မယ်မွှေး – Dear Facebook
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၈
ဤစာကိုရချိန်တွင် ကျွန်မ၏ ကိုယ်ရေးရာဇ၀င်ကိုရှင်တို့ စစ်ဆေးပြီး စက်ရုပ်တစ်ခုထံမှ အော်တိုမက်တစ်လွှတ်လိုက်သော အကြောင်းကြားစာမဟုတ်ကြောင့် သိပြီးဖြစ်ပါလိမ့်မည်။ ကျွန်မမှာ အသက် ၆၀ ပြည့်ပင်စင်စားကာစ အဘွားကြီးတစ်ဦးဖြစ်သောကြောင့် အသုံးမ၀င်သော အငြိမ်းစားတစ်ဦး၏ အမြင်ဟု ပစ်ပစ်ခါခါ မထားစေလိုပါ။
*
ကျွန်မသည် ယမန်နေ့ကပင် ဆိုရှယ်မီဒီယာသုံးစွဲသူသက်တမ်း အနှစ် ၄၀ ပြည့်ပေပြီ။ ကျွန်မဘ၀၏ဆယ်ကျော်သက်အလွန် ဘ၀အစိတ်အပိုင်းများအားလုံးကို ရှင်တို့ဒေတာဘဏ်တိုက်ကြီးထဲတွင် အသေးစိတ်သိမ်းဆည်းထားပြီးဖြစ်ရာ ကျွန်မ ဘယ်သူဆိုသည်ကို အထူးတလည်မိတ်ဆက်ရန် လိုမည်မထင်ပေ။ လူတစ်ယောက်အကြောင်းကို သိရန် သူဘာတွေ Like လုပ်တတ်သည်ကို ကြည့်ရုံပင်ဖြစ်သည်ဟု သုတေသန အင်စတီကျုများက သုံးသပ်ကြသည်။
ရှင်သည် ကျွန်မ၏ Like များကို ကြည့်၍ ကျွန်မမည်သည့်အကြောင်းအရာကို စိတ်ဆိုးတတ်သည်။ မည်သူတို့ကို ဟားတိုက်တတ်သည်ကို ရှင်မသိဘဲရှိမည်မဟုတ်။ အများအကျိုးဆောင်သူ စိတ်ကောင်းရှိသူများကို အသည်းလှလှ ပလူပျံအောင် ပေးကာ ချစ်စိတ်ဝေတတ်ပြီး အာဏာကို အကြောင်းပြု မကောင်းမှုပြုတတ်သူ တို့ကို မျက်မှောင်ကုတ်တတ်ကြောင်း ရှင်မသိမဟုတ်။ တစ်ခါတစ်ရံ ကျွန်မ၏ Like များကို ကြည့်ကာ ရှင်ကျွန်မကို နားမလည်သည့်အခါများလည်းရှိပါလိမ့်မည်။ ကျွန်မ၏ မချိပြုံးများနှင့်အလားသဏ္ဌာန်တူသော မချစ်သော်လည်း အောင့်ကာနမ်းရသောအခါများတွင် ကျွန်မပေးလေ့ရှိသော Like များကို ရှင်နားလည်မည်မဟုတ်ပါ။ ကြိမ်ရေမများလှသော ထို like များကို ကျွန်မကမူ Diplomatic likes များဟု ခေါ်ပါသည်။ ကျွန်မမှာ နိုင်ငံတကာဆက်ဆံရေးပညာနှင့် ကျောင်းပြီးခဲ့ပြီး မည်သည့်နှစ်တွင် ကျောင်းသားဟောင်းတွေ့ဆုံပွဲများတက်ရောက်ခဲ့သည်ကို သင့်မှတ်တမ်းထဲတွင် ရှိပြီးဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် ကျွန်မပေးသော နာမည်ကို အံ့သြမည် မထင်ပါ။
**
Like များအကြောင်း ကို ကိန်းဘရစ်နှင့် စတန်းဖို့ဒ် တက္ကသိုလ်တို့မှ သုတေသနတစ်ခုပြုလုပ်ခဲ့ရာ Facebook သုံးစွဲသူပေါင်း တစ်သောင်းခုနှစ်ထောင်ကို မေးမြန်းလေ့လာခဲ့ကြပါသည်။ ဆိုရှယ်မီဒီယာ၏ အလုပ်လုပ်ပုံကို ထိုသုတေသီများတွေ့ရှိရသည်မှာ သင်၏ Like များက သင်ဘယ်လိုလူစားဖြစ်ကြောင်းကို အလွယ်တကူပြောပြနိုင်ခြင်းပင်ဖြစ်သည်။ သင်၏ ကွန်ပြူတာမောက်စ်ကို ကလစ်တစ်ချက်နှိပ်ရုံ၊ စမတ်ဖုန်း၏ မျက်နှာပြင်ကို လက်ညှိုးကလေးထောက်ရုံမျှဖြင့် သင်ပေးလိုက်သော Likeများက သင့်အကြောင်းကို အိတ်သွန်ဖာမှောက်ပြောပြနိုင်ကြ၏။
ထိုသုတေသနက အရ ကျွန်မကဲ့သို့သော သာမန် သုံးစွဲသူတစ်ယောက်က ဖေ့စ်ဘွတ်ပေါ်တွင်ပေးလိုက်သော Like ဆယ်ခုကို လေ့လာပြီးလျှင် ကျွန်မအကြောင်းကို ကျွန်မရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ထက် ပိုသိလာမည်။ ကျွန်မ၏ Like ၇၀ ကိုလေ့လာပြီးသောအခါ ကျွန်မနှင့် တစ်အိမ်တည်းအတူနေသူများထက် ကျွန်မစိတ်ကိုပိုပြီး ဖတ်တတ်လာမည်။ Like ၁၅၀ မျှကိုကြည့်ပြီးသောအခါတွင် ကျွန်မစရိုက်ကို ကျွန်မ၏ မိဘများနှင့် မွေးချင်းများထက် ပိုသိလာနိုင်မည်။ Like အချက် ၃၀၀ အပြီးတွင်မူ ရှင်သည် ကျွန်မခင်ပွန်းထက် ကျွန်မအကြောင်းကို ပို၍အကျွမ်းဝင်လာနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်မ၏ တစ်သက်စာ Like များနှင့်တကွ ဖုန်းခေါ်ဆိုမှုများ၊ စာတိုဆက်သွယ်မှုများ၊ ဓါတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းထားခဲ့သော ရှင်တို့၏ ဒေတာသိုလှောင်ရုံကြီးထဲတွင် ကျွန်မဘ၀တစ်သက်တာ ဇာတ်ခုံပေါ်တွင် ကပြခဲ့သည့်တလျှောက် ပြုခဲ့သော အဆို၊အငို၊အဟဲ၊အရှိုက်၊ အပြုံး အရယ်များ၊ စေတနာနှင့် ဝေဒနာများ၊ အကြိုက် နှင့် မကြိုက်များကို မှတ်သားခဲ့ပြီးဖြစ်ရာ ကျွန်မဘယ်သူဖြစ်ကြောင်း ရှင်တို့သိအောင် အထူးပင်ပြောပြဖို့လိုမည်မဟုတ်ဟု ယူဆပါသည်။
***
စာရေးရသည့်အကြောင်းရင်းကို တိုတိုသာပြောပါမည်။ ရှင်တို့ခေတ်တွင် အောင်မြင်ခြင်းကို ဟပ်ဟပ်ထိုး လိုက်ကြသူတို့သည် အချို့ကိစ္စများအတွက် အချိန်ရှားလှသည် ဟု တွင်တွင်ပြောနေကြပြီး အချို့ကိစ္စများတွင် အချိန်များကို အတောမသတ်အောင်ဖြုန်းတီးနေကြသည် မဟုတ်ပါလား။ ယခုစာတွင် ရှင်တို့၏ ဆိုရှယ်မီဒီယာကို သုံးစွဲသူသက်တမ်းတလျှောက် ကျွန်မတွင် ကျန်ရစ်ခဲ့သော အကျိုးအပြစ်များကို ပြောပြလိုသည်ကို ရှင်တို့၏ အချိန်ကိုဖြုန်းသည်ဟု မမှတ်စေလိုပါ။ နှစ်ပေါင်း ၄၀ ခန့်သုံးစွဲခဲ့သူတစ်ဦးအနေဖြင့် ကျေးဇူးတင်ကြောင်းအထူးပြောရန်လိုမည်မထင်ပေ။ အချို့ကမူ ကျွန်မ၏ ကျေးဇူးတင်လိုသော စိတ်ကို များစွာ ဟားတိုက်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှင်တို့ သုံးစွဲသူများကို မည်မျှအထိလှည့်စားခဲ့ကြောင်း သိသူအများပင်ရှိကြပေသည်။
ကျွန်မတို့ငယ်ငယ် ဆိုရှယ်မီဒီယာများပေါ်ကာစတွင် ရှင်တို့ကို အသုံးပြုရသည်မှာ ငွေပေးရန်မလိုသော ၀န်ဆောင်မှု၊ အင်တာနက်ပေါ်တွင် အလကားရသည့် ၀န်ဆောင်မှု ဟု ထင်ခဲ့ကြဘူးသည်။ မလည်မ၀ယ် အူလည် ချာလည် အရွယ်များပေ။ သို့ရာတွင် ရှင်တို့သည် ကျွန်မတို့ကို ဘာမှ အလကားမပေးကြောင်းတဖြည်းဖြည်းနှင့် အကင်းပါးပါးဖြင့် သိလာခဲ့သည်။ ကျွန်မတို့၏ အချက်အလက်များကို ရှင့်ထံသို့ အလကားပေးခြင်းအားဖြင့် ရှင်တို့၏ ၀န်ဆောင်မှုကို သုံးစွဲနိုင်ခြင်းဖြစ်ရာ ငွေကြေးမပေါ်ခင်ခေတ်က သုံးခဲ့သော ကုန်ကို ကုန်ဖြင့် ဖလှယ်သောစနစ် (ဘာတာစနစ်) တစ်မျိုးသာဖြစ်သည်။
သို့ရာတွင် မေးစရာမှာ မည်သူ၏ ကုန်က ပို၍ နစ်နာခဲ့သနည်း။ ယခုအခါ နှစ်ဆယ့်တစ်ရာစု၏ သမိုင်းသုတေသီတို့ သိချင်ကြသောထိပ်သီး မေးခွန်းဖြစ်နေပေပြီ။ မကျေနပ်ရင် ကျုပ်တို့ဘာလုပ်တယ်ဆိုတာ ရိပ်မိတဲ့အရွယ် ခပ်ငယ်ငယ်ကတည်းက မသုံးဘဲရပ်လိုက်ပေါ့ဗျာဟု ပြန်ပြောလိုက်မည်ဆိုပါစို့။ ကျွန်မတွင်အတုံ့အပြန် ငြင်းခုံ ဝေဖန်နိုင်သည့်အားအင်များမရှိတော့ပါ။
****
ဆိုရှယ်မီဒီယာ Scroll button အားဖြင့် နေ့စဉ်နှစ်ပေါင်းလေးဆယ် မျှ သတင်းစာမျက်နှာများနောက် လိုက်ခဲ့ရာ နေ့စဉ်ရရှိသည့် မသိလိုက်မသိဘာသာ အသက်၀၀မရှုသည့် ဒဏ်ရာဒဏ်ချက်များကြောင့် ကျွန်မ၏ နှလုံးသည် ရောဂါဖြင့် ပင်ပန်းလွယ်လျှက် တရားမှတ်ရန်ပင်ခက်ပါသည်။ နှစ်ထောင်ပြည့်နှစ်နောက်ပိုင်း အင်တာနက်ထွန်းကားသောခေတ်တွင်လူဖြစ်သည့်အားလျော်စွာ ကုလားထိုင်စွဲသောမျိုးဆက်၊ စမတ်ဖုန်းကိုမျက်နှာနှင့်မခွာသောမျိုးဆက်ဖြစ်သောကြောင့် ခါးရိုး၊ကျောရိုးနှင့် လည်ကုတ်ရိုးတို့တွင် ကျီးပေါင်းများဖြင့် အပြည့်ဖြစ်သည်။ အဆိုးဆုံးမှာ ခါးမသန်တော့ခြင်းပင်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ချိန်တွင် မမှန် ပျက်ကွက်ခဲ့သော အကျိုးများပေ။ လေ့ကျင့်ခန်းလုပ်ချိန်များကို အတင်းအဖျင်းများ၊ သီချင်းများ၊ကြော်ငြာများနှင့် ကျွန်မဖြုန်းတီးခဲ့ပေသည်။ ယခုအချိန်တွင်မူ ထို အကြောင်းတရားများ၏ အကျိုးကို စုခံကြရမည့် အချိန်သို့ရောက်လာပြီဖြစ်သည်။ ဘယ်သူမပြုမိမိမှုပေ။ နောင်တတို့ရသောအခါ အချိန်မှာ အလွန်ရှားခဲ့ပြီ။ ကုန်ဆုံးသွားသော မိနစ်၊နာရီ၊နေ့ရက်နှင့် နှစ်များတွင် သတိမကပ်ခဲ့သမျှ ဦးနှောက်သည် သုံးမိနစ်ပင် ကွန်ပျူတာ စာမျက်နှာကို မကြည့်ဘဲ မကုန်လွန်ခဲ့သောကြောင့် ယခုအချိန်တွင် တရားထိုင်ခြင်းသည်ပင် ခက်ခဲလှစွာ၏။
*****
ကျွန်မသည်ငယ်စဉ်က သတင်းအယ်ဒီတာ တစ်ဦးဖြစ်သည့်အလျောက်အင်တာနက်လှိုင်းစီးခြင်းကို တစ်နေ့လျှင် နာရီပေါင်းများစွာ အသုံးချခဲ့ရသဖြင့် Information Literacy သတင်းအချက်အလက်ကို ခွဲခြားစိပ်ဖြာနိုင်စွမ်းတွင် မညံ့လှရာ ရှင်တို့ ဆိုရှယ်မီဒီယာအနေဖြင့် ကျွန်မတို့ကဲ့သို့သော သုံးစွဲသူများ၏ ဒေတာများရောင်းစားနေသည်ကို စောစီးစွာပင် ရိပ်မိခဲ့ပါသည်။
သို့ရာတွင် ဆိုရှယ်မီဒီယာနှင့် အဆက်ဖြတ်ခြင်းမှာ ကျွန်မအတွက် ကြာလေ ဝေးလေ လိုက်လေပြေးလေ ဆိုသော စကားနှယ်ပင်။ သုံးစွဲမှု အချိန်ကြာလာလေလေ ပစ်ပယ်ရန်ခက်ခဲလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသောကြာလာသည်နှင့်အမျှ မိတ်ဆွေများနှင့် ပတ်သက်သော မှတ်ဥာဏ်များ Facebook စာမျက်နှာပေါ်တွင် တိုး၍တိုး၍လာသည်။ ကျွန်မကရပ်ပစ်ချင်သည့်တိုင်အောင် အလုပ်နှင့်ပတ်သက်နေသောအချက်အလက်များ၊ မိတ်ဆွေနှင့် မိသားစုဝင်များနှင့် ချိတ်ဆက်နေသောသံယောဇဉ်များဖြင့် ကာမဘုံသား ဆုံလည်နွားနှယ် တ၀ဲလည်လည်ပင်ဖြစ်ခဲ့သည်။
ကျွန်မ၏ ဒေတာများကို ရောင်းစားနေသည်ဟု ပြောလျှင် အတိအကျမမှန်ပေ။ အမှန်စင်စစ် ကျွန်မကိုယ်တိုင်က ရှင်၏ ဈေးဗန်းထဲမှ ရောင်းကုန်တစ်ခု ဖြစ်လာနေခြင်းဖြစ်သည်။ ရှင်သည် ကျွန်မကို ကြော်ငြာရှင်များ ချဉ်းကပ်နိုင်ရန်အခွင့်ပေးခြင်းအားဖြင့် ကျွန်မထံရောက်သောလမ်းကို ရောင်းစားနေသည်မဟုတ်ပါလား။ ရှင်းရှင်းဆိုရသော် ကျွန်မသည် ရှင်၏ကမ္ဘာထဲတွင် နေထိုင်ရသည့်အတွက် ရှင်တို့ကောက်သောအခွန်ကို ပေးနေရခြင်းမဟုတ်ပါလား။
******
ရှင်တို့၏ Algorithm (ကွန်ပျူတာစနစ်အားဖြင့် ဖြစ်တန်ခြေကို တွက်ချက်ခြင်း) မှာ ကြောက်စရာကောင်းအောင်ပင် ကျွန်မအကြောင်းကို ဖော်နိုင်ပါသည်။
တစ်ခါက ကျွန်မသည် ကျွန်မတို့ အိမ်ထောင်ဦးက ပစ္စည်းကလေးဖြစ်သော ရေဒီယိုပါဖွင့်နိုင်သည့် ဒစ်ဂျစ်တယ် နာရီကလေးပေါ် မတော်တဆရေများဖိတ်မိသဖြင့် ၀ါယာကြိုးငယ်များလောင်သွားသည်ထင့်။ နာရီကိုပြသောဂဏန်းများ အလင်းရောင် ပျက် သွားသဖြင့် ဂဏန်းများမှာ အမှန်ကိုမပေါ်နိုင်တော့။ ခင်ပွန်းသည်နှစ်သက်သော ရေဒီယိုလိုင်းများကို နားထောင်နေကျဖြစ်သည့်အပြင် ဂဏန်းကလေးများအပြည့်မပေါ်လျှင် ကြည့်မကောင်းတော့သဖြင့် တစ်ပုံစံတည်းတူသည်ကို အစားပြန်ဝယ်ပေးနိုင်ရန် ထိုပစ္စည်း၏ မူရင်းဝက်ဘ်ဆိုက်တွင်ဈေးနှုန်းကိုစုံစမ်း၏။ ကျွန်မထင်ပါသည်။ နောက်ထပ်တစ်ပတ်လုံးလုံး ထိုရေဒီယိုကလေးသည် ကျွန်မ၏ Facebook စာမျက်နှာပေါ် ကြော်ငြာနေရာမှ မဆင်းတော့ပါ။
ဤနည်းဖြင့်ပင် စီးပွားရေးလုပ်ငန်းများနှင့်ရှင်တို့သည် ဝေစားမျှစား ကြီးပွားရေးလမ်းများပွင့်နေကြသည် မဟုတ်ပါလား။ တစ်ဘက်တွင်ဈေးဝယ်သူအတွက် လွယ်ကူအဆင်ပြေစေရန်ဟု ဆိုသော်လည်း တစ်ဘက်တွင် ကျွန်မ၏ အချိန်၊ ကျွန်မ၏ အာရုံဝင်စားမှုကို ပြန်လည် ပေးဆပ်ရမှုတို့မှာ အကုန်အကျများလှပေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မ စွဲလမ်းခဲ့ပါသည်။
ရှင်တို့သည် လူတိုင်းကို ထိုသို့စွဲလမ်းအောင် လူ့စိတ်သဘောသဘာဝအားနည်းချက်များကို အမြတ်ထုတ်ရန် ရည်ရွယ်ချက်ရှိရှိနှင့်ပင် အမြတ်အစွန်းကိုသာ ဦးစားပေးသည့် ဒီဇိုင်းရေးဆွဲခဲ့ကြောင်း၊ လူတို့ကို ဘိန်းစွဲသလိုစွဲသည့်စိတ်ကို နှိုးဆွနိုင်အောင် နည်းပညာကို အညှာအတာမရှိ အသုံးချကြောင်း ပြောခဲ့ကြသူတို့လည်း ပေါ်လာခဲ့ကြသည်။ အခြားလူများမဟုတ်။ ရှင်တို့ကုမ္ပဏီကိုတည်ထောင်ခဲ့ကြသူများထဲတွင် အပါအ၀င်ဖြစ်သော ကုမ္ပဏီ၏ သုံးစွဲသူတိုးပွားရေးဌာန ဒုဥက္ကဌဟောင်း ချမက် ပါလီဟပီတီယ နှင့် ယခင် Facebook ဥက္ကဟောင်း ဘီလျံနာ ရှောင်းပါကာတို့က ပြောခဲ့ကြခြင်းဖြစ်သောကြောင့် အလေးအနက် ထားရမည့် စကားများဟု ကျွန်မထင်ခဲ့ပါသည်။
*******
ရှင်တို့၏ ကုမ္ပဏီပိုင်ရှင်မှာ သူ၏ စာမျက်နှာကို သူကိုယ်တိုင် မသုံး၊ လူ ၁၂ ယောက်မျှ သူ့ကိုယ်စားသုံးပေးရန် ဌားထားသည်ဟူသော သတင်းများထွက်လာချိန်တွင် ကျွန်မမှာ သူ့လိုပင် သက်လတ်ပိုင်းအရွယ်သို့ရောက်လာပေပြီ။ သူ့လောက်ကား စမတ်မကျခဲ့ပါ။ ရွေးချယ်စရာရှိလျှက်နှင့်ပင် စွဲလမ်းနေခဲ့ခြင်းသည် ကျွန်မ၏ အပြစ်မျှသာဟု ထင်လာသောအရွယ်သို့ကား ရောက်ခဲ့ပြီ။ Cambridge Analytica သို့ လူသန်းပေါင်း ၉၀ နီးပါး၏ ဒေတာများကို ရှင်တို့ ရောင်းစားခဲ့ခြင်းက အမေရိကန်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် ဆိုးကျိုးများသက်ရောက်မှုရှိခဲ့သည်ဟု ကြားစဉ်က ကျွန်မ၏ ဥာဏ်ရှိသောမိတ်ဆွေများစွာမှာ ရှင်တို့ကို ကျောခိုင်းသွားခဲ့ကြပါသည်။ သန်း ၉၀ နီးပါးဆိုသော လူသည် မြန်မာနိုင်ငံလူဦးရေ၏ နှစ်ဆနီးပါးဖြစ်လုနီးပြီမဟုတ်ပါလား။
အကယ်၍သာ ရှင်တို့သာ ကြင်နာခဲ့ပါမူ ၊အမြတ်ကိုဦးစားမပေးခဲ့ပါမူ ယခုအချိန်တွင် အမေရိကန်များစွာတို့၏ ကမ္ဘာကို မျက်နှာပူရခြင်း၊ မျက်နှာပျက်ရခြင်းများကို ကယ်ဆယ်နိုင်ပေမည်။ ယခုအခါ ရှင်တို့ကြောင့်သာ ကျွန်မတို့မှာ လူပျက်သမ္မတကြောင့် ရယ်ရမလိုလို ငိုရမလိုလိုနေ့များရရှိခဲ့ကြပေသည်။ ဤကာလအတွင်း သမ္မတထရမ့်၏ ကျန်သက်တမ်းကာလအတွင်းကမ္ဘာပေါ်တွင် ပြန်ပြင်ရန်မလွယ်သော အကျိုးဆက်များစွာ ကျန်ရစ်ခဲ့လျှင် Cambridge Analytica ကို မဲဆန္ဒရှင်တို့၏ အချက်အလက်များကိုရောင်းစားခဲ့သော ရှင်တို့လက်ချက်ကင်းမည်မဟုတ်ဟု ကမ္ဘာသည် မှတ်တမ်းအသေအချာတင်တော့မည်။
********
ကျွန်မကား ဆိုရှယ်မီဒီယာများအားထွက်ခွာကုန်ကြသော သူများကို များစွာအားကျပါ၏။ သို့သော် ဟိုဘက်ရပ်ကွက် အင်စတာဂရမ်မှာ ပို၍လုံခြုံသလိုလိုရှိသော်လည်း ပိုင်ရှင်မှာ ရှင်တို့သာဖြစ်နေရာ အိမ်ပြောင်းခြင်းကြောင့် အချိန်ပိုကုန်ရန်သာရှိသည်ဟုတွေးမိသည်။ ကျွန်မသည် တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဟူ၍ မထူးဇာတ်ခင်းကာ ဤဆိုရှယ် ဒွန်နယာကြီးတွင် သောင်တင်ကျန်နေခဲ့ရခြင်းကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်လှသည်တော့မဟုတ်ချေ။ ကျွန်မမှာ ရံဖန်ရံခါ Deactivated လုပ်ကာ လူတကာလမ်းသလားသော ပွဲဈေးတန်းနှင့်တူလှစွာသော Facebook ပေါ်မှ ထွက်ပြေးတတ်သော်လည်း ပြန်ပြန်ရောက်လာတတ်သည်။ ချက်ချင်းလက်ငင်း အပြီးနှုတ်ဆက်ရန် မဖြစ်နိုင်ခဲ့ပေ။ ယာယီထွက်ပြေးခြင်းကိုမူ ကျွန်မက Detoxification ဟုခေါ်ပါသည်။ ဆိုရှယ်မီဒီယာ ဥပုသ်စောင့်သည်ဟု ဆိုကြပါစို့။
*********
မူးယစ်ဆေးစွဲသူများကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုအဖြစ်သို့ရောက်အောင် ရှင်တို့ကို မစွဲလန်းခဲ့သော်လည်း စိတ်ပညာဆရာတို့၏ အလိုအရ ဆိုရှယ်မီဒီယာသည် လူတို့၏အောက်ပါ စရိုက်များကို နာနာလေ့လာလျှက် စွဲလန်းအောင်ပြုစားထားသည်ဟု ဆိုကြသည်။ အဆိုးချည်းမဟုတ် အကောင်းများလည်း ရှိပါသည်။ သို့သော်သူကပေးသော အကျိုးမှာ လွှင့်ပစ်ရမှာလည်း အဆီနဲ့ တ၀င်းဝင်း၊ စားတော့လည်း သဲတရှပ်ရှပ် ၀က်သားတုံးနှင့် မကွာလှပေ။ အဘယ့်ကြောင့် သဲရှပ်သော်လည်း စားချင်နေမြဲ ဖြစ်ကာသဲများကို မျိုချနေ ရသည်ကို နည်းပညာဆိုင်ရာစွဲလမ်းမှုများကို ကုသော စိတ်ပညာဆရာ ဒေါက်တာဘရန့်ကွန်းရက်ဒ်က ဤသို့ဆိုပါသည်။
(၁) သုံးစွဲသူတို့အနေဖြင့် မိတ်ဆွေများ၏ သာကြောင်းမာကြောင်းကို သိရန်၊ လူချင်းအဆက်မပြတ်ဘဲ မြင်တွေ့နေကြရန် နေရာတစ်ခုသို့ များစွာအင်အားစိုက်ထုတ်စရာမလိုဘဲ ရောက်ရှိနေနိုင်သည်။
(၂) သတင်းအချက်အလက်ရလျှင် လူ့သဘောက ဝေလိုမျှလိုသည်။
(၃) သတင်းအချက်အလက် ကြိုက်တတ်သူ အချက်အလက်နောက် လိုက်တတ်သူတို့အတွက် ဟင်းလေးအိုးဖြစ်နေတတ်သည်။ သို့သော သဲတရှပ်ရှပ်ဟင်းအိုးဖြစ်ကြောင်း ဆိုခဲ့ပြီးပါပြီ။
(၄) လူတို့သည် အတင်းအဖျင်းကိုကြိုက်တတ်သည်။
(၅) မိမိကိုယ်တိုင်ကို ဆိုရှယ် မီဒီယာပေါ်တွင် ဇာတ်လိုက်များအဖြစ် တည်ဆောက်ရန် ကြိုးစားလိုကြသည်။
(၆) ဘ၀အမှတ်တရများကိုသိမ်းထားလိုကြသည်။ သူတပါး၏ အမှတ်တရများကို ချောင်းကြည့်လိုကြသည်။
(၇) လူ့သဘာဝအရ မိမိခံစားချက်များကို ဖော်ပြခြင်းအားဖြင့် ရင်ဖွင့်လိုကြသည်။ နားလည်မှုကိုတောင်းခံလိုကြသည်။
(၈) မိသားစုများနှင့် ဝေးဝေးနီးနီး အတူရှိနေသလို ဘယ်သူက ဘယ်သွားပြီး ဘာလုပ်သည်ကို သိနေနိုင်သည်။
(၉) ပျင်းလျှင်၊ စိတ်ဓါတ်ကျလျှင်၊ စိတ်ညစ်လျှင် လျှောက်သွားစရာနေရာတစ်ခုဖြစ်သည်။
(၁၀) သက်ဝင်လှုပ်ရှားနေသော ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် မိမိမှာ ၀င်ပါနိုင်သည်။ ( YBS ကိစ္စလည်းပါ၊ အကယ်ဒမီကိစ္စမှာလည်း အာနိုင်သည်။)
(၁၁) တစ်ယောက်တည်း မနေတတ်သောလူ့သဘောအရ လူအချင်းချင်းထိတွေ့နေရခြင်းကို နှစ်သက်သည်။ အထီးကျန်နေခြင်းထက်စာလျှင် အနည်းဆုံးရန်ဖြစ်ငြင်းခုံနေရခြင်းကိုပင် မသိစိတ်ကကြိုက်နေနိုင်သည်။
(၁၂) သူ့ကိုတော့ ငါမခေါ်မပြောချင်သေး၊သို့ပေသည့် သူ့အကြောင်းတော့ သိချင်သေးသည် ဆိုသော ဇာတ်လမ်းများအတွက် Facebook မှာ အသုံးဝင်လှသည်။
(၁၃) သူတပါး၏ ဂရုစိုက်မှုကိုရခြင်း၊ အသိအမှတ်ပြုခံရခြင်း၊ ချစ်ခင်မှုကိုရခြင်း၊ စန်းပွင့်ခြင်းအစရှိသည်တို့ကို လူ့သဘောကကြိုက်တတ်ခြင်းရှိသည်။
(၁၄) Facebook ကြီးထဲဒီနေ့ မ၀င်ရင် အပြင်မှာ ဘာတွေဖြစ်သလဲသိရတော့မှာ မဟုတ်ဘူးဟု ထင်နေခြင်း၊ သွားဦးမှပဲဟု စေ့ဆော်မှုကကြီးမားခြင်းရှိသည်။
(၁၅) ခင်မင်မှုကို အရေအတွက်များဖြင့် တိုင်းတာနိုင်သည်။ ( Friends မည်မျှ၊ ၊ Like မည်မျှ၊ အသည်းမည်မျှ၊ ဟဟမည်မျှ၊ ဟဟတောင် တစ်ဝက်ပဲရမယ်ဟူသော မှတ်ချက်မည်မျှ)
(၁၆) Facebook ကြည့်နေတာပဲ၊သတင်းတွေသိအောင်လို့ပါ၊ အချိန်ဖြုန်းနေတာမဟုတ်ဘူး ဟု ဖြေသိမ့်နေတတ်ကြသည်။ (အမှန်က သတင်းတစ်ခုတည်းကိုလူပေါင်းများစွာက ထပ်ကျော့နေသဖြင့် ကုန်ရသောအချိန်က ရုပ်သံ သတင်းကိုကြည့်ချိန်ထက်များစွာပိုကုန်သည်။)
(၁၇) ဂိမ်းကစားခြင်းမှာ စွဲလမ်းတတ်ရာ Facebook ၏ Function များက ကစားစရာ ဂိမ်း နှင့် လူမှုရေးတုံ့ပြန်ဆက်ဆံရေးနည်းလမ်းများ ( tools )များကို ရောမွှေပေါင်းစပ်ထားခြင်းကြောင့် လူကြီးများပင် ဂိမ်းဆော့ရသလို စွဲနေတတ်သည်။(ဥပမာ- GIF များကို လိုသလို ဘေလ်ကုန်ခံ၍ရှာဖွေနိုင်ခြင်း )
(၁၈) ဂုဏ်တုဂုဏ်ပြိုင် နေရာတစ်ခုဖြစ်နေသည်။(အိမ်ကြွားခြင်း၊ရုံးကြွားခြင်း၊ သားသားမီးမီးကြွားခြင်း၊ ခွေးကြွားခြင်း၊ အိမ်ထောင်ဖက်ကိုကြွားခြင်း၊ ဆိုဖက်ဆက်တီကိုကြွားခြင်း၊ မခို့တရို့ကြွားခြင်း၊ ဗြောင်အတင်း ငါ့ကိုကြည့်ဟု ကြွားခြင်း၊ ဒေါသဖြင့်ကြွားခြင်း၊ ပြုံးပြုံးကလေးကြွားခြင်း၊ ညည်းကြွားကလေး ကြွားခြင်း)
(၁၉) သူများတွေ ငါ့အကြောင်း ဘာများပြောနေဦးမလဲ ဆိုတာကိုသိချင်ခြင်း၊ ငါ့အကြောင်းကိုငါနဲ့ သက်ဆိုင်သူတွေ ဘာများပြောဆိုရေးသားနေကြမလဲဟူသော မလုံမခြုံ စိတ်ဖြင့် Facebook မှ မခွာနိုင်ခြင်းတို့တွေ့ရသည်။
(၂၀) အပြင်ကမ္ဘာတွင် အထီးကျန်သူဖြစ်နေခြင်း၊ Facebook သုံးခြင်းအားဖြင့် အဖော်ရှိသားပဲဟူသော ခံစားချက်ကိုရသည်။
ထိုသို့ လူတို့၏ စွဲလမ်းစိတ်များကို နှိုးဆွတတ်သောလက်နက်တစ်ခု ဖြစ်နေစေကာမူ ကျွန်မမှာ အသက် ၆၀ အထိသုံးစွဲခဲ့သည်ဖြစ်ရာ ထိုထိုသော အချက်များကြောင့် ကျွန်မ၏ ပြန်မရနိုင်သော လူငယ်၊ လူလတ်ဘ၀မှ အချိန်များ၊ ကျွန်မ၏ ကျန်းမာရေးနှင့် ဘ၀ကူးချိန်အတွက် ပြင်ဆင်ရန် များစွာ အားနည်းခြင်းတို့ကို တွေးမိသောအခါ နောင်တရမဆုံးပါ။နှောင်းလူတို့သည် ကျွန်မ၏ ဤ၀န်ခံချက်များကို ဖတ်မိသော် ဆင်ခြင်နိုင်ကြပေလိမ့်မည်။
ကျွန်မမှာ ယခုအခါ ရှင်တို့ကို အပြီးသတ်ခွဲခွာနိုင်ခဲ့ပြီဖြစ်သောကြောင့် နှလုံးစိတ်ဝမ်းများလည်း ယခင်ထက်ပိုမိုချမ်းမြေ့လျှက်ရှိပါသည်။ တစ်ခုသောနောင်တကား ဘာ့ကြောင့် သည့်ထက်စောစောမဖြတ်နိုင်ပါလိမ့်ဟူသော စိတ်ဆင်းရဲခြင်းဖြစ်သည်။
Facebook က ကျွန်မကို ဆယ့်ငါးမိနစ်စာကျော်ကြားမှုများ Fifteen minute-fame ရံဖန်ရံခါပေးခြင်းကို များစွာတက်မက်လျှက် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကို လျစ်လျူရှုခဲ့သည်။ ကျွန်မတို့မျိုးဆက်သည် မောင်ပိုနေမြဲ ကျားနေမြဲ ဘာသိဘာသာ နေတတ်ကြလွန်းသဖြင့် Cambridge Analytica အရေးအခင်းအပြီးနှစ် ၂၀ ခန့်အကြာတွင် ကမ္ဘာပေါ်၌ အရည်အသွေးပြည့် ဒီမိုကရေစီနိုင်ငံဟူ၍ပင်မကျန်တော့သလောက်ပင်ဟု တလောက သတင်းစာတစ်စောင်ကရေးသည်။
**********
သတင်းအချက်အလက်အမှားအယွင်းများ၊ သုံးစွဲသူအတုများ မိုးဦးကျယင်ကောင်လို (မှိုလိုဟုမပြော၊ တောပြောင်သောကြောင့် မှိုမှာမပေါတော့) ပေါနေသော ဤကမ္ဘာအတုအယောင်ပေါ်တွင် ငွေအင်အားကြီးလျှင်ကြီးသလောက် ကြော်ငြာဝယ်ကာ၊ စာမျက်နှာထောင်ကာ၊ Like ချူကာ နိုင်ငံရေးတွင် ၀င်စွက် နိုင်သည်ကို သိလျှက်နှင့် မျက်စိမှိတ်ကာ ဆက်သုံးနေခဲ့သော ကျွန်မတို့မျိုးဆက်များတွင် တာဝန်ကင်းပါ၏လော။
ဒီမိုကရေစီကိုအနှောင့်အယှက်ပေးသူတို့ အားကြီးလာနိုင်သည့်ဖြစ်တန်ခြေကို သိလျှက်နှင့် နှုတ်ဆိတ်ကာ အတင်းအဖျင်းကိုသိချင်ရုံ၊ ကြွားစရာနေရာရရုံ နေထိုင်ခဲ့ကြသော ကျွန်မတို့သည် နောက်ဆုံးတစ်နေ့ရင်ဆိုင်ရမည့် အဆုံးသတ် ကိုတွေးထားပြီးပြါ့ပီလော။ရှင်တို့အနေဖြင့် ဤစာဆုံးချိန်တွင် ကျွန်မအကြောင်းကို ကျွန်မထက်ပင် ပိုသိနေအောင် မွှေနှောက်ခဲ့ကြပြီးဖြစ်မည်ထင်ပါသည်။ ကျွန်မကဲ့သို့ လူပေါင်းဘီလီယံ၏ အကြောင်းခြင်းရာများစွာကိုလည်းရှင်တို့ သိလိုခဲ့ကြပါသည်။ သို့သော် ရှင်တို့ မသိချင်ခဲ့သည်မှာ ရှင်တို့ ကျွန်မတို့အားလုံး ချန်ရစ်ခဲ့မည့် ကမ္ဘာ အကြောင်းကို ဖြစ်ပါသည်။ သို့မဟုတ် အဆုံးသတ်ကိုခန့်မှန်းနိုင်ပြီးဖြစ်ပါလျှက်ကယ်နှင့် မသိချင်ယောင်ဆောင်ပြီး ခရီးဆက်နေကြသည်လား။ ကျွန်မသည် ဤစာကို ကျွန်မနှစ်သက်သော နေမျိုး၏ ကဗျာပါ စာပိုဒ်အနည်းငယ်ဖြင့် အဆုံးသတ်လိုပါသည်။
ကျွန်တော်ဟာ အသက်၆၀ ပြည့်ရင် ဒီလိုနေထိုင်မယ်
ဘီယာဆိုင်ထဲမှာ ညနေခင်းတွေကိုကုန်လွန်စေပြီး
လူငယ်တွေကို ကိုယ်တိုင်ပါဝင်ကပြခွင့်မကြုံလိုက်တဲ့ ပြဇာတ်တစ်ပုဒ်လို ထိုင်ကြည့်နေမယ်။
ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
ဒီလိုစာအုပ်တွေဖတ်မယ်
သူတို့ဟာ တောင်ထိပ်ကိုခက်ခဲပင်ပန်းစွာတက်ခဲ့ကြတယ်။
ဒါပေမယ့် တောင်ထိပ်မှာ ဘာမျှမရှိ
သူတို့ဟာ သူတို့ အမည်နာမတွေကို
ကျောက်တုံးတွေပေါ်မှာ ထွင်းထုထားရစ်ခဲ့ကြလေရဲ့ဆိုတဲ့ စာအုပ်မျိုး။
******************
ဆိုရှယ်မီဒီယာပေါ်မှ ကျော်ကြားမှုဆိုသည်မှာ တောင်ထိပ်ဆုံးရောက်ပြီး ဘာမှမတွေ့ရသဖြင့် ပြန်ဆင်းလာရ သော အဖြစ်မျိုးပင်ဟု ပြောခဲ့သူ သန်းပေါင်းမည်မျှရှိမည်နည်းဟု ဆံပင်ဖြူများသာ ကျန်သော ကျွန်မတွေးမိပါသည်။ ယခုအချိန်တွင် ကျွန်မသည် ဘီယာဆိုင်ထဲကလူကဲ့သို့ ဆိုရှယ်မီဒီယာလောကကို ကိုယ်ကိုယ်တိုင် ကခွင့်မရတော့သော ဇာတ်ထုတ်တစ်ခုလို ချန်ထားခဲ့ပြီ။ တကယ့်လောကကို နေ၀င်ချိန်တွင် ထိုင်ကြည့်နေမိသည်။ ကမ္ဘာကြီး တွင် ဒီမိုကရေစီ ကို မည်သည့်နေရာများတွင် တွေ့နိုင်ပါသေးသနည်း။