သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

“March for Our Lives” လှုပ်ရှားမှု ချီတက်ပွဲ လူသိန်းချီ တက်ရောက်

“March for Our Lives” လှုပ်ရှားမှု ချီတက်ပွဲ လူသိန်းချီ တက်ရောက်
(နိုင်ငံတကာသာဂိ) မိုးမခ၊ မတ် ၂၇၊ ၂၀၁၈

မတ်လ ၂၄ မှာ ကျောင်းသားတွေက တပြည်လုံးက ပြည်သူတွေကို တပ်လှန့်လိုက်ပါတယ်။ လမ်းတွေပေါ်တွက်ပြီး မတ်လချီတက်ပွဲ ကျင်းပမယ် တဲ့။ အမေရိကန်ပြည်မှာ သေနတ်ပစ် အကြမ်းဖက်မှုတွေကို မတားဆီး မကာကွယ်နိုင်တဲ့ နိုင်ငံရေးသမားတွေ ပါတီတွေကို ကန့်ကွက် ရှုတ်ချကြဖို့၊ သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်နိုင်ဖို့၊ အကြမ်းဖက်မှုတွေကြောင့် ကျောင်းသားလူငယ်တွေ ဒါးစာခံအဖြစ် စတေးနေရတာတွေ ရပ်ဆိုင်းဖို့၊ ဥပဒေနဲ့ ရွေးကောက်ပွဲတွေကနေ သေနတ်ကိုင်အကြမ်းဖက်သမားတွေကို တားဆီး နှိမ်နင်းနိုင်တဲ့ ဥပဒေတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လူငယ်မျိုးဆက်သစ်တွေက စိန်ခေါ်သံ ဟစ်ကြွေးလိုက်တာပဲ ဖြစ်ပါတယ်။


ဖေဖော်ဝါရီ ၁၄က ဖလော်ရီဒါ၊ ပတ်ခ်လင်းမြို့၊ အထက်တန်းကျောင်းကို စိတ္တဇလူသတ်ကောင်တဦး အကြမ်းဖက်ပစ်ခတ်လို့ ကျောင်းသားတွေ သေဆုံးပြီးနောက်ပိုင်းမှာ ဒီ gun control movement က အရှိန်တက်လာပါတယ်။ လက်ယာစွဲ အရင်းရှင်တွေ နိုင်ငံရေးသမားတွေက မျက်စိလွှဲပြီး ဥပက္ခာပြုနေတဲ့ကြားကနေ ပြည်ထောင်စုတ၀ှမ်းလုံး အရှိန်ရလာပြီး ကျောင်းသားတွေက ကျောင်းစာသင်ခန်းတွေထဲကနေ walk out သပိတ်မှောက် ဆန္ဒပြမှုတွေ လုပ်လာကြတယ်။ အနုပညာရှင်တွေ activists တွေကလည်း ပူးပေါင်းပါဝင်လာကြတယ်။ ဒီမိုကရက်ပါတီက နိုင်ငံရေးသမားတွေကလည်း သူတို့တသက်လုံး တွန်းထိုးတောင်းဆိုခဲ့တဲ့ အလုပ်ဟာ ကလေးတွေလက်ထဲမှာ အားကောင်းမောင်းသန်ဖြစ်လာတော့ ၀င်ရောက် ပူးပေါင်းကူညီကြပါတယ်။

မတ် ၂၄နေ့က တပြည်လုံးက ကျောင်းသားလူငယ်တွေဟာ ၀ါရှင်တန်ဒီတီမှာ စုဝေး ချီတက်ပြီး March for our lives လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ လူသိန်းချီတက်ရောက်ကြတယ်။ အလှူငွေတွေ သန်းချီပြီးရတယ်။ ပွဲအတွက် ဒေါ်လာ ၅ သန်းကုန်ကျတယ်။ ကျန်တဲ့ငွေတွေအထဲက တချို့ကို ဖလော်ရီဒါကျောင်းက သားကောင်တွေအတွက် ပေးမယ်။ တချို့ကိုတော့ ဒီ လှုပ်ရှားမှုအတွက် NON PROFIT ကင်ပိန်းလော်ဘီအဖွဲ့ ထူထောင်ပြီး Gun Control ထိရောက်မှု ရှိအောင် လုပ်ကြမယ်တဲ့။ အဓိက တောင်းဆို လှုပ်နှိုးတဲ့တချက်ကတော့ လူငယ်တွေ မဲပေးဖို့ မှတ်ပုံတင်ကြဖို့ (Register to vote) ပြီးတော့ ကိုယ့်အတွက် မဲပေးကြဖို့ (to vote) ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးမှာ ကိုယ်ကျိုးကြည့်သူ ကိုယ်ကျိုးရှာသူတွေချည်းကပဲ မဲပေးတဲ့စနစ်နဲ့ ရွေးကောက်ပွဲကို မောင်ပိုင်စီးထားပြီး အများအကျိုး မျော်လင့်သူတွေကို မဲမပေးနိုင်အောင် ထိန်းချုပ်ထားတာ၊ ကန့်သတ်ထားတာ၊ စိတ်မ၀င်စားအောင် စိတ်ပျက်အောင် လုပ်နေကြတာကို မီးမောင်းထိုးပြတဲ့ အချက်လည်း ပါဝင်ပါတယ်။


သူတို့ကလေးတွေနဲ့အတူ Black Lives Matter ဆိုတဲ့ Movement ကလည်း ပူးပေါင်းကြပါတယ်။ Black Lives Matter ဆိုတာကတော့ လူဖြူမဟုတ်သူတွေကို (လူမည်းတွေ အာရှတွေ၊ တောင်အမေရိကန်တွေကို) အမေရိကန်ပုလိပ်တွေရဲ့ လက်လွတ်စပယ် အကြမ်းဖက်မှု သတ်ဖြတ်မှုတွေ (police brutality) ကို ကန့်ကွက်ကြသူတွေ ဥပဒေနဲ့ တားမြစ်နိုင်အောင် ရုန်းကန်နေကြတဲ့ လှုပ်ရှားမှုပါ။

Gun Control လှုပ်ရှားမှုဟာ လက်ယာစွဲတွေရဲ့ gun rights တွေအပေါ် ဒီတခါ သက်ရောက်မှု ကြီးပါတယ်။ ပြည်နယ်ဥပဒေတွေမှာ gun ကို ထိန်းချုပ်ဖို့ စတင် ကြိုးစားလာကြတယ်။ gun rights lobby (မဲဆွယ်သူ)  NRA အဖွဲ့ကြီးကိုလည်း လူတွေက တော်တော်ကို ဝေဖန် ကန့်ကွက်လာကြပါတယ်။ လက်ယာစွဲတွေမှာ သူတို့အစွဲတွေအတွက် (တပြည်သားဆန့်ကျင်ရေး၊ လက်နက်ကိုင်စွဲရေး၊ လူတန်းစား အသားအရောင် ခွဲခြားရေး၊ ရွေးကောက်ပွဲတိုင်းမှာ လူဖြူတွေသာ အားသာရေး) စတဲ့ အစွဲတွေအတွက် Lobby အဖွဲ့တွေ ဖွဲ့ပြီး နိုင်ငံရေးသမားတွေ၊ အမတ်တွေ၊ အစိုးရတွေကို အိတ်ထဲ ထည့်ထားကြပါတယ်။ သည်တော့ အခြားတဖက်ကလည်း လက်ဝဲသန်သူ ခေါ်ခေါ် progressive တွေ ဆိုဆို liberal လို့ ပြောပြော အခြားအစုအဖွဲ့တွေ လူငယ်ကျောင်းသားတွေကလည်း Lobby ဆိုတဲ့ အဖွဲ့တွေနဲ့ ငွေသုံးပြီး တန်ပြန်ဖို့ လုပ်လာကြတာဟာ ထူးခြားတဲ့ အရွှေ့ပါ။ မျိုးဆက်သစ်တွေဟာ movement တွေ Protests တွေနဲ့ awareness တွေ campaign တွေသာ လုပ်နေကျ ဖြစ်ပြီး ၀ါရင့်သမားကြီးတွေလို့ lobby politics မလုပ်ဘဲ နေလာကြရာက ဒီတခါတော့ lobby ပါ လုပ်မယ်လို့ ဆိုကြတာ စိတ်ဝင်စားစရာပါ။


ဆက်လက် စောင့်ကြည့်ကြဖို့သာ လိုအပ်ပါကြောင်း။


(အညွှန်း ဓာတ်ပုံများ – NPR News)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts