လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်များ
(မိုးမခ) မတ်လ ၂၈၊ ၂၀၁၈
(၁)
လူ့အလို စစ်က မလိုက်နိုင်ဘူးတဲ့
ငြိမ်းချမ်းရေးဆိုတာ ချိုနဲ့လားလို့
ခလေးတွေကတောင် မေးကုန်ကြပြီ
တံဆိပ်ရိုက်လို့ကောင်းတဲ့
ချိုးဖြူငှက် သံလွင်ခက်
ကြည့်ကောင်းတဲ့ဆိုင်းဘုတ်ကြီးတွေနဲ့
ချိုးဖြူငှက် သံလွင်ခက်
လူကြိုက်နည်းတဲ့ အနုပညာဆိုတာ
ငြိမ်းချမ်းရေးနဲ့ကဗျာ
တကယ်တော့ အကုန်လုံး လေဖမ်းဒန်းစီးနေကြတာပါပဲ။
တုံးခုန် ဇယ်ခတ်တွေနဲ့ အိမ်ထဲက
ပစ္စည်းလေးတွေ ပြောင်သလင်းခါ
ကုန်ပေါ့
ကိုယ့်အချင်းချင်းအတွက် ထက်မြတဲ့ သွားတွေမှာ
သွားရည်တမြားမြား
တစ်ယောက်သွေးနဲ့ တစ်ယောက်
ခြေထောက် ဆေးရတာ ညှီစော်မနံသေးဘူးလားတဲ့
ချိုင်းထောက်နဲ့ ကလေးတစ်ယောက်က မေးနေတယ်။
(၂)
စကားဝိုင်းရဲ့ ဇွန်းသံပန်းကန်သံများအပြီး
လက်နက်ကြီး ဆယ့်လေးချက်တိတိ
ပစ်လိုက်တယ်
လက်ခုပ်သံတွေနဲ့ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြ
ကင်မရာရိုက်ချက်တွေ တဒက်ဒက်မြည်လို့
ခြေကောင်းလက်ကောင်းများ
ကားပေါ်တက်သွားကြပြီး
မနက်ခင်းသတင်းစာထဲ
မျက်နှာတွေမှာ ခေါင်းပါမလာကြောင်း တွေ့ရှိကြရ
ခွေးချင်းကိုက်လည်း ဖုန်တွေ
တထောင်းထောင်းထတာပဲ။
ကျစရာ မျက်ရည်တွေ ခမ်းခြောက်လို့
ငိုသံတွေ လည်ချောင်းထဲ ပြန်ပြန်ပြုတ်ကျ
ခေတ်အပျက်ကြီးတဲ့
ဘယ်တော့မှ ကျွတ်တမ်းဝင်မယ့် မိစ္ဆာလဲ။
(၃)
ငြိမ်းချမ်းရေးဆိုတာ
ခေတ်အဆက်ဆက် ကျိန်စာသင့်နေတဲ့နာမည်ပဲ
ရပ်ကွက်ထဲ မောင်ငြိမ်းချမ်းလို့ မှည့်ထားတဲ့
ကောင်လေးတွေ အသေစောကြ
မောင်ငြိမ်းချမ်းလို့ အမည်မပေးရ ဆိုင်းဘုတ်တောင်
ချိတ်ထားရမယ့် အနေအထားပဲ။
ရှေ့အိမ်ကမီးဖိုတော့
နောက်ဘက်အိမ်မှာ မီးခိုးသင့်ရတယ်
ပင့်ကူမျှင်တွေ ယှက်သန်းနေတဲ့ လောကနတ်ရုပ်ဟာ
စင်ပေါ်ကနေ သူ့ဖာသာ ခုန်ခုန်ချ
လက်တွေက ပန်းပုရုပ်ကို ထုဆစ်တယ်
ပန်းပုရုပ်ကို လက်တွေက ဖျက်ဆီးပစ်တယ်
လက်နက်ကို လက်တွေနဲ့ပြုလုပ်ပြီး
လက်နက်တွေရဲ့ခလုတ်ကို လက်တွေက
အဆက်မပြတ်နှိပ်နေခဲ့ကြတော့
လက်တွေကို လက်တွေက လက်ဖျားခါနေရတော့တာပဲ။
(၄)
ကျွဲတွေက မသေနိုင်သေးဘူး
မြေစာပင်တွေခမျာ စုတ်ပြတ်သပ် ပြားကပ်
ရိုးရာသီချင်းတွေအစား အမြောက်သံ ဗုံးသံတွေကိုပဲ
ဝတ်ဆင်နေကြရတော့
ညီအကိုလို့ ဘယ်လောက်ပြောပြော
သွေးချင်းသားချင်းလို့ ဘယ်လိုဆိုဆို
ဆုံလိုက်တိုင်း လက်က ဓားဆီရောက်ပြီးသားပဲ
အဲဒီလို အနေအထားနဲ့
အဲဒီလို မရိုးသားမှုတွေနဲ့
အိမ်ထဲက ဥစ္စာတွေ တစ်ရေတစ်မြေဆီ
ပါတော်မူနေရတာပဲ
သေဖို့နဲ့သတ်ဖို့ပဲ သိနေရင်
ဘယ်လူ့အဖွဲ့အစည်းမှ မကောင်းနိုင်ဘူး။
(၅)
ရေဒီယိုထဲက အသံက
ရေဒီယိုထဲမှပြန်မဝင်ပဲ
သတင်းစာထဲက စာသားတွေက
သတင်းစာလိုမှ စုတ်ပြဲမသွားပဲ
ခွေးရူးက အရပ်ထဲလျှောက်သွားတယ်
အာဏာရူးရောဂါပိုးက
လေထဲထောင်းထောင်းထ လွင့်နေတယ်
တစ်ခုခုဆို
ပြည်သူတွေ ထွေးခနဲ
တစ်ခုခုဆို
ပြည်သူတွေ သွေးသံတရဲရဲ
ပြည်သူ ပြည်သူနဲ့ ပြည်တည်နေတဲ့ အနာကြီးတွေနဲ့
ယင်ကောင်တွေ တရုံးရုံး
လောက်ကောင်တွေ တဖွားဖွား
တရားနဲ့ဖြေရမယ့် ကိစ္စတွေဟာ
နေရာတကာ အရောင်ရင့်ရင့် အပွင့်ကားကား
သွေးနဲ့ပျိုးထားတဲ့ပန်းတွေ
ညှီစော်နံနေတာ ဆန်းသလား
ခြေတု လက်တုပဲ ထုတ်လုပ်နိုင်တဲ့လူတွေက
အသက်တွေကို တဖြုတ်ဖြုတ်ခြွေ
လူဆိုတာ တစ်ပွင့်ကြွေပြီးရင်တစ်ပွင့်ပြန်ပွင့်တဲ့
အလေနတော ပန်းပင်မဟုတ်ဘူး
လူစိတ်မရှိတဲ့လူတွေ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ
ယာယီတဲကလေးတွေထဲက
နေရောင်ခြည်ငံ့လင့် မျက်လုံးတွေ
မနက်ဖြန်ကို အသက်နဲ့လောင်းကြေးထပ်လို့
ရှင်သန်ခြင်းရဲ့ ဆင်းရဲဒုက္ခကို ရင်နဲ့အမျှပွေ့ပိုက်နေကြရတယ်။
(၆)
ကောင်းမွန်သောမနက်ခင်းသတင်းများ
မျိုးတုံးကုန်ကြပြီလား
မကောင်းဆိုးဝါးတွေကော သွေးဆုံးမကိုင်သေးဘူးလား
လူသေ အလောင်းဖြစ်တွေ
မပြေးနိုင်တော့တဲ့လူသေကောင်တွေက
သေပြေးရှင်ပြေးလူတွေကို ငေးကြည့်နေကြတယ်
ခြေထောက်ပြတ်သွားတဲ့အနာကကျက်နေပါပြီ
သူ့ခြေထောက်ကတော့ နိစ္စဓူဝ ပြတ်နေတုန်းပဲ
သံထက်မြဲတဲ့ အရာနဲ့ခပ်နှိပ်ခံထားရတဲ့
ကလေးငယ်တွေရဲ့ညဟာ အိပ်မက်လှလှနဲ့ဝေးကွာသွားပေါ့
ပျောက်သွားတဲ့အဖေ အမေတွေ
ဘယ်တော့မှ ပြန်မလာကြတော့ဘူး
မနက်ဖြန်ဟာ မသေမချင်းပြုတ်ကျနေမယ့်
ကျောက်တုံးကြီးတွေပဲ
ကောင်းမွန်သောရှင်သန်ခွင့်ဟာ
အရူးလက်ထဲက အဖြူ ရောင် ပုဝါစလေးမျှသာ။
(၇)
၇၀ ကျော်ဆိုတဲ့ သက်တမ်းက
လူ့အသက်နဲ့ဆိုသေသင့်ပြီ
ပြည်တွင်းစစ်ဟာ အခုထိ ကျန်းကျန်းမာမာ
ဒေါင်ဒေါင်ကိုမြည်လို့
ဇာတ်တူသားစားထားလို့ သေမင်းကိုများ
အောင်နိုင်နေရော့သလား
ငြိမ်းချမ်းရေးဟာ အညှောင့်ထွက်လာမလိုလိုနဲ့
မြေကြီးထဲ ပြန်ပြန်ဝင်သွား
မျက်ရည်မိုးတွေနည်းသေးလို့လား
သွေးစီးကြောင်းတွေ အားမကောင်းသေးလို့လား
သေနတ်သံနဲ့ ဂီတသံ မှားယွင်းအရသာခံနေပြီးမှ
လူလို့ တံဆိပ်အကပ်ခံဝံ့ကြသေးတာလား
အမှန်တရားရဲ့ခါးအောက်ပိုင်းဒဏ်ရာဟာ
သွေးထွက်လွန်လို့နေပါပြီ။
(၈)
ပိုက်ဆံရှား ဆေးဝါးရှား ပျော်စရာတွေရှားတဲ့
တိုင်းပြည်က
ကျည်ဆံကျ တယ်ပေါသကိုး
ဘယ်တွင်းထဲ နှိုက်နှိုက် သေခြင်းက ကြွယ်ဝလွန်းပါတယ်
ခေတ်က လူ့အသက်ကိုလူတွေပဲ
ကြိုးစားပမ်းစား ကယ်တင်ရမယ့် အနေအထားရောက်နေပြီ
ဦးထုပ်ဆောင်းဖို့ပဲပါလာတဲ့ ခေါင်းတွေက
အခုထိ အသိမပြောင်းသေးဘူး။
ခွပ်အားကောင်းကောင်းနဲ့ခွပ်နေတော့
အိုးမဲတွေ မရှိတော့တာကို ကြက်တွေမသိကြသလိုလား
ဘယ်အကောင်သေသေ စွပ်ပြုတ်ဖြစ်မယ့်ကောင်ချည်းပါပဲ
ကိုယ့်အတက် သူ့အတက် သရင်း ပြရင်း
အကုန်ကြွကုန်ရင်လည်း နားအေးတာပဲ
အခုတော့ ငြိမ်းချမ်းရေးဟာ
ဘယ်ဘုရားမှ မပေးနိုင်တဲ့ ဆုလာဘ်ကြီးလို
မစားရဝခမန်း မျှော်နေကြရပေါ့။
(၉)
တကယ်ဆို ဘယ်ဖက်ကမှမနိုင်ဘူး
ပြည်သူတွေပဲ ရှုံးခဲ့တယ်
အကွဲအပြဲက လုပ်ဇာတ်ကြီးပဲ
အပျက်အစီးကလည်း ညာညှိထားသလိုကြီးပဲ
စစ်ကိုမုန်းတယ်ဆိုတဲ့ နိုင်ငံမှာ
စစ်ဗိုလ်ရေးတဲ့ စာအုပ်က ရောင်းအားကောင်းနေတာ
ဟာသ မမြှောက်ဘူးလား
လက်နက်တွေ ခေတ်နဲ့အညီဖြစ်ဖို့
စာသင်ကျောင်းကလေး အရပ်ပုနေရဆဲ
လေနဲ့လွင့်နေတဲ့ အလံလို လေတိုက်တိုင်း
တလှုပ်လှုပ် လှုပ်လို့
ယမ်းငွေ့တွေကြားထဲ ဘယ်ပန်းကအဖြူ ထည်ပွင့်မှာတဲ့လဲ
လူကိုလူချင်း အမဲလိုက်တဲ့ စနစ်ကို
သူများထက်နှာတဖျား အသာနဲ့ ဦးဆောင်နေတဲ့
နေရာမှာ လူဖြစ်လာရတော့
မျက်ရည်တွေ အလကားရတာကိုပဲ
ရှာကြံကျေးဇူးတင်နေရတော့တယ်။
(၁၀)
ရက်စွဲဟောင်းတွေက သွေးစတွေနဲ့ခြောက်ကပ်လို့
ရက်စွဲအသစ်တွေက ကိုင်းဖျားမှာလှုပ်နေတဲ့သစ်ရွက်တွေလို
မသေချာမှုကို အဆမတန်ထမ်းပိုးထားရတယ်။
ဘယ်လိုစိတ်နှလုံးနဲ့ လက်နက်ကိုအရသာခံနေကြတာလဲ
ဘယ်လိုလိပ်ပြာနဲ့ ဘဝတွေကိုခြွေချနေကြတာလဲ
သံသယတွေ သည်းထန်တော့
စစ်ပွဲတွေ တသွင်သွင် စီးဆင်းပေါ့
စာသင်ကျောင်းတွေမျှောပါသွားတယ်
သယံဇာတတွေမျှောပါသွားတယ်
လူ့အခွင့်အရေးတွေမျှောပါသွားတယ်
တရားမျှတမှုတွေ မျှောပါသွားတယ်
ရေနစ်နေတဲ့ လူရဲ့ လက်တစ်ဖက်လို
ငြိမ်းချမ်းရေးဟာ စုံးစုံးမြုပ်သွားတော့မှာလား။
ချောက်ထဲမကျစေချင်လို့
ချောက်ကြီးပေါ်တွန်းတွန်းတင်ခဲ့တဲ့
မင်းတို့ရဲ့စေတနာသဒ္ဒါတရားကို တံတွေးထွေးတယ်။
(၁၁)
ဘက်နှစ်ဖက်ဟာ ချိုကိုတမြမြသွေးလို့
တကယ်ဝှေ့နေတာလိုလို
ဝှေ့ယောင်ပြနေတာလိုလို တိရိစ္ဆာန်တွေ
ဘယ်သမိုင်းလှန်ကြည့်ကြည့်
ဘယ်ဖက်မှ လူမဆန်ခဲ့တာ သေချာတယ်
ပြည်သူတွေကြားထဲပဲ သွားလာနေတဲ့ သေမင်း
ပြည်သူတွေကိုပဲ ဖိစီးထားတဲ့ ဆင်းရဲခြင်း
နင်းပြားတွေဟာ နင်းသားကျလွန်းလို့
ကျွံဝင်နေခဲ့ကြရတဲ့ နှစ်ကာလတွေ
ဟောင်းမျှင်းဆွေးမြေ့လို့
ခေတ်ပြောင်းပြီတဲ့ ကြားရတာ ခါးလိုက်တာ
ခေတ်က ပြောင်နေပြီ
ဒါအမှန်ပဲ ခေတ်ကပြောင်နေပြီ
မျှော်လင့်ချက် ဟင်းလင်း
ပျော်ရွှင်မှု ဟင်းလင်း
တည်ငြိမ်ခြင်း ဟင်းလင်း
လူလူချင်းစာနာမှု ဟင်းလင်း
ပြောင်တာက စတီးပဲကောင်းတယ်
မျက်နှာတော့ လာမပြောင်ကြနဲ့
ငြိမ်းချမ်းရေးစောင့်ရင်း
သေတဲ့လူတွေ သေသွားကြပြီ
ငြိမ်းချမ်းရေးစောင့်ရင်း
မသေသေးတဲ့လူတွေလည်း သေနေကြရပြီ။
(၁၂)
ငြိမ်းချမ်းရေး မလာသေးဘူးလား ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး တကယ်ရှိတာကောဟုတ်ရဲ့လား ငြိမ်းချမ်းရေး
ဖျော့တော့နေတဲ့ အလင်းလည်း ဖြည်းဖြည်းချင်းပိုမှိန်လာတယ်
မက်နေတဲ့အိပ်မက်တွေကလည်း
အိပ်မက်အဖြစ် ပိုမိုပီပြင်လာတယ်
ဘယ်ဝါဒနဲ့ ဆေးသိပ်နေဦးမှာလဲ
ဘယ်တရားတော်နဲ့ ဖြေသိမ့်ဦးမှာလဲ
ညကိုကျော်ဖြတ်ပြီး နေရောင်ခြည်ဟာလာခဲ့တယ်
နိုင်ငံတော်ဟာ အမှောင်
နိုင်ငံတော်ထဲကလူတွေလည်း အမှောင်
အကောင်းကိုရှာသည် အကောင်းကားမရှိတော့ချေတဲ့
မှတ်မိနေတဲ့ ဆရာဒဂုန်တာရာရဲ့စာသား
ငြိမ်းချမ်းချင်လှပြီလို့ ဆုတောင်းပြီး
ကျောက်ခဲကိုရေထဲပစ်ချလိုက်တယ်
ဖော့တုံးလိုရေပေါ်ပြန်တက်လာတယ်
မဖြစ်နိုင်ခြင်းက ကျောက်ဆူးချထားသလို မြဲမြံနေတာပဲလား
ဖြစ်နိုင်တာတွေ အတောင်ပံကျိုးနေလို့ပဲလား
အခုထိတော့ တရားခံရှာမရတဲ့ မိုင်းဗုံးတွေ
ပေါက်ကွဲနေကြတုန်းပဲ။
လင်းသက်ငြိမ်