၉ ခုနှစ်မှစ၍ ၆၈ နှစ်အကြာတွင် ကမ္ဘာ့အလယ်တွင် စီးပွားရေးအပါ ဘက်စုံက အားကောင်းမောင်း သန်ဖြစ်လာသည့် တရုတ်ပြည်အား အဓိကမောင်းနှင်နေသည့် အင်စတီကျူးရှင်းသည် တရုတ်ကွန်မြူနစ်ပါတီဖြစ်သည်ကို အသိမှတ်မပြုဘဲ မဖြစ်နိုင်တော့ပေ။

အလားတူပင် အမေရိကန်၊  အင်္ဂလန်၊  ဂျ ပန်စသည့်နိုင်ငံများသည်လည်း သူတို့နှင့်ဆီလျော်သည့် နိုင်ငံရေးအင်စတီကျူးရှင်းများ အားကောင်းမောင်းသန် ဖြစ်စေသည့်အခြေခံပေါ်မှ သူတို့၏တိုင်းပြည်ကို တည်ဆောက်ခဲ့ကြသည်ကို တွေ့ရသည်။ သို့ဖြစ် ရာ တိုင်းပြည်တပြည် စဉ်ဆက်မပြတ်တည်တန့်၍ အားကောင်း မောင်းသန်ရှိရေးဆိုသည်မှာတခေတ်တခါတွင် ပေါ်ထွန်းလေ့ ရှိသော သူရဲကောင်းများ၊ ခေါင်းဆောင်များပေါ် တွင်တည်မှီ၍ မရပေ။ ခိုင်မာသော အင်စတီကျူးရှင်းများပေါ်တွင် အခြေပြု ရန်လိုသည်။ တခေတ်တခါတွင် အခြားသူထက် ခေါင်းတလုံးပိုမြင့်သော ခေါင်းဆောင်မျိုးပေါ်ထွန်းနိုင်ပါသည်။ အဆိုပါ ခေါင်း ဆောင်မျိုးအား ငြင်းပယ်ရန်မလိုပေ။ ထို့ပြင် ငြင်းပယ်၍ ရနိုင်မည်မဟုတ်ပေ။ သို့သော် အားကောင်းသောအင်စတီကျူး ရှင်းတည်ဆောက်ခြင်းသည် အခြေခံဖြစ်သည်ဆိုသည့်အချက်ကို ဆုပ်ကိုင်ထားရန်လိုသည်။ အဆိုပါ ထူးချွန်သော ခေါင်း ဆောင်များကိုယ်တိုင်လည်း တိုင်းပြည်အတွက် ခိုင်မာသောအင်စတီကျူးရှင်းများကို တည်ဆောက်ထားနိုင်ခဲ့မှသာ သမိုင်း တွင် ဖယ်ရှားမရသောခေါင်းဆောင်မျိုးဖြစ်ပေလိမ့်မည်။

● အီဂျစ်နှင့် အင်စတီကျူးရှင်း
တချိန်တည်းတွင် ၂၀၁၁ ခုနှစ် နှစ်ဆန်းမှစတင်ခဲ့သော အီဂျစ်ဒီမိုကရေစီလှုပ်ရှားမှုအား အစပြုသူများသည် လစ်ဘရယ် ဒီမိုကရက်များဖြစ်သည်ကို တွေ့ရသည်။ သူတို့သည် မူဘာရက်စစ်အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်သည့် လစ်ဘရယ်ဒီမို ကရေစီအယူအဆကို ဖြန့်ချိ ခဲ့ကြသည်။ စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ လူထုအုံကြွမှုများကို ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့ကြသည်။ မူဘာရက်၏ ပြင်းထန်ရက်စက်သည့် နှိမ်နင်းမှုများကို အံတုခဲ့ကြသည်။ အီဂျစ်ဒီမိုကရေစီလှုပ်ရှားမှုတွင် အီဂျစ်လစ်ဘရယ် ဒီမိုကရက်များသည် အရေးပါသည့်အခန်းမှ ပါဝင်ခဲ့သည်မှာ အငြင်းပွားဖွယ်ရာမရှိပေ။

သို့သော် အီဂျစ်လစ်ဘရယ်ဒီမိုကရက်များသည် ၎င်းတို့အမြင်အယူအဆများကို စည်းရုံးလှုံ့ဆော်ဟောပြောနိုင်ခဲ့ကြသော် လည်း ၎င်းတို့၏အမြင်အယူအဆများကို အကောင်အထည်ဖော်နိုင်ရန် တောင့်တင်းခိုင်မာသည့် အင်စတီကျူးရှင်းတရပ်ကို တည်ဆောက်နိုင်ခြင်းမရှိခဲ့ပေ။ ထိုလှုပ်ရှားမှုများအတွင်းမှ မူဘာရက်အစိုးရနှင့် စစ်တပ်အင်စတီကျူးရှင်းအား ယှဉ်ပြိုင်နိုင် သည့် အားကောင်းသည့် နိုင်ငံရေးအင်စတီကျူးရှင်းတခုအဖြစ် မွတ်စလင်ညီနောင်များအဖွဲ့ ထွက်ပေါ်လာခဲ့သည်။ မူဘာ ရက်စစ်တပ်အုပ်စိုးမှု ကို အံတုရင်း ဘာသာရေးအဆောက်အအုံများအတွင်း အခြေတည်ဖွဲ့စည်းလာသည့်မွတ်စလင်ညီနောင်များအဖွဲ့သည် အီဂျ စ်နိုင်ငံ၏ ခေတ်သစ်ရွေးကောက်ပွဲတွင်အနိုင်ရသည့် တောင့်တင်းသည် အင်စတီကျူးရှင်းတခုအဖြစ်ထွက်ပေါ်လာခဲ့သည်။

သို့နှင့် အီဂျစ်ဒီမိုကရေစီလှုပ်ရှားမှုအပြီးနောက်ပိုင်းအတွင်း အီဂျစ်နိုင်ငံရေးတွင် အားပြိုင်ခဲ့ကြသည်မှာ မွတ်စလင်ညီနောင် များအဖွဲ့နှင့် မူလရှိရင်းစွဲစစ်တပ်အင်စတီကျူးရှင်းတို့ဖြစ်သွားပေတော့သည်။ လစ်ဘရယ်ဒီမိုကရက်တို့မှာစစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ခဲ့ကြသော်လည်း မိမိအမြင်အားအကောင်အထည်ဖေါ်နိုင်သည့် အင်စတီကျူးရှင်းအားမတည်ဆောက်နိုင်။မွတ်စလင်ညီနောင်များအဖွဲ့နှင့်လည်း ပူးပေါင်းထောက်ခံခြင်း မပြုနိုင်ခဲ့ပေ။ အီဂျစ်ပြုပြင်ပြောင်းလဲရေးတွင် ခေါင်းဆောင်နိုင်ခြင်းမရှိတော့ပေ။ သို့နှင့် နောက်ဆုံးတွင်အီဂျစ်၌ စစ်တပ်အင်စတီကျူးရှင်းကသာ ပြန်လည်အသာစီးရသွားသည့် အခြေသို့ ပြန်လည်ဆိုက်ရောက်သွားခဲ့ပေသည်။

သာမန်လူထုဖြစ်စေ လူထုလှုပ်ရှားမှုတခုဖြစ်စေ မည်မျှအားကောင်းသည်ဟုဆိုစေကာမူ ထိုလူထုအား စနစ်တကျ ရေရှည် ခေါင်းဆောင်နိုင်ရန်အတွက် စနစ်တကျတည်ဆောက်ထားသည့် အင်စတီကျူးရှင်းတရပ်လိုအပ်သည်။ သို့မဟုတ်ပါက ထို လူ အစုအဝေးကြီးသည် ဦးတည်ရာမဲ့ အထိမ်းအကွပ်မဲ့ ဗရမ်းဗတာလူအုပ်ကြီးအဖြစ်သို့ဆိုက်ရာက်ပြီး ပြိုကွဲသွားနိုင်ပေ သည်။ ထိုအပြင် နိုင်ငံအမြင်အယူအဆတရပ်ကို အခြေတည်၍ လူ့အဖွဲ့အစည်းအားပြု ပြင်ပြောင်းလဲလိုပါကလည်း ထို အမြင်အယူအဆများကို အကောင်အထည်ဖေါ်ဆောင်နိုင်မည့် ခိုင်မာသည့်အင်စတီကျူးရှင်းတည် ဆောက်ရန်လိုအပ်ပေ သည်။ သို့မဟုတ်ပါက မည်မျှတော်တည့်မှန်ကန်သည့် အယူအဆဖြစ်စေ အောင်မြင်လာလိမ့်မည်မဟုတ်ပေ။

သို့ဖြစ်ရာ တိုင်းပြည်တခု၏ လူမှုအပြောင်းအလဲများအား တည်ဆောက်မည်ဆိုပါက တည်ဆောက်လိုသူများတွင် ခိုင်မာ တောင့်တင်းသော နိုင်ငံရေးအင်စတီကျူးရှင်းတရပ်ရှိရန်လိုသည်။ ဤကား အခြေခံလိုအပ်သည့် နိုင်ငံရေးအင်စတီကျူးရှင်းဖြစ်သည်။ ၎င်းအင်စတီကျူးရှင်း အားကောင်း မောင်းသန်လည်ပတ်နိုင်သည့် အခြေခံပေါ်တွင် တိုင်းပြည်အားတည်ဆောက် ကြရမည်။ ထိုမှတဆင့် နိုင်ငံတော်တခုအတွက် လိုအပ်သည့်အင်စတီကျူးရှင်းများ ထပ်မံတည်ဆောက်ရမည်ဖြစ်ပါသည်။

ဤဆောင်းပါးသည် ကျယ်ပြန့်နက်နဲသော အင်စတီကျူးရှင်းနှင့် ပတ်သက်သည့် နိဒါန်းမျှသာဖြစ်ပါသည်။

မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts