မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃ဝ)
(မိုးမခ) ဧပြီ ၈၊ ၂၀၁၈
လှသော ထက်သော ပြတ်သော ဝင်းမင်းသန်း
(မကြာမီ စာဖတ်သူတို့ထံ ရောက်လာတော့မည့် ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများစာအုပ်မှ ဖြစ်၏။ BBC Interview တွင် မင်း သမီး မလုပ်ဟု ဆို၏။ အေးချမ်းသောဘဝကို ရှာသွား၏)
(၁)
ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ရောက်သောနှစ်တွင် ဟောလိဝုဒ်က The Purple Plain ဇာတ်ကား မြန်မာပြည်၌ လာရိုက်မည်၊ မင်းသမီးအဖြစ် လူသစ်ကို ရှာဖွေမည် စသဖြင့် သတင်းများကြရသည်။ ထိုစဉ်က မြန်မာရုပ်ရှင် မင်းသမီး၊ ပြဇာတ်မင်းသမီး အချောအလှတွေလည်း အများကြီးပါ။ သို့သော်လည်း သူတို့ကမူ မျက်နှာသစ်ကိုသာ လိုချင်သုံးချင်ကြဟု ဆို၏။
ထိုအခါ တက္ကသိုလ်ကျောင်းသူ အချောအလှတို့ စိတ်ဝင်စားကြလေပြီ။
ကျွန်တော်တို့ 1953-54 Batch ထဲမှာပင် ချိုနွယ်ဦး၊ Patricia Pe Maung နုနုရီ စသူတို့က ရေးပန်းစား လူကြည့်များသူတွေပါ။ မြန်မာအမျိုးသမီးနှင့် နိုင်ငံခြားသားလေယာဉ်မှူးချစ်ကြသော ဇာတ်လမ်းမို့ အစွမ်းထက် အမြင်ကျဉ်းသည့် ပြည်ထဲရေး ဝန်ကြီးက မြန်မာပြည်၌ ရိုက်ခွင့်မပြုဟု ပိတ်လိုက်၏။ သို့သော် မင်းသမီးကိုမူ ဆက်လက်ရှာဖွေ၏။ Patricia Pe Maung ကိုရွေးသလို သတင်းကြားရ၍ ကျွန်တော်တို့ဝမ်းသာနေကြ၏။
ဗမာ့ခေတ်သတင်းစာတွင် သတင်းဆက်တိုက်ပါလာပြီး ဓာတ်ပုံကိုပင် ဖော်ပြလာလေပြီ။
၁၉၅၃ ခု၊ နိုဝင်ဘာလ (၂၈) ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာ၌ အရွေးခံရသော မဝင်းဝင်းမြင့်သည် ထိုင်မသိမ်းအင်္ကျီနှစ်စုံ၊ ချိပ် ဇင်းမယ် ရှမ်း ပလောင် ထဘီများယူဆောင်ကာ ခရမ်းရောင်လွင်ပြင် (The Purple Plain) ဇာတ်ကားရိုက်ရန် ထွက်ခွါသွားကြောင်း သတင်းပါလာသည်။
မဝင်းဝင်းမြင့်ဆိုသူက ဘယ်ကလဲ ဘာလဲ ဘယ်လောက်ချောလို့လဲ စသဖြင့်မေးကြတွေးကြ၏။
(၂)
၁၉၃၂ ခု၊ နိုင်ဝင်ဘာလ (၃ဝ) ရက်နေ့တွင် ပဲခူးမြို့၌ မွေးဖွားသော သယ်ယူပို့ဆောင်ရေးဋ္ဌာနမှ မန်နေဂျာ Mr Johnson ၏သမီး Helga Johnson ခေါ်အင်္ဂလိပ် ဗမာ ကပြားမလေးဖြစ်၏။ ဂျပန်ခေတ်တွင် မိဖများနှင့်အတူ အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်ရင်း Convent ကျောင်း၌ ပညာသင်ခဲ့သည်။ ၁၉၅၁ ခုတွင် လန်ဒန်မြို့ရှိ Marie Roberts အကသင်ကျောင်းသို့ မိဖများကစေလွှတ်၍ သွားတက်၏။ မိမိကခြေသည် မဖြစ်ချင် မဖြစ်နိုင်ပုံ မြင်၍ ရန်ကုန်သို့ ပြန်လာခဲ့သည်။
၁၉၅၃ ခု၊ ရဲဘော်သုံးကျပ်ဝင် ဗိုလ်စကြာနှင့် မေတ္တာမျှနေခိုက် မဝင်းဝင်းမြင့် ခရမ်းရောင်လွင်ပြင် ဇာတ်ကား၌ မင်းသမီးအဖြစ်အရွေးခံ၍ ရန်ကုန်ကထွက်ခွါသွား၏။ ဗိုလ်စကြာလိုက်သွားပြီး အီတလီနိုင်ငံ Rome တွင် လက်ထပ်ကြကြောင်း သတင်းများကြရသည်။
ထိုစဉ်က ဟောလိဝုဒ် ရုပ်ရှင်သတင်းများဖော်ပြသည့် ပြား ၃ဝ တန် Picture Goer အပတ်စဉ်ထုတ် စာစောင်ထဲ ခရမ်းရောင်လွင်ပြင် ရိုက်သည့် သတင်းနှင့်ပုံများ ကျွန်တော်တို့ဖတ်ကြရ၏။ မင်းသား Gregory Peck နှင့်တွဲရိုက်နေသူ မဝင်းဝင်းမြင့်အား မင်းသမီး ဝင်းမြင့်သန်းဟု ဖော်ပြထားသည်။
ဗိုလ်စကြာ (သခင် အောင်သန်း) ၏ဇနီးဖြစ်ပြီမို့ ဝင်းမြင့်သန်းဟု ပြောင်းလိုက်ခြင်းပါ။
၁၉၅၅ ခု၊ တွင် The Purple Plain ရုပ်ရှင် နမူနာကို ရန်ကုန်မြို့ Globe ရုံ၌ ပြသ၍ ကြည့်ကြရသည်။ Introducing a Burmese Beauty ဟုအစချီကာ ပြောကြားသူ (Narrator) က မင်းသမီးဝင်းမြင့်သန်း ကို ပီသအောင်အသံမထွက်နိုင်၊ဝင်း မိုင် အင့် သန်း–၊ မိုင် အင့် သန်း– ဟုဖြစ်နေ၍ ပရိသတ်က ဝိုင်းရယ်ကြသည်။ ဒါကိုသိသွားသော ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ Producer John Bryan တို့က အလေးအနက်စဉ်းစား ဆွေးနွေးကြပြီးနောက် ကာယကံရှင်မင်းသမီး၏ ခွင့်ပြုချက်နှင့် ဝင်းမင်းသန်းဟု ပြောင်းရကြောင်း မှတ်တမ်းများရှိ၏။
သည်လိုနှင့် ဝင်းဝင်းမြင့်မှသည် ဝင်းမြင့်သန်း–နေက်ဆုံး၌ ဝင်းမင်းသန်း တွင်သွားလေတော့သည်။
(၃)
Acually Filmed in the forests of Burma ဟုပြောသည်ကိုလည်း ပရိသတ်က ဟားကြ၏။
မြန်မာပြည်တွင် ရိုက်ခွင့်မရ၍ သီဟိုဠ် (ယခု သီရိလင်္ကာ) မှာ သွားရိုက်ရ၏။ ဝင်းမင်းသန်းနှင့် အခြား သုံးလေးယောက်ကလွဲပြီး ကျန်အားလုံး သီဟိုဠ် သားများ ဖြစ်နေကြသည်။ ဇာတ်လမ်း၌ အဓိကကျသူ ကလေးများလည်း မြန်မာနှင့် နည်းနည်းလေးမှမတူ။ ဒါကိုတော့ Producer John Bryan တို့ခမျာမှာ ပြင်နိုင်စွမ်းမရှိရှာ။
Eric Ambler က H.E. Bates ၏ မူရင်းဝတ္ထုထဲက ရသလောက်ယူပြီး သီဟိုဠ်ကျွန်း၌ ရိုက်လို့ရအောင် ဇာတ်ညွှန်းရေးရရှာသည်။
အကယ်၍သာ A J. Arthur Rank က မြန်မာပြည်သို့ လာရောက်ပြီး၊ အေဝမ်း၊ ဗြိတိသျှဘားမားတို့လို ရုပ်ရှင်ကုမ္ပဏီတခုခုနှင့် တွဲရိုက်လိုက်ရပါလျှင် The Purple Plain ရုပ်ရှင် ခုထက်ပင် ပို၍ကမ္ဘာကျော်သွားမည်။ ဇာတ်တည်ရာဒေသ ရွှေဘိုတဝိုက်၊ ရှမ်းတောင်တန်းမြင့်ကြီးများ၊ ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံ၊ မူးမြစ်၊ ယာဉ်တင်ကူးတို့ဖောင်ကြီးများ စသည်တို့ကို က H.E. Bates ရေးဖွဲ့ထားသည့်အတိုင်း ပေါ်လွင်အောင် ရိုက်ပြနိုင်ပါလိမ့်မည်။
သီဟိုဠ်ကျွန်း၌ ထိုသို့သောရှုခင်းလှများ မရှိပါ။
၁၉၅၃ ခု၊လောက်က စစ်ဒဏ်ရာ အပျက်အစီးတွေက ရှိနေဆဲမို့ ပိုပြီးသဘာဝကျမည်။ ရောင်စုံမို့ အံ့မခန်းမြင်ကြရမည်။ မြန်မာပြည်တွင် မရိုက်ရ၍ ရိုက်၍ရသောနေရာ၌ ရသလောက်ရိုက်ထားသော ခရမ်းရောင်လွင်ပြင် ရုပ်ရှင်ကား Globe ရုံ၌ ပြ၍ ကြည့်ကြရင်း ဘဝင်မကျဖြစ်ကြရ၏။ ပထမနေ့ဝင်ငွေ ဆဋ္ဌသင်္ဂါယနာအတွက် လှူမည်ဟုကမ်းလှမ်းလိုက်၍သာ ခုလိုပြသခွင့်ရခြင်းဖြစ်သည်။
မည်သို့ဆိုစေ ဝင်းမင်းသန်းကတော့ ဟောလိဝုဒ်၏ ထိပ်တန်းမင်းသမီးဖြစ်သွားလေပြီ။
(၄)
ကမ္ဘာကျော်မင်းသား Gregory Peck စာရေးမည်ဟု တွေးကြည့်လို့ပင်မရနိုင်ပါ။
သူပါဝင်သရုပ်ဆောင်သော ဇာတ်ကားမျိုးစုံ ကြည့်ဖူးပါ၏။ ကြိုက်လည်းကြိုက်ပါ၏။ တော်ကြောင်းလည်းသိပါ၏။ ကျွန်တော်တို့၏ ဝင်းမင်းသန်း သူနှင့်တွဲရိုက်သည့်အခါ ပြတ်ကျန်မနေ၍လည်း ဝမ်းသာကြပါ၏။
H.E. Bates ၏ The Purple Plain ဝတ္ထုကို ကျွန်တော်ဘာသာပြန်ပြီး ပေဖူးလွှာမဂ္ဂဇင်း၌ခန်းဆက်၊ နောက်လုံးချင်းထွက်ပြီး နောက် ဘာသာပြန်ဆရာ မြတ်ငြိမ်းက Picture Goer Annual စာအုပ်ကြီး လက်ဆောင်ပေးသည်။ စက္ကူဖြူချောနှင့် ဓာတ်ပုံတွေက ကောင်းမှကောင်း လှမှလှ၊ အဲဒီထဲမှာ Gregory Peck က ဝင်းမင်းသန်း အကြောင်းရေး၍ အံ့သြမကုန်ဖြစ်ရပြန်၏။
ဆောင်းပါး အကျဉ်းက ဒီလိုပါ။
ရုပ်ရှင်နှင့်စိမ်း မျက်နှာသစ် မင်းသမီး မြန်မာမလေးကား ခင်မင်စရာကောင်း ဖော်ရွေလှပါ၏။ ရုပ်ရှင်စ ရိုက်ကြတော့ အပြင်ဘက်နှင့်မတူ၊ စဟေ့ဆိုကတည်း ပြဿတက်လေပြီ။ ရိုက်တိုင်း စိတ်ပျက်စရာ စိတ်ညစ်စရာနှင့် ကြုံရမြဲပင်။ ဒုက္ခပေးနေသည်က ကြက်သွန်ဖြူနံ့ပါ။ မိန်းမချောလေးကို ပီပီပြင်ပြင်ပင် မမြင်ရသေး– ရှေ့တော်ပြေး ကြက်သွန်ဖြူနံ့ကြီးက ကျွန်တော့်နှာခေါင်းထဲ ရောက်နေပြီ။
ကြက်သွန်ဖြူနံ့ ရဖူးပါ၏။ ကြက်သွန်ဖြူလည်း စားဖူးပါ၏။ သို့သော်လည်း တသက်နှင့်တကိုယ် ခုလောက်စူးရှ ခုလောက်ပြင်းထန်သော ကြက်သွန်ဖြူနံ့ကြီးမျိုးတော့ မကြုံဖူးပါ။ အော်ဂလီဆန်သည်ဟု ရေးလျှင်လည်း မယဉ်ကျေးရာရောက်မည်။ ဂျပန်လေယာဉ်ပျံ ဗုံးလာကြဲ၍ နှစ်ယောက်သားလှချ သူမဦးခေါင်း ဗုံးမထိအောင် မိမိမျက်နှာနှင့် ကာပေးရသည့် အခန်းရိုက်ကြစဉ် ဘယ်လိုမှမအောင့်နိုင်၍ ရပ်ခိုင်းဖျက်ခိုင်းရပြီ။
ဒါရိုက်တာ Robert Parrish နားမလည်၍ ဘာဖြစ်တာလဲဟု ထပ်တလဲလဲမေးသည်။
ထိုအခန်းပြန်ရိုက်ဖို့ထက် ပျက်ဖို့က ပိုများသွားပြီ။ ထိုအခန်း မပါလို့ကော ဖြစ်နိုင်မှာလား။ ကြက်သွန်ဖြူ စားမလာနှင့်ဟု ဒါရိုက်တာ Robert Parrishအား တားခိုင်းရကောင်းမလား။ ထိုသို့ဆိုပြန်လျှင်လည်း အရှိန်ရ အဆင်ပြေနေသော မင်းသမီးသစ်လေးကို အနည်းနှင့်အများ ထိခိုက်နစ်နာစေမည် မုချ။ မိမိဘက်က ရိုက်လို့မရ နိုင်တော့သည်က ပို၍သေချာနေပြီ။
ကိုယ့်ပြဿနာ ကိုယ်သာရှင်းရပါတော့မည်။
Shooting မရှိသောအချိန် ဝင်းမင်းသန်း တည်းခိုဆောင်သို့ အရဲစွန့်ကာသွား၏။ မင်းသားစိတ်ဖျောက် သံတမန်အရည်အသွေး တတ်သလောက်သွင်းထားလိုက်၏။ နေရထိုင်ရ စားရသောက်ရတာ အဆင်ပြေလား– ဘာညာနှင့် စကားစလိုက်ရာ အင်္ဂလိပ်လို အဆင့်မြင့် သွက်လက်စွာ ပြန်ဖြေ၍ ဟန်ကျသွားပြီ။ ထိုင်စကားပြောကြရင်း မသိမသာ သိသိသာသာ ကြက်သွန်ဖြူနံ့ ခံကြည့်၏၊ မရ။ ခပ်ပြင်းပြင်း ခံကြည့်လည်း မရ။ အမဲလိုက်ခွေးစိတ်သွင်းတော့လည်း သူမ၏ ကြက်သွန်ဖြူနံ့က ဘယ်ရောက်နေပါလိမ့်။
သည်တော့ တွဲရိုက်နေသူချင်းပဲ တည့်တည့်မေးလိုက်ပြီ။
ရဲရင့်ပွင့်လင်းသူလေးကလည်း အဖြေတိတိကျကျပေး၏။ သူမ၏နှုတ်ခမ်းကို အနမ်းမခံလို၍ ကြက်သွန်ဖြူတွေ အစိမ်းလိုက်ဝါးစားခဲ့ဟု ပြောပြသည်။ Eric Ambler ရေးထားသည့် ဇာတ်ညွှန်းကို အရွေးခံ မင်းသမီးသစ်လေးခမျာ မဖတ်ရ၊ ဖတ်ခွင့်မရရှာပဲကိုး။ ကျွန်တော်လည်း စိတ်သက်သာရလိုက်ပြီမို့ ရင်းနှီးစွာ နှစ်သိမ့်စကားဆိုလိုက်၏မူရင်းစကားက “ Don’t worry baby there is no lip kiss in the script “ ဖြစ်သည်။
ထိုတခဏ သံတမန်အရည်အသွေး မမွေးနိုင်ပါက ဇီဇာကြောင်မင်းသားနှင့် ကြက်သွန်ဖြူမင်းသမီးတို့ ဘယ်လိုစခန်းသွားကာ The Purple Plain ပြီးဆုံးအောင် ရိုက်ကြမည်နည်းဟု Gregory Peck က ဝင်းမင်းသန်းအကြောင်း ဆောင်းပါးကို အဆုံးသတ်ထားသည်။
(၅)
The Purple Plain ဇာတ်ကား အောင်မြင်လူကြိုက်များ၍ ဟောလိဝုဒ်၌ နောက်ထပ်ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းလာကြသည်ကို ဝင်းမင်းသန်းက ငြင်းလိုက်၏။
မင်းသမီးအဖြစ် ဝင်းမင်းသန်းအောင်မြင်ပုံ သတင်းများနှင့်အတူ ငြင်းလိုက်ခြင်းကလည်း ကပ်ပါလာ၏။ ၁၉၅၅ ခု၊ မတ်လ (၈)ရက်နေ့တွင် Washington DC ၌ မြန်မာသံအမတ်ကြီး ဦးဝင်းက ဝင်မင်းသန်းအား ဂုဏ်ပြုပွဲလုပ်၍ သတင်းထောက်တို့ အနံ့ခံကြပြန်၏။ သည်လိုနှင့် သတင်းစာရှင်းလင်းပွဲ တရပ်လုပ်ရတော့သည်။
ဝင်းမင်းသန်းက ရုပ်ရှင်မင်းသမီးအဖြစ်ထက် အိမ်ထောင်သည်ဘဝကို ပိုမိုလိုလားကြောင်း၊ ဇာတ်လမ်း ဇာတ်ညွှန်းအတိုင်း လုပ်နိုင်သည့်တိုင် လုပ်ချင်သော ဆန္ဒမရှိဆိုသည်ကို ကိုယ်တိုင်အသိဆုံး စသဖြင့် မေးသမျှ ဖြေကြားသွားသည်။ London ရောက်ခိုက် BBC World Service ကလုပ်သော Interview တွင်လည်း ထိုအတိုင်း သဘောထားပေးခဲ့သည်။
မြန်မာပြည်ပြန်ရောက်လာပြီ။
ဟောလိဝုဒ်တွင် အဖော်အချွတ်တွေ မလုပ်ချင်မလုပ်လိုသူ ဝင်းမင်းသန်းအား မြန်မာရုပ်ရှင်လောကက မျှော်လင့်ကြိုဆိုနေသည်။ ပြဇတ်များကလည်း အောင်မြင်နေချိန်၊ သူမ၏နှုတ်ခမ်းကို အနမ်းမခံလိုသူသည် ပါးကိုမနမ်းရသည့် ဇာတိမြန်မာပြည်တွင်လည်း ဝင်းမင်းသန်းက မင်းသမီးမလုပ်။
သူ့ထက် (၁၈)နှစ်ကြီးသူ ဗိုလ်စကြာ၏ ဇနီး အိမ်ရှင်မအဖြစ် သက်သက်ပဲနေ၏။
ကျွန်တော်၏ဘာသာပြန် ခရမ်းရောင်လွင်ပြင် ဖော်ပြသော ပေဖူးလွှာ အယ်ဒီတာချုပ် ဦးမြလှိုင်ကား ဗိုလ်လက်ျာ၏ ညီအရင်း၊ ဗိုလ်စကြာ ဇနီးမောင်နှံနှင့်လည်း ရင်းနှီးသူပါ၊ စကားစပ်မိ၍ သူပြောပြတာတွေထဲ မြန်မာပြည်မှာ မရိုက်ရလို့တားထဲ့ ပြည်ထဲရေးဝန်ကြီးက စာဘယ်လောက်ဖတ်တယ်ပြောပြော၊ H.E. Bates ရဲ့ The Purple Plain ဝတ္ထုကို မဖတ်ဖူးပါဘူး၊ ဖတ်ဖူးရင် ဘယ်ပိတ်ပါ့မလဲ။
တခြားမှာသွားရိုက်ရပြီး ဟော–ငွေလှူလိုက်တော့လည်း ပြစေတဲ့ဗျာ၊ တကယ့်ကောင်တွေဟုဆို၏။
ဝင်းမင်းသန်းကတော့ ဝတ္ထုကိုဖတ်ပြီးကြိုက်လို့ မင်းသမီးလျှောက်တာဟုလည်း ပြောပြသည်။
(၆)
ဟောလိဝုဒ်တွင် မှဲ့တပေါက် မစွန်းခဲ့သူ ဝင်းမင်းသန်း အေးဆေးစွာနေနေတော့မှ နှပ်ပစ်ခံရပြီ။
ကြေးမုံသတင်းစာက မြန်မာအမျိုးသမီးနှင့်တူသူ၏ ကိုယ်လုံးပေါ် အရိပ်(shadow) ပုံဖော်ပြပြီး ဒါဘယ်သူလဲ သိကြလားဟု မေးထား၏။ ဝင်းမင်းသန်း ဆံပင်ပုံမျိုး–ဒါတင်မက ဒီပုံရောက်လာ၍ ရန်ကုန်မှ လူကုံတန် လင်မယားကွဲကြကြောင်း ကြားသောကြောင့် စုံစမ်းရာမဟုတ်ပါ ဟုရေးသားထားသည်။
မဟုတ်ပါဆိုမှတော့ အဘယ့်ကြောင့် လုပ်ကြံလီဆယ် ရေးသားရသနည်း။
ဝင်းမင်းသန်းက ဒေါက်တာဗမော်ကိုငှါးပြီး ဖြေရှင်းတောင်းပန်ခိုင်းရာ၊ ကြေးမုံသတင်းစာက ဒေါက်တာ အေးမောင်နှင့် ပြန်လည်ရင်ဆိုင်ရင်း တရားရုံးရောက်သွားတော့သည်။ နဂိုကတည်းက ဖွချင်လို့ အမှုသတင်း ရေးသောအခါ ဝစ်လစ်စလစ်၊ ကိုယ်လုံးတီး စသောစကားလုံးများသုံးပြီး သတင်းစာကျင့်ဝတ်နှင့်မညီ အနိုင်ကျင့်ရေးနေသည်။ အညှီအဟောက် ကြိုက်သူများဖတ်ကြနှင့်မို့ အတော်ပီတိဖြစ်နေပုံရ၏။
ဒေါက်တာဗမော်က ခေါ်ယူနားချတော့မှ အမှုရပ်သွားသည်။
ကျွန်တော်လေ့လာ Research လုပ်၍ ရသလောက် ဝင်းမင်းသန်းက ထိုသို့ပုံမျိုး ရိုက်မည်မထင်၊ ရိုက်စရာလည်း အကြောင်းမရှိ။ သို့သော် သူ့ကိုယ်စေင့်နတ်မဟုတ်၍ အပိုင်ပြောခွင့်မရှိပါ။ ထို့ပြင် ဓာတ်ပုံ နည်းပညာအရ သရုပ်ဖော်ထားသည့် အရိပ်(shadow) ပုံထဲက ကာယကံရှင်ကို သိရန်မလွယ်ဟုဆိုကြသည်။
(၇)
ဝင်းမင်းသန်း၏ ဘဝခရီးက မဖြောင့်ဖြူးလှ။
၁၉၆၂ ခု၊ တွင်စစ်တပ်က အာဏာသိမ်းရာ ဗိုလ်စကြာတို့အဖို့ နေရခက်လာ၏။ အရင်ကလို ပြန်လည် ခေတ်ကောင်းစေချင်သည်။ ထောင်ကလွတ်လာသူ ဝန်ကြီးချုပ်ဟောင်း ဦးနုက လက်နက်ကိုင်တော်လှန်မည်ဟု ဆို၍ ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်တို့ကဲ့သို့ ဗိုလ်စကြာလည်း ထိုင်းနယ်စပ်ကို ပါသွားသည်။ မကြာမီ ဦးနုက လက်လျှော့ပြီး ထွက်သွား၏။
၁၉၆၉ ခု၊ တွင် ထိုင်းနိုင်ငံ၌ ဗိုလ်စကြာ သေဆုံးသည်။
ဝင်းမင်းသန်း အသက်(၃၇) နှစ်အရွယ်တွင် မုဆိုးမဖြစ်ရပြီ။ လှသော ထက်သော ပြတ်သော ဝင်းဝင်းမြင့်ခေါ် ဝင်းမြင့်သန်းခေါ် ဝင်းဝင်းသန်းသည် သီလရှင်ဝတ်ကာ စစ်ကိုင်းချောင်၌ နေသွားသည်ဟု တွေးမိကြောင်းပါ။
၂ဝ၁၈ ခု၊ မတ်လ (၂၈) ရက်နေ့။