ဗိုလ်ထက်မင်း မှတ်စုမှတ်တမ်း

ဗိုလ်ထက်မင်း – DKBA ဘိုးတော်နဲ့ အမှတ်မထင် တိုက်ပွဲကြုံတွေ့ခဲ့စဉ်က – ၁

ဗိုလ်ထက်မင်း –  DKBA ဘိုးတော်နဲ့ အမှတ်မထင် တိုက်ပွဲကြုံတွေ့ခဲ့စဉ်က – ၁
(မိုးမခ) ဧပြီ ၇၊ ၂၀၁၈

Commander ဘ၀ ပထမဦးဆုံး စစ်မြေပြင်အမှတ်မထင်တိုက်ပွဲကြုံတွေ့ခဲ့စဉ်
စစ်တပ်ဆိုတာ ဒီလိုဘဲလား

၄၀။ စာရေးသူ တပ်စုမှူးသင်တန်းတက်စဉ် မိမိအတွေ့အကြုံကို စာတမ်းတင်ရသလိုအကောင်းဆုံး ဖြစ်တာတွေကို နည်းပြကရွေးထုတ်ပြီး စင်မြင့်ပေါ် တက်ရှင်းရပါတယ်။ မိမိဖြစ်စဉ်ဟာ တိုက်ပွဲဖြစ်စဉ်မှာ ( အရင်ဆောင်းပါးမှာတင်ပြခဲ့တဲ့ ဆနင်းဒေသ SURA နဲ့တိုက်ပွဲမဖြစ်ဘဲ လက်နက် ၅လက် ရ) မဟုတ်ဘဲ ရွေးထုတ်ခံရတာ အံ့သြခဲ့ပေမဲ့ သူငယ်ချင်းတချို့က လှောင်ကြပါတယ်။ တိုက်ပွဲက ရတာ ပိုတန်ဖိုးရှိတာ မှန်ပါတယ်။ မိမိက ဗိုလ်လောင်းသင်တန်းတက်ခဲ့စဉ်က ခပ်ညံ့ညံ့ဖြစ်ပြီး ဘလိုင်းတောင့်ကို နှုတ်ခမ်းနီတောင့်လို့ ပြောလိုပြော၊ စစ်တပ်အမျိုးအနွယ်မဟုတ်လို့ ဘာဆိုဘာမှ မသိတဲ့အပြင် မြို့သားဖြစ်ခဲ့လို့ ပေါက်တူးတောင် မကိုင်တတ်တာမို့ သူငယ်ချင်းတွေက အထင်သေးတာ မဆန်းဖူးလို့ ထင်ပါတယ်။

၄၁။ ပထမဆုံး မိခင်တပ်မ (၅၅) ရောက်တော့လည်း တပတ်စဉ်ထဲသူငယ်ချင်းရဲ့ အမေဖြစ်သူက တပ်ရင်းမှူးကို မိဘတို့ထုံးစံအတိုင်း အပ်နှံပေးလို့ စခန်းထိုင်နှပ်နေရပြီး မိမိကတော့ တပ်ခွဲ၊ တခွဲပြီး တခွဲ ပြောင်း ပင်ပန်းဆင်းရဲနေတာ၊ ခွင့်ပြန်လို့ ရထားတွဲမှာ တပ်ရင်းမှူး (သူက ရန်ကုန်အစည်းဝေးရှိလို့ လမ်းကြုံ)နဲ့ အိပ်ခန်းတခန်းမှာ အတူတူကျပြီး ညပိုင်းရထားတွဲ အိပ်နေစဉ် အပေါ်မှအိပ်စင်က အိပ်နေတဲ့ တပ်ရင်းမှူး ခြုံစောင်က တုန်ခါမှုကြောင့် အောက်စင်ရှိ မိမိဆီပြုတ်ကျကာ အိပ်မောကျတဲ့ မိမိဟာ ချမ်းလို့ အလိုက်ကန်းဆိုးမသိ ထပ်ခြုံမိလိုက်ရာမှ အမျက်တော်ရှခံရတာ၊ ရန်ကုန်မှာ သူ့ကို သွား မဖါးတာတွေကြောင့် ရှေ့တန်းမှာ ပစ်ထားခံရတဲ့အရသာက ခါးသီးလှပါတယ်။ စာရေးသူ စစ်တပ်မှာ တော်သုံးတော်( အမျိုးတော်၊ အဖါးတော်၊ ဇာတာတော်) ရှိတာ သိလိုက်ရပါပြီ။

စာရေးသူက ဆရာကံမင်းထံ စစ်တပ်မှာ အကျိုးပေးပါ့မလားဆိုတာမေးရာ မိမိလက္ခဏာက ရန်သူအနီးကပ်ပစ်ရင်တောင် မသေနိုင်ဖူးလို့အသက်အရံလမ်းကြောင်းကြီးပါတာကို ထောက်ပြီး အချွန်နဲ့“ မ ”ကြောင်း။  လက်က သွယ်ပြောင်းကာ အနုပညာလက်ဖြစ်တယ်ဆိုကာ သေနတ်တောင်ကိုင်နိုင်ပါ့ မလားလို့ဆိုပြီးစစ်သား မလုပ်နဲ့လို့ မပြောပြန်ကြောင်း၊ အကြီးအကဲမှန်သမျှ အကျိုးမပေးသလို စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေကြုံလိုက်တိုင်း သမာရိုးကျ မဟုတ်ဘဲ သူများတွေ ကြုံတွေ့နေရတာထက် ပိုခက်ပြီး အမှတ်မထင် ရုတ်တရက် ကြုံတွေ့ရတဲ့ တိုက်ပွဲများနဲ့စိန်ခေါ်မှု ကြုံတွေ့နိုင်ကြောင်း၊ ကျောင်းက သင်ပေးတဲ့ သင်ခန်းစာနဲ့ဖြေရှင်းလို့ မရဘဲ ဂန္ဗီရမှော်ဆန်ဆန် မျက်လှည့်ပညာလို အသုံးပြု မီးစင်ကြည့်ကပြီးမှ အောင်မြင်ရကြောင်း၊ လူထုနယ်ပယ်ဆက်ဆံရေး လုပ်ငန်းတာဝန်များမှာ ဘယ်လောက်ဘဲ ခက်ခဲပါစေ၊ ကျော်နိုင်ကြောင်း၊ မနာလိုသူ အတိုက်အခံများပြီး တိုက်ခံရလေ တက်လေဖြစ်ကြောင်း၊ ကျရင် ဂျောက်ထဲထိ ကျပြီး တက်လေ သူ များအံ့သြရကြောင်း၊ ဘာသာရေးလုပ်က ပိုအောင်မြင်ကြောင်း ဟောသွားပါတယ်။

စာရေးသူက တပ်မ (၅၅) မှာ လက်နက် (၅) လက်ရခဲ့တာဟာ တိုက်လို့ ရတာ မဟုတ်တာကြောင့် တိုက်ပွဲမှာ လက်နက်တွေ ရတဲ့ အောင်မြင်မှုရလဒ်ကို ခုံမင်ပါတယ်။ ဆရာကံမင်းဟောချက်ကြောင့်လည်း စိတ်ဓါတ် ကျဆင်းနေပါတယ်။ ဒါပေမဲ့ နောက်ပြောင်းရမည့် တပ်ရင်းမှာတော့ ဆရာကံမင်းပြောသလို ထူးဆန်းတဲ့ ဂန္ဗီရ မှော်ဆန်ဆန် နဖူးတွေ့ဒူးတွေ့ တိုက်ပွဲကြီးတွေကြုံတွေ့ရပြီမို့ ဆက်လက် တင်ပြသွားပါ့မယ်။

၄၂။ စစ်သားရဲ့မှတ်ကျောက်ဟာ စစ်မြေပြင်သာဖြစ်တယ် ဆိုထားရာ စာရေးသူတောင့်တတဲ့ ပထမဦးဆုံးတိုက်ပွဲကတော့ မွန်ပြည်နယ် သထုံ၊ ဘီးလင်းနယ် ကျောက်တောင်ဂွင်၊ တပ်မဟာ (၁) KNLA ရဲ့ အဓိက ဆက်သွယ်ရေး လမ်းကြောင်း အုပ်ချုပ်မှုစခန်းကြီးကို တိုက်ခဲ့ရပါတယ်။

မထင်မှတ်တာက သူများတွေလို ညတိုက်ပွဲ အရုဏ်ဦးတိုက်ပွဲစတဲ့ စစ်နည်းဗျူ စာအရ တိုက်ရတာ  မဟုတ်ဘဲ နွေခေါင်ခေါင် မွန်းတည့်အချိန်မှာ တိုက်ရတာဖြစ်ပြီး တိုက်ပွဲပြီးဆုံးတဲ့ အခါကျမှ ရတခတိုင်း စစ်ဌာနချုပ် Inter-set ကြားဖြတ်ဖမ်းဆက်အရ နောင်မှာ ထင်ရှားလာမည့် DKBA အဘ ဖဒိုသာထူးကျော် ဦးစီးတဲ့ ခရိုင်စခန်းကြီးဖြစ်နေကြောင်းနဲ့ တိုက်ပွဲနဲ့ဆက်စပ်ပြီး အောင်မြင်မှုရလဒ် ရရှိပုံတွေကို အသေးစိတ်တင်ပြပါ့မယ်။ ကျောင်းတော်ကြီးက သင်ခန်းစာအတိုင်း မဟုတ်ဘဲ ကြုံတွေ့လာတဲ့ စိန်ခေါ်မှုတွေကို အလျဉ်းသင့်သလို လုပ်ကိုင်ဆောင်ရွက်ရတာတွေရှိခဲ့ပါတယ်။

၄၃။ စာရေးသူ နောက်ပြောင်းမည့်တပ်ရင်းဟာ တိုင်းတပ်လို့ ခေါ်ကြတဲ့ ရတခ လက်အောက်ခံ ခလရ (-) ဖြစ်ပြီး တပ်ရင်းလိုင်းခန်းတွေမှာ အိမ်တိုင်း ခေါင်ကတုတ်ရှိကာ ရှေ့တန်းနောက်တန်း အတူတူဖြစ်တာမို့ ရန်သူနဲ့ အချိန်မရွေး ထိတွေ့မှု ဖြစ်နေပါတယ်။ တပ်ရင်းဌာနချုပ်ပြန်ဝင်လာချိန်မှာ တိုက်ချင်ဦးဟဲ့ ဗိုလ်ထက်မင်းတစ်ယောက် ကိုယ်ကိုကိုယ်အပြစ်တင်လိုက်ကာ မီးမရှိတဲ့ မြို့လေးရှိ မှုံတ၀ါးဝါး လ္ဘက်ရည်ဆိုင်လေးရောက်ရင်ဘဲ အပန်းဖြေရတဲ့ဘ၀ဖြစ်ပါတယ်။ စာရေးသူတို့တပ်ရင်းဟာ တခါတရံ တပ်မအသွင် တပ်ရင်းအလိုက် ရှေ့တန်းထွက်ရတာမို့ သထုံဘီးလင်းမြို့နယ်မြေ တပ်မဟာ(၁) ဂွင် လေးကေ၊ ၀င်းတပကို ရှင်းလင်းဖို့ ရှေ့တန်းစစ်ဆင်ရေး ထွက်ရပါတယ်။

ပျော်“ရွာ”မှာ မနေရဘဲ တော်( တော) ရာမှာ နေရတဲ့ ဘဝ
၄၄။ တနေ့တော့ မိမိစစ်ကြောင်း (၁)နဲ့ ၂ခွဲ ၀င်းတပ ရွာရောက်နေပါတယ်။ ရွာ ရောက်လို့ ခဏအပန်းဖြေဖို့ စိတ်ကူးလိုက်ပါတယ်။ မိမိတပ်ခွဲမှူးဟာ စစ်ကြောင်းမှူးခေါ်လို့ထွက်သွားရပါတယ်။

မိမိတပ်စုရုံးကို ဟင်းကောင်းကောင်းချက်ဖို့ တပည့်တွေမှာပြီး တပ်စိတ်တွေကို တပ်ခွဲမှူး အလာစောင့်ဖို့ပြောပါတယ်။ စာရေးသူက ဟင်းတွေကို မြိန်ရေယှက်ရေစားမည်၊ရွာမှာပင် စတည်းချမည်ထင်ပြီး မီးတောင်ကောက်မွှေးပြီးထမင်းဟင်းချက်နေပါတယ်။ တပ်ခွဲမှူးရောက်တော့ စစ်ကြောင်းမှူးက ရွာထဲမှာ အလှူရှိလို့ ပြသနာမဖြစ်ဖို့ ငါတို့တပ်ခွဲ တောထဲသွားနေရမယ်ဆိုလို့ စိတ်လေသွားပါတယ်။

သူ့ကို ဘယ်ကို သွားခိုင်းသေးသလဲမေးရာ စစ်ကြောင်းမှူးက မိမိစိတ်ကြိုက်သွားလိုရာသွားပြီး လေးလုံး ခြောက်ပေါက်သာ ပေးဖို့( အချိန်နဲ့ တပ်တည် မြေပုံညွှန်း) ပြောပါတယ်။ ကျွန်တော်လည်း တပ်ခွဲမှူးနဲ့မြေပုံဖြန့်ပြီး ရန်သူလမ်းကြောင်းနဲ့ သတင်း မပေါ်ဖူးတဲ့ ရွာ အနောက်ဘက် တောအုပ်ထဲသွားနေပြီး နှပ်နေမယ် ဆိုကာ ထွက်ခဲ့ပါတယ်။

၄၅။ တောထဲမှာ ရေချောင်းရှိတဲ့နေရာ တွေ့လို့ ချောင်းဟိုဖက် ကာကင်းထုတ်ပြီး တပ်ခွဲတခွဲလုံး စိတ်ပျက်လက်ပျက် စခန်းချပါတယ်။ ရွာထဲကတည်လက်စ ဟင်းပစ်ထားခဲ့ရပြီး ငှက်ပျောအူ၊ မျှစ်တာလာပေါ့နဲ့ ပဲပုတ် ဖြစ်သလို စားလိုက်ပါတယ်။ လက်ရှိနေရာဟာ ရန်သူ့သတင်း ပေါ်လေ့ ပေါ်ထ မရှိဖူးလို့ ပါလာတဲ့ ပေါ်တာရွာသားတွေမေးမြန်းချက်အရ သိရတာမို့ စိတ်လက်လွှတ်ကာ ချောင်းထဲ အ၀တ်လျော် ရေကူးဆင်းသူဆင်း၊ ငါးဖမ်းသူ ဖမ်း၊ အသီးအရွက်ရှာသူရှာနဲ့ သီချင်းအော်ဆိုသူဆို ပျော်ပွဲစား ထွက်နေသလို သေနတ်တွေ တနေရာမှာစုပြီး ခရီးပန်းခဲ့သမျှ မှေးနေပါတယ်။ တပ်ခွဲမှူးက အမြဲတမ်း ထမင်းအတူတူစားဖို့ခေါ်ရာ သူ့ဟင်းက တပ်ခွဲ C.Q က ဖွယ်ဖွယ်ရာရာ လုပ်ပေးတတ်တာမို့ကပ်စားရတာ ကောင်းပါတယ်။ နေ့လည် ၁၁၀၀ နာရီ ထမင်းစားနေစဉ်မှာ ပင် ကာကင်း အဖွဲ့က အော်သံဟစ်သံကြားလို့ထလိုက်သွားရပါတယ်။ ရေငုပ်ကာ ငါးဖမ်းနေတဲ့ စစ်သည်တစ်ဦးဟာ ချောင်းအတိုင်း ဆင်းလာတဲ့ လူစိမ်းတစ်ယောက်မိလို့ ကာကင်းက လာပို့ပါတယ်။ ဒီလူဟာ ၀င်းတပရွာသား မဟုတ်ကြောင်း စီစစ်တွေ့ရပြီး စစ်သားပုံပေါက်နေလို့ ( ခြေသလုံး၊ လက်ဖ၀ါး၊ သေနတ်ကိုင်ထားတဲ့ အရာတွေ့) သူပုန်လို့တွက်လိုက်ပါတယ်။ ပထမတော့ ရွာသားဟု ဖင်ပိတ်ငြင်းနေလို့ စိတ်မရှည်တဲ့ တပ်ကြပ်ကြီးက သေနတ်နဲ့ပစ်တော့မည်လုပ်ရာ မိမိက တားလိုက်ပြီး အသက်မသေခံချင်ရင် အမှန်တိုင်းပြောဆိုလို့ သူကသူပုန်ဆိုတာ ၀န်ခံကာ ရွာမှာ အလှူ ရှိနေလို့ စခန်းက စေလွှတ် ခိုင်း လိုက်တာဖြစ်တယ်လို့ပြောပါတယ်။ အဲဒီမှာတင် မိမိတို့ရှိတဲ့ နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ သူတို့ စခန်း ရှိတာ သိလိုက်ရလို့အံ့သြကုန်ကြကာ မိမိ တပည့်တွေကို အားချင်း ပြန်စုစည်း အသင့် အနေအထား လုပ်ရပါတော့တယ်။

မွန်းတည့်တိုက်ပွဲ ဆိုတာရှိသေးပါလား

၄၆။ တပ်ခွဲမှူးက စစ်ကြောင်းမှူးထံတင်ပြရာ စခန်းဆိုတာ သေးမည်ထင်ပြီး တိုက်ခိုင်းလိုက်ပါတယ်၊ ဖမ်းမိသူကို စခန်းတည်နေရာ ချဉ်းကပ်ရာလမ်းကြောင်းမေးရာ မိုင်းများခင်းထားလို့ ကျောက်ကမ္ဘားယံဘက်မှ တက်မှ အဆင်ပြေမည်လို့ တပ်ခွဲမှူးက သုံးသပ်ပါတယ်။ နောက်ပြီးစခန်းက သူ့လူ အချိန်တန်လွှတ်ထားလို့မှ ပြန်မလာရင် စိုးရိမ်စိတ်ပူပြီး ရွာထဲ အင်အားစုတခုအနေနဲ့ ဆင်းလာနိုင်လို့ ရွာမရောက်မှီ မိမိတပ်ခွဲနဲ့ တိုးနိုင်ရာ ချက်ခြင်းတိုက်မှ ရမယ်လို့ တွက်ဆပါတယ်။ ခရီးက ကာကင်းနေရာမှ သွားရင် နာရီဝက်ခရီးသာဖြစ်နေလို့  န- နာရီဟာ ၁၂ နာရီမှန်းလိုက်ရာ စာရေးသူတို့ကျောင်းမှာ သင်ပေးလိုက်တဲ့ အလစ်အငိုက်ရမည့် DAWN ATTACK အရုဏ်ဦးတိုက်ပွဲ၊ ညတိုက်ပွဲတို့ပဲ ကြားဖူးပြီး ယခုကျတော့ မွန်းတည့်တိုက်ပွဲလို့ပဲ ဆိုရမလို နေမွန်းတည့်တည့် ထင်သာမြင်သာ နေခင်း ကြောင်တောင်ကြီး ရန်သူ အစာဝပြီး လန်းဆန်းအသင့်ဖြစ်နေတဲ့ အချိန်မို့ဆရာကံမင်းပြောခဲ့တာ သတိရပြီး မှန်သလိုလို ရှိနေပါတယ်။ တပ်ခွဲမှူးက တပ်စုမှူး ၂ ဦးအပြင် တပ်ကြပ်ကြီးတွေ တပ်စိတ်မှူး တွေခေါ်ပြီး တိုက်ပွဲအသေးစိတ်စီမံချက် ရေးဆွဲပါတယ်။

ဗန္ဒုလသွေးပါ တပ်ခွဲမှူး အင်မတန်အားကိုးရ

၄၇။ တပ်ခွဲမှူးဟာ မျက်မှန်ကြီးထောက်လှမ်းရေးဖျက်သိမ်းခံရပြီး ဆွမ်းကြီးလောင်း သမခံရလို့  ခြေလျင်ဆင်းရသူဖြစ်ရာ စစ်မြေပြင်အတွေ့အကြုံ မရှိဘဲ စိုးရိမ်ထိတ်လန့် မလုပ်တတ် မကိုင်တတ်ဖြစ်နေရာ စီနီယာတပ်စုမှူးအကိုကြီးနဲ့ မိမိတို့က ဦးဆောင်ဆွေးနွေးခဲ့ရပါတယ်။ သက်တမ်းရင့် တပ်ကြပ်ကြီးများဟာ KNU နဲ့တိုက်ပွဲဖြစ်ဖူးထားမို့ သူတို့ရဲ့ လေးစားဖွယ်အကြံပြုချက်ကို အလေးထားကာ တိုက်စစ် PLAN ဆွဲပါတယ်။ ရှေ့ချေမူန်းရေး တပ်စုကို စာရေးသူဦးဆောင်ပြီး အလယ်မှာတော့ စီနီယာတပ်စုက ထောက်ပေးကာ တပ်ခွဲမှူး ခွဲရုံးတစုက နောက်ပိတ်လိုက်ပါတယ်။ ကျောင်းတော်က သင်ခန်းစာမှာ တပ်ခွဲမှူးက အလယ်က လိုက်ရတယ်ပြောထားပေမဲ့ ခုနက ဗန္ဒုလသွေးပါ တပ်ခွဲမှူးဟာ နောက်ဆုံးပိတ်လိုက်ပါတယ်။ ဒါတောင် မိမိတပ်စုတပ်ကြပ်ကြီးက ရှေ့ပစ်အားကောင်းစေဖို့တပ်ခွဲရုံးရှိ စက်လတ်ကို တပ်စုရုံးထည့်ပေးဖို့ ဇွတ်တောင်းဆိုရာ စီနီယာတပ်စုမှူးက ထောက်ခံလို့ ထည့်ပေးလိုက်တာဖြစ်ပါတယ်။ ၀ါးရုံတောတွေရှိတာမို့ ပစ်အားပြင်းထန်တဲ့ ၃ ပွိုင့် ၅ လောင်ချာကြီးကိုတောင်ပေးဖို့ အကိုကြီးတပ်စုမှူးက ပြောပေမဲ့ တပ်ခွဲမှူး အင်တင်တင်ဖြစ်နေရာ မိမိတပ်စုတပ်ကြပ်ကြီးက မီးမကူးတတ်တဲ့ ချို့ယွင်းချက်သိနေလို့ စက်လတ်နဲ့M79 ဗုံးပစ်လောင်ချာ အားလုံးရရင် တော်ပြီရတယ်ဆိုလို့အားကိုးရတာမို့သက်မချရပါတယ်။ ကျောက်တောင်စခန်းကြီးဟာ ရန်သူက တပ်မတော်ကို သထုံကားလမ်းမဘက် မျှော်ကာ ကာကင်းတပ်တွေ ချထားဟန်တူပြီး မိမိနောက်ကြောကတက်မည့် ကျောက် ကမ္ဘားကိုလွှတ်ထားတာမို့ တော်သေးတယ်လို့ဆိုရပါမယ်။ နေ့လည်မို့လည်း မထားတာ ဖြစ်နိုင်ပါတယ်။ ဗိုလ်မှူးမြင့်သိန်းစစ်ကြောင်းက ခေါ်သွားနိုင်လို့ လူနည်းတာလည်းဖြစ်နိုင်ပါတယ်။

တိုက်စစ် PLAN ပြောင်းလိုက်ရခြင်း
၄၈။ တက်လမ်းက မတ်စောက်ကျဉ်းမြောင်းတာမို့တိုက်စစ် Plan ကို ရုတ်တရက်ပြောင်းလိုက် ရပါတယ်။ စာရေးသူဦးစီး တပ်စိတ် (၄) စိတ်ကို ချေမှူန်းရေး( တပ်စိတ် ၂စိတ် ရင်ဘောင်တန်း မျှားဦး အသွင်တိုက်မည်ဖြစ်၊ စုရုံးလက်နက်ကြီး MG42 စက်လတ်၊ M79 ဗုံးပစ်လောင်ချာ ၂လက်၊ ၂လက်မ မော်တာတွေနဲ့ လုံခြုံရေးတစိတ်၊ ရန်သူ့ပစ်အားနဲ့ မိမိထိခိုက်များလာခဲ့ရင် အင်အားဖြည့်အရံတပ်စိတ်) ဆောင်ရွက်ပြီး စီနီယာတပ်စုမှူးဦးစီး စုရုံး (၂) စိတ်က တောင်စောင်း မှေးတင်ထားကာ ခဲယမ်းကျဉ်ဖြည့်ဖို့နဲ့ လူနာသယ်ဖို့L O C လမ်းကြောင်းထိန်း တာဝန်ယူကာ ခပ်လှမ်းလှမ်း တောင်ကုန်းငယ်မှာ ခြေကုပ်ယူဖို့ ၊ တပ်ခွဲမှူးဦးစီး ခွဲရုံး တပ်စုတစုက ၆၀ မမ စိန်ပြောင်းနဲ့ထောက်ထားပေးပါတယ်။ ရှေ့ပစ်အားကောင်းစေဖို့ စစ်သည်တွေကို တပ်ခွဲမှာရှိတဲ့ ဘီအေ ၆၄ စက်သေနတ်များများနဲ့ လက်ပစ်ဗုံးများ ၊ ဗုံးပစ်လောင်ချာ စက်လတ်ပါ အကုန် မိမိတပ်စုထံ ရှေ့တင်ပေးထားပါတယ်။

၄၉။ မိမိက စစ်သည်တွေကို ခြေလုံလက်လုံချဉ်းကပ်ဖို့ သစ်ရွက်နင်းသံက အစနင်းမိရင် အသံမ ထွက်ဖို့သေချာမှာပါတယ်။ ဖမ်းမိရန်သူက ကင်းမထုတ်တာပြောထားလို့ ပေါ့ပေါ့လျှော့လျော့ ချဉ်းကပ်မည်စိုးလို့ ဒီအချိန်မှာ ကိုယ်အသက်ရှုသံကိုတောင် ကျယ်တယ်လို့ ထင်နေရချိန်ဖြစ်ပါတယ်။

တောင်ထိပ်ရောက်တော့ ရှေ့ပြေးပွိုင့် တပ်စိတ်မှူးက အချက်ပြခေါ်လို့ တက်ကြည့်လိုက်ရာ တဲတွေဟာ စီတန်းကာ တောင်ထိပ်မြေပြန့်အတိုင်း မြင်ရချိန်၊ တဲတွေဟာ ရေတွက်လို့ မရအောင် များပြားနေကာ အင်အားကြီးမားစွာရှိနေလို့မျက်လုံးပြူးသွားရပြီး မိမိထက် အင်အားကြီးမားနေတာတွေ့ရပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts