ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● အာဏာရှင်စနစ်ကချန်ထားရစ်သည့် ဗျူရိုကရေစီကြိုးနီ စနစ်ကို ဖယ်ရှားကြဖို့ လိုပြီ

ဇင်လင်း ● အာဏာရှင်စနစ်ကချန်ထားရစ်သည့် ဗျူရိုကရေစီကြိုးနီ စနစ်ကို ဖယ်ရှားကြဖို့ လိုပြီ
(မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၈

ယနေ့မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်သည် အတိတ်မှအရိပ်မည်းများ လွှမ်းမိုးမှုအောက်မှ လုံးဝလွတ်မြောက်ပြီဟု မဆို နိုင်သေးပေ။ အာဏာရှင်စနစ်ကချန်ထားရစ်သည့် ဗျူရိုကရေစီ ကြိုးနီအထပ်ထပ်ကို ဖြတ်တောက်ဖယ်ရှင်းရသော အလုပ်မှာ အခက်ခဲဆုံးဟု ဆိုရမည်။ ပြည်သူလူထုမှာ ယနေ့အထိ စိတ်အေးချမ်းသာဖြင့် လုပ်ကိုင်နေထိုင်စားသောက်နိုင် ခွင့်မရရှိသေး ပေ။ အာဏာရှင်ကြိုးနီစနစ်အောက်တွင်ရရှိခဲ့သော အလေ့အကျင့်များကို အစိုးရဝန်ထမ်းများ ဆက်လက်ကျင့်သုံးလျှက် ရှိ နေသေး၍ ပြည်သူအတော်များများက အစိုးရရုံးများကို တတ်နိုင်သမျှရှောင်ကြဉ်နေကြဆဲ ရှိသည်။ နိုင်ငံ့ဝန်ထမ်းတို့သည် ပြည်သူ့ဆန်စားနေကြသူများဖြစ်သဖြင့်၊ ပြည်သူကို လေးစားကြဖို့လိုသည်။ ပြည်သူတို့အား အမြဲကူညီရန် အဆင်သင့်ဖြစ် နေဖို့လည်း လိုသည်။

ရာထူးတာဝန်ကြီးလေ၊ ပြည်သူအတွက် တာဝန်ပို၍ကျေပွန်လေ ဖြစ်အောင်ကြိုးပမ်းရမည်။ ယခုခေတ်သည် အာဏာရှင် ဗျူရိုကရေစီကြိုးနီစနစ်ကို မနှစ်မြို့တော့သဖြင့် ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းနေချိန်ဖြစ်သည်ကို အစိုးရ ဝန်ထမ်း များ နားလည်သိရှိထားသင့်သည်။ ဒီမိုကရေစီစနစ်တွင် အချင်ချင်း အပြန်အလှန်လေးစားမှု အရေးကြီးသည်။ မိမိတို့တာဝန် ယူရသော ရာထူးတာဝန်အလိုက် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လိုရုံ မက၊ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် လည်းလိုသည်။ အစိုးရဝန်ထမ်းတို့အနေဖြင့် ပြည်သူနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာရှိရမည်။ အာဏာရှင်ခေတ်ကကဲ့သို့ ပညာပြခြင်း၊ အထက်စည်းမှ သဟောက်သဟန်း ပြောဆိုခြင်းများကို ခဝါချဖို့ အလွန်အရေးကြီးသည်။ ပြည်သူလူထုသည် မိမိတို့၏ ထမင်းရှင်ဖြစ်သည့်အချက်ကို မမေ့သင့်ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူမှု (၂) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ယခု ဧပြီလ ၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ၎င်းမိန့်ခွန်းတွင် ဒေါ်အောင် ဆန်းစုကြည်က- “ယခုနိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်နိုင်ခြင်းဟာ ကျွန်မတို့ ဒီမိုကရေစီ နိုင်ငံ ရေး ရင့်ကျက်တည်ငြိမ်လာမှုကို ရောင်ပြန်ဟပ်ပါတယ်။ သမ္မတကြီးဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည် ထောင်စအချိန်မှာပဲ ပါတီဝင်ဖြစ်လာပြီး၊ ကိုယ်ရောစိတ်ပါ၊ ကျွန်မတို့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီ လုပ်ငန်းတာဝန်များကို အကြီးအသေး၊ အမြင့်အနိမ့်မရွေးဘဲ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးဆောင်ဦးရွက် ပြုသူတို့ ရဲ့ဂုဏ်ရောင်ဟာ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ယခု ကျွန်မ တို့ ဒီမိုကရေစီလှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတစ်ဦးကို ဒုတိယမျိုးဆက်လို့ခေါ်ဆိုရမယ့်သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များ အားလုံးရဲ့ ဂုဏ်ရောင်ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားအရ သမ္မတသစ် ဦးဝင်းမြင့်သည်  နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာတို့ ဖြင့် ထမ်းရွက်မည့်ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ သမ္မတသစ်က ပြည်သူများအတွက်  ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကြိုးနီစနစ်များကို ဖြေလျော့သွားမည်ဟုလည်း ပြောဆိုထားသည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေသော အဂတိလိုက်စားမှု များ ကိုလည်း စနစ်တကျတိုက်ဖျက်ခြင်းဖြင့် နိုင်ငံသူနိုင်ငံသားများ၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။ ၎င်းအပြင် ဥပဒေမဲ့သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမ္မတသစ်ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က – “နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က၊ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ကျွန်မတို့အစိုးရရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ များရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာပါပါတယ်။ ကျွန်မတို့ အစိုးရရဲ့ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း ချပြသွားခဲ့ပါတယ်။ အကယ်၍ သေချာစွာနားမထောင်ခဲ့ကြရင် ပြန်ဖတ်ကြပါ။ သမ္မတကြီးရဲ့မိန့်ခွန်းက အရေးကြီးပါတယ်။” ဟု ပြောဆိုထားသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ ဦးစားပေးကိစ္စ ၃ ရပ်သည် လက်ရှိအစိုးရ၏ ပဓါန မူဝါဒဟု ဆိုနိုင်သည်။ ၎င်းမူဝါဒများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ များက ကြိုဆိုထောက်ခံကြသည်ဟုလည်း ကြားရသည်။

၃ဝ-၃-၂ဝ၁၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့်မိန့်ခွန်းတွင် “ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာ ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည် မှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်သူတွေ အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါ တယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြ ဖို့၊ ကျွန်တော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူနိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ တစ်ဆက် တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါတယ်။” ဟု အထူးပြု ပြောကြားမှုကို သတိပြုမိသည်။

ထို့ကြောင့် သမ္မတ ဦးဝင်းမြင့်သည် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များဖြစ်ကြသော လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်း အချက်အလက်ရယူပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တို့သည် ပွင့်လင်း လွတ်လပ် သော လူမှုအဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော  ဒီမိုကရေစီ စံနှုန်းများဖြစ်သည့်အချက်ကို နားလည်သိရှိပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ‘လွတ်လပ်စွာ ဖွင့်ဟ ထုတ်ဖေါ် ပြောဆိုခွင့်’ နှင့်  ‘လွတ်လပ်စွာ သတင်းရေးသား ဖြန့်ချိပိုင်ခွင့်’ တို့ကို တာဝန်ခံမှုရှိရှိ လမ်းဖွင့်ပေးမှသာ လွတ်လပ်သော သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် အမှီ အခိုကင်းစွာ ပေါ်ပေါက်လာနိုင်မည် ဖြစ်သည်။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်သူတို့၏ နားများ မျက်စိများဖြစ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို အလေးအနက်ထားကြရန် ပြောဆိုရုံမက၊  အစိုးရက အလုပ်အကျွေးပြုရမည့် နိုင်ငံသူနိုင်ငံသားတို့၏ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြရန်လည်း နှိုးဆော်ခဲ့ သည်။ သမ္မတ ဦးဝင်းမြင့် က သတင်းမီဒီယာကို “ပြည်သူ့မဏ္ဍိုင်”ဟု အမည်တတ်ပြောဆိုခဲ့သည်ကို သတိပြုမိသည်။

ယနေ့ မြန်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်သုံးသပ်လျှင် ယခင်ကထက် အတော်အသင့် လွတ်လပ်လာသည်ဟု ဆိုနိုင်သော်လည်း သတင်းရယူရာတွင်၊ သတင်းများထုတ်လုပ် ဖြန့်ဖြူးရာတွင် အကန့်အသတ်များ၊ ခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၎င်းအပြင် ပဋိပက္ခဖြစ်ပွားနေသောနေရာဒေသများတွင် သတင်းများရယူရာ၌ သတင်းထောက်များ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသား ဒေသများတွင် သတင်းထောက်များအဖို့ လုံခြုံရေးအာမခံချက် လုံးဝမရှိချေ။ ၎င်းပြင် သတင်းထောက်များ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများနှင့် ဌာနဆိုင်ရာများမှ သတင်းများရယူရာတွင်လည်း ခွဲခြား ဆက်ဆံ ခံရမှုများရှိနေသည်။ နိုင်ငံသားတစ်ဦး၏ အခြေခံရပိုင်ခွင့်များပင် ဆုံးရှုံးလျက်ရှိနေသည်ဟု ဆိုသည်။ ပြည်နယ်လွှတ်တော် များနှင့် ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများမှ သတင်းထောက်များအပေါ် နည်းအမျိုးမျိုးဖြင့် ကန့်သတ်နေ ဆဲရှိသည်။ ယခု သမ္မတသစ်၏ မိန့်ခွန်းကို အကောင်းမြင်ရှုထောင့်မှ သုံးသပ်ရလျှင် သတင်းစာလွတ်လပ်ခွင့် အခြေအနေ ပိုကောင်း လာဖွယ်ရှိနေသည်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် NLD အစိုးရ၏ ကျန်ရှိနေသော ၂ဝ၁၈ – ၂ဝ၂ဝ သက်တမ်းအတွင်း မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများလုပ်မည့် အလာအလာများတွေ့မြင်နေရပြီး၊ သတင်းမီဒီယာ မူဝါဒလည်း အပြောင်းအလဲ ရှိလာနိုင်သည်။

NLD အစိုးရ တာဝန်ယူမှု (၂) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က- “ကျွန်မတို့ အစိုးရရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ပြည်သူများရဲ့ လူမှုစီးပွားရေးဘဝ တိုးတက် မြင့်မားရေးလည်းပါပါတယ်။ ဒီရည်မှန်းချက် ဘယ်လောက်အထိ ဖြစ်မြောက်အောင် စွမ်းဆောင် နိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်ပါတယ်။ လမ်းတွေ ဘယ်နှစ်မိုင် ဖောက်နိုင်ခဲ့တယ်၊ တံတားတွေဘယ်နှစ်ခု တိုးတက်လာတယ်၊ လျှပ်စစ်မီးရသွားတဲ့ ကျေးရွာတွေ၊ မြို့တွေ ဘယ်လောက်များ လာတယ်၊ စသဖြင့် မွေးကင်းစမိခင်နဲ့ ကလေးဆုံးရှုံးမှုနှုန်းက ဘယ်လောက်မြင့် နေသေးတယ်၊ ရင်းနှီးမြှပ်နှံမှု ဘယ်လောက်နည်းနေသေးတယ်၊ ငွေကြေးဖောင်းပွမှု ဘယ်လောက် ရှိနေသေးတယ်။ ဒါတွေ၊ ဒါတွေကို ကိန်းဂဏန်းတွေနဲ့ ပြည်သူတွေကို တာဝန်သိစိတ်နဲ့ ပွင့်လင်းမြင်သာမှုကို အလေးထားတဲ့ အစိုးရပီပီ စဉ်ဆက်မပြတ် အသိပေးဖို့ ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားထားပါတယ်။” ဟု ၎င်း။

“ဒါပေမယ့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည်စုံအောင် ဖော်ပြလို့မရပါဘူး။ တစ်ခါတစ်လေလည်း အဖွဲ့အစည်းများအကြား ကိန်းဂဏန်း တွက်ချက်မှု မတူတာကြောင့် အဖြေမှန်ကို သိဖို့ခက်ပါတယ်။ ကိန်းဂဏန်းတွေက ပြနေတဲ့ အခြေအနေတွေဟာ ပြည်သူများရဲ့ လူမှုဘဝစီးပွားအပေါ် ဘယ်လောက်အစစ်အမှန် သက်ရောက်မှုရှိလဲ ဆိုတာ ကသာ အဓိကပါ။ ဥပမာ၊ ယခင်နှစ်အတွင်းမှာ ကျွန်မတို့ ပြည်ပဆန်တင်ပို့မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်မား ဆုံးအဆင့်ရောက်သွားပါတယ်။ ဒီတိုးတက်မှုဟာ ကျွန်မတို့ တောင်သူလယ်သမားများဘဝအပေါ် ဘယ်လို အကျိုး သက်ရောက်မှုရှိလဲ ဆိုတာကတော့ ဒါကအဓိကပါ။ ဒါတွေကို ဆန်းစစ်ပြီးမှ ကျွန်မတို့ရဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေကို ချမှတ် ရင်ဆိုင်မှာပါ။ လာမယ့်နှစ်အတွင်း ပြည်သူပြည်သားများ အတွက် အမှန်တကယ် အကျိုးဖြစ်စေမယ့် ဆောင်ရွက်မှုများကို ထပ်မံသတ်မှတ်ပြီး၊ နှစ်သစ်ကူးချိန်မှာ ချပြသွားမှာဖြစ်ပါတယ်။” ဟု ၎င်း။

“ဘယ်လိုစီမံကိန်းတွေပဲ ချမှတ်ချမှတ်၊ အကောင်အထည်ဖော်ရာမှာ စုပေါင်း လုပ်ဆောင်ခြင်းကသာ အောင်မြင်ခြင်းရဲ့ အဓိက အကြောင်းတရားဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့၊ ဂိုဏ်းဂဏ စိတ်တွေကို ဖယ်ရှားပြီး၊ နိုင်ငံနဲ့ ပြည်သူများအကျိုး သယ်ပိုး ရာမှာ၊ မည်သူကိုမျှ လက်ညှိုးမထိုး၊ မိမိရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကိုသာ လူတိုင်းလူတိုင်း အထွဋ်အထိပ်ရောက်အောင် ကြိုးစားဆောင်ရွက်မယ်ဆိုရင် ဘယ်လိုကြီးမား၊ ခက်ခဲတဲ့ စိန်ခေါ်မှုပဲဖြစ်ပါစေ၊ ကျော်လွှားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါ တယ်။” ဟု၎င်း ပြောကြားခဲ့သည်ကို သတိချပ်ကြရပေမည်။
သို့ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားချက်များနှင့် သမ္မတသစ်၏ ပြောကြားချက်များကို ထောက်ရှုပါက အစိုးရ၏ အရေးကြီးမူဝါဒများ ပြုပြင်ပြောင်းလဲလာမည့် အလားအလာများကို တွေ့မြင်နေရသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်မည်ဟု ဆိုထား သည်။ ထိုအချက်ကို ပြည်သူလူထုက လှိုက်လှဲစွာ ထောက်ခံနေကြသည်။ နှစ်ပေါင်း ၅ဝ ကျော် ပြည်သူ့ ရိက္ခာ ငွေကြေးကို စားသုံးလျှက် ပြည်သူ့သစ္စာကို စောင့်သိရန် မေ့လျော့နေ သည့် အစိုးရဝန်ထမ်းများအား စိတ်နေစိတ်ထား (Mindset) ပြောင်းလဲရေးအတွက် ထိထိရောက်ရောက် သတိပေးအရေးယူမှု စတင်နိုင်မှသာ ပြည်သူလူထု၏ နေ့စဉ်ဘဝအား အထောက်အကူ ဖြစ်ပေမည်။

နိုင်ငံတော်သမ္မတ အနေဖြင့်လည်း ဆိုခဲစေ မြဲစေဆိုသည့်အတိုင်း မိမိ၏ သန္နိဋ္ဌာန် အတိုင်း စည်းပျက်ကမ်းပျက် ဖြစ်နေကြသော ဝန်ထမ်းလောကအား ထိထိရောက်ရောက် ကိုင်တွယပြုပြင်ရန် လိုမည် ဖြစ်သည်။ အစိုးရဝန်ထမ်း လောကတွင် ပြည်သူကို အလုပ်အကျွေးပြုရမည်ဆိုသည်ကို မေ့လျော့နေရုံမက၊ ပြည်သူ့ ဆန်ကို စားနေ ကြသည် ဆိုခြင်းကိုပင် မေ့လျော့နေကြ သည်မှာ ကြာပေပြီ။ အစိုးရဝန်ထမ်းတို့က ပြည်သူတို့အား အထက်စည်းမှ ထန်ထန်မာန်မာန်  ဆက်ဆံနေကြသော အကျင့်စရိုက်များကို သမ္မတသစ်အနေဖြင့် ပြုပြင်ထိန်းသိမ်း ပေးနိုင်ပါက အဂတိ လိုက်စားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိုပါ ကြိုတင် တားဆီးရာရောက်နိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ လမ်းစဉ်သည် ပြည်သူကို စိတ်ရောကိုယ်ပါ လုံခြုံအေးချမ်းအောင် ကာကွယ်စောင့် ရှောက်သွားမည်ဟု အထပ်ထပ်အခါခါ ကတိပြုခဲ့ပေသည်။ ထို့ကြောင့် ယနေ့ အစိုးရဝန်ထမ်းတို့သည် ယခင်အာဏာရှင် ခေတ်ကို ပြန်လည် တသမနေဘဲ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့၏ စိတ်နေစိတ်ထားများကို ပြုပြင် ကာ NLD အစိုးရနှင့်အတူ လက်ငင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်ဟု ထင်မြင်မိပေသည်။

 

Photo credit : The Straits Times


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts