(မိုးမခ) မတ်လ ၂၄၊ ၂၀၁၈
အရှေ့မြောက် တရုတ်-ဗမာ နယ်စပ်အခြေခံစခန်းကာလ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပြည်သူ့ဒီမို ကရေစီလက်နက်ကိုင်တော်လှန်ရေးအတွင်း မိမိထက်အင်အားကြီးတဲ့ရန်သူကို ရင်ဆိုင်တိုက်နိုင်ဖို့ အဓိကတပ်၊ ဒေသတပ်နဲ့ ပြည်သူ့စစ် ဆိုပြီး တပ် ၃ တပ်စနစ်ကျင့်သုံးကာ အခြေခံဒေသတည်ဆောက်ထားတယ်။ ပါတီ ခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်ဟာ စစ်ရေးတိုက်ပွဲတွေကို နည်းသဏ္ဌာန် ၃ မျိုးနဲ့ တိုက်ပွဲဝင်တယ်။ ပထမနည်း ပြောက်ကျားစစ်တိုက်နည်း၊ ဒုတိယ လှုပ်ရှားစစ်တိုက်နည်း၊ တတိယက နေရာယူစစ်တိုက်နည်းတို့ ဖြစ်တယ်။ အဖွဲ့ငယ်တွေ ဖြန့်ခွဲ လှုပ်ရှားတိုက်ခိုက်ခြင်းနဲ့ မိမိအင်အားစုစည်းပြီး ရန်သူကို အလစ်အငိုက်ယူ တိုက် တဲ့ စခန်သိမ်းတိုက်ပွဲများ လမ်းဖြတ်တိုက်ပွဲများ၊ အပြင်စည်းယူ ရန်သူခွင်အတွင်း ၀င်ရောက်လှုပ်ရှားတိုက်ခြင်း တို့အပြင် ရန်သူ့ထိုးစစ်ကို ရိုက်ချိုးပြီး လွတ်မြောက်ဒေသ ကာကွယ်ထားတဲ့ နေရာယူစစ်တိုက်ပွဲများ စသဖြင့် ပြောင်မြောက်တဲ့ ချေမှုန်းရေးတိုက်ပွဲ အများအပြားတိုက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ တပ်တွင်းရောက်ပြီး စစ်ရေး လှုပ်ရှားမှုတွေလုပ်နေတာ တနှစ်ကျော်လောက်ရှိလိမ့်မယ်၊ မုန်းပေါ်မြို့(မုန်းပေါ်ကြီး)ကာကွယ်ရေး အစောပိုင်း ကာလ ၁၉၇၇ ခုနှစ် ရွှေကျင်ဝမ်တောင်ကုန်းတိုက်ပွဲလို ခံစစ်တိုက်ပွဲတွေလည်း တိုက်ခဲ့တယ်။ ဒီတိုက်ပွဲတွေ အတွင်း အောင်ပွဲများရရှိသလို ဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်၊ တပ်ဖွဲ့များအနေနဲ့ စစ်ရေးလှုပ်ရှားမှုများ လုပ်ခဲ့ပြီး၊ အနားယူလေ့ကျင့်ရေး၊ ပြန်လည်ထိန်းညှိဖွဲ့စည်း၊ အင်အားဖြည့်ရေး လုပ်ခဲ့ကြတဲ့ အခြေအနေတရပ် တွေ့ကြုံခဲ့ဖူး တယ်။
၁၉၇၆ ခုနှစ်၊ နှစ်ကုန်ပိုင်း ဖြစ်လိမ့်မယ်၊ ပြည်သူ့တပ်မတော် တပ်မဟာ ၂ တခုလုံး တည်ငြိမ်တဲ့ အခြေခံစခန်း တနေရာဖြစ်တဲ့ ကွတ်ခိုင်ခရိုင် မုံးပေါ်လေးနယ် (ဒေသအခေါ် ရှောက်မုံးပေါ်) မှာ ပြန်လည်စုစည်းထားတယ်။ ထိုစဉ်က တပ်မဟာ ၂ တပ်မဟာမှူးမှာ ရဲဘော်ထွန်းတင် (ကရင်လူမျိုး) (နောင်မှာ တတိယကွန်ဂရက် အရန် ဗဟိုကော်မတီ) တပ်မဟာ နိုင်ငံရေးမှူး ရဲဘော်အင်ဖန်းဂန် (ကချင်လူမျိုး) (အိန္ဒိယ ဒါဂျီလင်ကျောင်းဆင်း) တပ် မဟာ ဒုနိုင်ငံရေးမှူး အောင်လင်း ခေါ် ဟုန်လောစစ် (ဗမာပြည်ပေါက်တရုတ်လူမျိုး ရန်ကုန် ဟွာကျုံးကျောင်း ဆရာဟောင်း)။ တပ်မဟာလက်အောက်မှာ တပ်ရင်း ၄ ရင်းရှိတယ်။ (၁) အထူးတပ်ရင်း (၃၀၃၁ ဟုလည်းခေါ်) ရင်းမှူး ကြည်မြင့် ခေါ် ကျန်းစစ်မင်- ရှမ်းတရုတ်၊ အထူးတပ်ရင်းမှာ လက်နက်ကြီးတပ်ခွဲပါတယ်၊ တပ်မဟာရုံးနဲ့ အမြဲတွဲထားလေ့ရှိတယ်။ (၂) တပ်ရင်း ၁ (၃၀၃၃ ဟုလည်းခေါ်) ရင်းမှူး (လီရှောတရုတ် အမည်မမှတ်မိ) တရုတ်လွတ်မြောက်ရေးတပ်မတော် တပ်ထွက်ဟုသိရ (၃) တပ်ရင်း ၃ (၃၀၃၇ ယခင် အခေါ်) ရင်းမှူး ကချင် လူဟောင်းရဲဘော်ကြီး (၄) တပ်ရင်း ၁၀၇ ရင်းမှူး (ဘာလူမျိုးမှန်းမသိ)။ ဒီတပ်ရင်းက ၂၀၂ ဒေသ မိုးကုတ်၊ မိုးမိတ်နယ်၊ ဗန်းမော်နယ်တို့တွင် အများဆုံးလှုပ်ရှားတဲ့ တပ်ရင်းဖြစ်တယ်။ ဒီတပ်ရင်း ၄ ရင်း အားလုံး မုန်းပေါ် လေးဒေသ ပလောင်ရွာတွေမှာ စုစည်းတယ်။ တပ်မဟာရုံးနဲ့ အထူးတပ်ရင်းက ဆိုက်ခေါင် ဆိုတဲ့ ပလောင်ရွာ မှာစခန်းချတယ်။ တပ်ရင်း ၁ က ယင်းမော၊ နားခိုင်ဘက် နားခိုင်ပလောင်ရွာမှာ တရင်းလုံးစုစည်းထားတယ်။ ကျန်တပ်ရင်းတွေက ပန်ဆတ်၊ ဟိုပုန်း စတဲ့ ပလောင်ရွာတွေမှာဘဲ စခန်းချကြတယ်။ တပ်ရင်းတပ်ဖွဲ့လိုက် လုပ်ငန်းတာဝန်တွေ ချပေးထားတယ်။ နိုင်ငံရေးလေ့လာရေးနဲ့ စစ်လေ့ကျင့်ရေး၊ တနှစ်တာ တိုက်ပွဲနိဂုံးချုပ်၊ စစ်ရေး နိုင်ငံရေးလုပ်ငန်းတွေ၊ ဝေဖန်ရေးနဲ့မိမိကိုယ်ဝေဖန်ရေးလုပ် ပြန်လည်သုံးသပ်ဖို့ ဖြစ်တယ်။
ရည်ရွယ်ချက်။ ။ ပါတီကို ပါတီနဲ့တူအောင်၊ တပ်ကို တပ်နဲ့တူအောင် တည်ဆောက်ကြ ဆိုတဲ့ ပါတီဗဟိုဆော် သြောချက် လက်တွေ့အကောင်အထည်ဖော်ရေးလုပ်ဟန် ဖြစ်တယ်။ ချို့ယွင်းချက်ပြုပြင်၊ အားကောင်းချက် ထွန်းကား၊ တပ်ဖွဲ့များရဲ့ စစ်ရေး နိုင်ငံရေး ရေချိန်မြှင့်တင် တနည်းအားဖြင့် ပြည်သူ့တပ်မတော်တရပ် ပီသအောင် တည်ဆောက်ကြရေး တို့ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်ရင်းက နားခိုင် ဆိုတဲ့ ပလောင်ရွာမှာ အခြေပြုပြီး ကေဒါနဲ့တပ်သားထု စုံစုံညီညီစုစည်းထားနိုင်ချိန်လို့ ဆိုရမယ့်အချိန်ဖြစ်တယ်၊ နားခိုင် ပလောင်ရွာဟာ အိမ်ခြေ ၄၀၊ ၅၀ လောက်ခန့်မှန်းတယ်။ ရွာမှာ ဘုန်းကြီးကျောင်းတကျောင်းရှိပြီး ကျောင်းဝင်းကျယ်တယ်၊ သန့်ရှင်းသပ် ရပ်တယ်၊ နားခိုင်ရွာက ပလောင်လူမျိုးများဟာ အခြားသော ဆိုက်ခေါင်၊ ဟိုပုန်းရွာတွေက ပလောင်လူမျိုးတွေနဲ့ ၀တ်စားဆင်ယဉ်ပုံ ကွဲပြားမှုရှိနေတာ သတိထားမိတယ်၊ ပလောင်လူမျိုး ဘယ်နှစ်မျိုးကွဲပြားနေလဲ ကျွန်တော် နားမလည်၊ ပလောင်အမျိုးသားတွေက ရှမ်းဘောင်းဘီပုံမျိုးနဲ့ သာမန်တောင်ပေါ်သားဝတ်ပုံမျိုးဘဲ၊ နားခိုင် ပလောင်အမျိုးသမီးတွေကြတော့ အနက်ရောင်လုံချည်အင်္ကျီတွေ ၀တ်ဆင်ကြတာတွေ့ရတယ်၊ ခလေးအရွယ် သာ ဦးထုပ်ပုံခေါင်းစွပ်တွေ စွပ်ထားပြီး ပလောင်မကြီးတွေက အခြားရွာက ပလောင်တွေလို ခေါင်းစွပ်မစွပ် တဘက်ခေါင်းပေါင်းတွေဘဲ ပေါင်းကြတာတွေ့ရတယ်၊ အသားကလည်းဖြူ တကိုယ်လုံး အ၀တ်နက်တွေလည်း ၀တ်ထားကြ သပ်သပ်ရပ်ရပ်လည်းရှိဆိုတော့ ကြည့်ရတာကျက်သရေရှိတယ်။
တပ်က နားခိုင်ရောက်ပြီး ၂ ရက် ၃ ရက်သာ အနားယူပြီး ကျွန်တော်တို့ နံနက်စောစော PT (ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း) ပြေးကြရတယ်။ ကျန်အချိန်တွေမှာ ရွာတွင်းရွာပြင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက် ရေသန့်ရှင်းရေးစတဲ့ လူထုကူညီရေးလုပ်ငန်းများ အရင်ဆုံးလုပ်ဆောင်ကြတယ်။ ဘုန်းကြီးကျောင်းတွင်း အားက စားလုပ်နိုင်အောင် တန်းဘားတို့၊ ရိမ်းဘားဂွင်းတို့အပြင်၊ အခြား ၀ါးလုံးတန်းကျော်၊ တန်းလျှောက်လုပ်နိုင် အောင်လည်း ၀ါးလုံးကြီးများသုံး စီစဉ်ထားသေးတယ်။
တပ်မဟာပါတီကော်မတီရဲ့ ညွှန်ကြားမှုအောက်မှာ သဘောတရားလေ့လာရေးအပိုင်းနဲ့ တနှစ်နိဂုံးချုပ်လုပ်ငန်း ကို တပ်ရင်းပါတီကော်မတီက ဦးစီးတယ်။ ရက်တိုသင်တန်းသဘောမျိုးလို့လည်း ဆိုနိုင်တယ်။ တပ်ရင်းမှာ ရင်း ပါတီကော်မတီ၊ တပ်ခွဲမှာ တပ်ခွဲပါတီကလာပ်စည်း၊ တပ်စုမှာ ပါတီအဖွဲ့၊ တပ်စိတ်တိုင်း ပါတီဝင်ရှိရမယ် ဆိုတဲ့မူ အတိုင်း တပ်တွင်းပါတီတည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်တယ်။ နားခိုင်ရွာရောက်ပြီး အရင်ဆုံး ရင်းကော်မတီ အစည်းအဝေးလုပ်တယ်၊ တပ်ခွဲကေဒါအတော်များများတက်နိုင်အောင် တပ်ရင်းတိုးချဲ့ကော်မတီ အစည်းအဝေး လုပ်ခြင်းဖြစ်တယ်၊ လက်ရှိ တပ်ကေဒါစာရင်း၊ ပါတီဝင်၊ လူငယ်ဝင်စာရင်း၊ တပ်အင်အားစာရင်း၊ လက်နက်ခဲယမ်းတပ်ဆင်မှုစာရင်းတွေ တိတိကျကျကောက်ယူတယ်၊ ဒီနောက် သင်တန်းနေရာ ဘုန်းကြီး ကျောင်းဝင်းဒေါင့်တနေရာ တပ်ရင်းတရင်းလုံး စုစည်းတယ်၊ ရင်းနိုင်ငံရေးမှူးမှ အဖွင့်အမှာစကားပြော၊ အချိန် ဇယားနဲ့ စနစ်တကျတာဝန်ခွဲပြီး တပ်ရင်းကေဒါတွေက တရက်တမျိုးစီ ဟောပြောတယ်။
ဟောပြောချက်တွေထဲမှာ ပါတီသမိုင်းဟောပြေချက်၊ နိုင်ငံတကာ့တော်လှန်ရေးအတွေ့အကြုံ၊ နိုင်ငံ့တကာ့ဝါဒ၊ ဆိုဗီယက်ယူနီယံ နဲ့ တရုတ်တော်လှန်ရေးအတွေ့အကြုံများ၊ စစ်ရေးကဏ္ဍတွင် လက်တွေ့တိုက်ပွဲ အတွေ့အကြုံ နဲ့ သင်ခန်းစာ၊ အရှေ့မြောက်စစ်ဒေသ တိုက်ပွဲနိဂုံးချုပ်ချက်များ၊ အရှေ့တောင်အာရှမှ ဗီယက်နမ်နဲ့ လာအို တိုက်ပွဲနမူနာတခုစီရဲ့ သုံးသပ်ထုတ်နုတ်ချက်များ ပါဝင်ဟောပြောတယ်။ တပ်ပေါင်းစုလုပ်ငန်းအပိုင်း အလုပ် သမား-လယ်သမား မဟာမိတ်ဖွဲ့ခြင်းအပြင် ပါတီ၊ တပ်၊ တပ်ပေါင်းစု ဆိုတဲ့မူအရ စစ်ရေးမဟာမိတ်တပ်ပေါင်းစု တွေ လိုအပ်ပုံနဲ့ ဘုံရန်သူဦးတည်တိုက်ရေး မရှိမဖြစ်လိုအပ်ပုံတွေ ဟောပြောတယ်။ ပါတီသမိုင်းဟောပြောချက် မှာ ဗမာပြည်သူတွေ ဗြိတိသျှကိုလိုနီဘ၀မှ နယ်ချဲ့ဆန့်ကျင်ရေးကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ် ပေါက်လာပုံ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွဲခဲ့ပုံနှင့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအကြောင်း လက်တွေ့ သမိုင်းဆိုင်ရာအချက်အလက်များနဲ့ ယှဉ် ဟောပြောပို့ချတယ်၊ အပိုင်းလိုက်ခွဲပြီး ပြည့်စုံအောင်တပ်ရင်း ကေဒါ တွေကတာဝန်ယူ နေ့စဉ်ပို့ချတယ်။ တပ်ရဲ့ထူးခြားချက်အရ ဘာသာစကားအခက်အခဲရှိလို့ စကားမပေါက်သူ များကို ဘာသာပြန်ကတဆင့် နားလည်ယူကြရတယ်၊ တပ်သားအများစုက တောင်ပေါ်သားလူမျိုးစုရဲဘော်တွေ အများစု ဖြစ်တယ်၊ ဟောပြောချက်တချို့ကို ရဲဘော်တွေနားလည်နိုင်အောင် စကားလုံးတွေ တမင်ရွေးချယ် သုံးနှုန်း သဘောပေါက်အောင် ပြန်မေးဖြေနည်းနဲ့ ကျောင်းစာသင်သလို စိတ်ရှည်လက်ရှည် ပြောဆိုရှင်းလင်း တာအထိတွေ့ရတယ်။
လက်တွေ့တိုက်ပွဲအတွေ့အကြုံနဲ့ သင်ခန်းစာယူနိုင်ဖွယ်တွေ ပြောပြရာမှာ အတော်လေးစိတ်ဝင်စားစရာကောင်း ပါတယ်။ ဒုတိယအကြိမ်လွယ်မွန်တောင်ကြောတိုက်ပွဲအတွေ့အကြုံနဲ့ နမ်မလင်းတိုက်ပွဲသင်ခန်းစာ၊ ဗီယက်နမ် ကရဲဘော်တွေ ရန်သူထိုးစစ် ပြန်တိုက်တဲ့တိုက်ပွဲအကြာင်း ပြောပြတာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်တွေ့တိုက်ပွဲဝင်ခဲ့သူတွေ ကိုယ်တိုင်ဟောပြောတာဖြစ်တယ်၊ မရှင်းတာပြန်မေးနိုင်တယ်၊ ဟောပြောချက်က မငြီးငွေ့ဘူး၊ အသက်ပါတယ်။ နံနက်ပိုင်းဟောပြော၊ နေ့ခင်းမှာ အစုအဖွဲ့လေးတွေဖွဲ့ ဟော ပြောချက်များ ဆွေးနွေးကြတယ်။ ကျွန်တော်တို့ ပြည်မကလာတဲ့ စကားပေါက်တဲ့ရဲဘော်ချင်း သီးခြားအစုတစု ဖွဲ့ ဆွေးနွေးစေတယ်။ ထင်မြင်ချက်များ မရှင်းလင်းသည်များ ပြန်လှန်မေးခွန်းထုတ် မေးမြန်းနိုင်ကြောင်း တောင်း ဆိုထားတယ်၊ ကျွန်တော်တို့ ပြည်မကလာတဲ့ ရဲဘော်တွေအစုက ပါတီသမိုင်းဆွေးနွေးချက်မှာ အချက်အလက် တွေ သေချာထောက်ပြ ဆွေးနွေးနိုင်ကြလို့ ရင်းပါတီကော်မတီက ထုတ်ဖော်ချီးကျူးတာတောင်ရှိတယ်။ လေ့ လာရေးကာလနဲ့ နိဂုံးချုပ်ပြီးချိန်ထိ တလလောက် ကြာတယ်။
နောက်တဆင့် ပါတီဝင်နဲ့လူငယ်ဝင်များ ပြန်လည်စီစစ်၊ ပါတီဝင်လျှောက်ထားသည့် ရဲဘော်များ သီးခြားခေါ်ယူ ပါတီဝင်သစ်သိမ်းသွင်းရေး၊ လက်ခံသင့်မသင့် သက်ဆိုင်ရာတပ်ခွဲတပ်ဖွဲ့ ကလာပ်စည်းများ စဉ်းစားထင်မြင် ချက်ပေးရေး ဆော်သြတယ်။ တပ်အင်အားစီစစ်ရေး သေချာလုပ်တယ်၊ ခွင့်ပြန်သွားပြီး ပြန်ရောက်မလာသူများ၊ ကျဆုံးရဲဘော်များဆိုင်ရာ တပ်စုတပ်ခွဲက စာရင်းပြုစုပေးရတယ်၊ တနှစ်တာစစ်ရေးတိုက်ပွဲ တခုချင်းသုံးသပ် တယ်။ လက်နက်ခဲယမ်းတပ်ဆင်ထားမှု အသေးစိတ်စာရင်း တပ်စု၊ တပ်စိပ်လိုက်အထိ လုပ်ခိုင်းတယ်၊ မိမိတပ် ထိခိုက်ကျဆုံးစာရင်းနဲ့ ရန်သူသေကြေဒဏ်ရာစာရင်းဇယားလုပ် ဖော်ပြ ဖတ်ပြတယ်။ ဝေဖန်ရေးနဲ့ မိမိကိုယ်ကို ဝေဖန်ရေး သေချာလုပ်ရတယ်။ လူကောင်းကိစ္စကောင်း ရွေးချယ်၊ တပ်စိတ် တပ်စု တပ်ခွဲကေဒါများ ပြန်တမ်း သဘောဖတ်ပြ အဆင့်တိုးမြှင့်တာဝန်ပေးခြင်နဲ့ အပြစ်ပေးအရေးယူခြင်းလုပ်ငန်း လုပ်ပြတာတွေ့ရတယ်။ တပ် ရင်းအနေနဲ့ အပြစ်ပေးအရေးယူတာ မရှိပေမဲ့ တပ်မဟာတခုလုံးမှာတော့ တယောက်နှစ်ယောက် အရေးယူတာ ရှိတယ်၊ အဲဒီအထဲမှာ မြို့ပေါ်ကလာတဲ့ရဲဘော်တယောက် လူမှုရေးဖောက်ပြန်လို့ ဖမ်းချုပ် နောက်တန်းပြန်ပို့ရ တာရှိတယ်၊ လေ့လာရေးရဲ့ နိဂုံးချုပ်အဆုံးသတ်မှာ တဦးချင်းခံယူချက်အမြင်နဲ့ သံန္နိဋ္ဌာန်တို့ကို ရဲဘော်တိုင်း စာနဲ့ ရေး တင်ပြခိုင်းတာထိလုပ်တယ်၊ စာရေးနေကျမဟုတ် စာမရေးတတ်တဲ့ရဲဘော်တွေ စာရေးတတ်တဲ့ရဲဘော်ကို ပြောပြ ရေးခိုင်း တင်ပြကြရတယ်။ ဒီလို ပြည်သူ့တပ်မတော် လုပ်ဟန်ကောင်းတချို့ လက်တွေ့လုပ်ဆောင် ထိ တွေ့ရတဲ့အခါ ကျွန်တော်တို့အနေနဲ့ ကျေနပ်အားရဖြစ်မှုနဲ့အတူ နိုင်ငံရေးအရ လန်းဆန်းလာစေတယ်။ ဒါတွေက နိုင်ငံရေးလေ့လာရေးအပိုင်းဖြစ်တယ်။
လေ့ကျင့်ရေးနဲ့ဆိုင်တဲ့အပိုင်းမှာ ပထမ ရဲဘော်တဦးချင်း ကိုင်တဲ့သေနတ်တွေ စစ်တယ်၊ တိုက်ချွတ်ခြင်း ရှိမရှိ ရင်မှူးနဲ့အဖွဲ့ တဦးချင်းစီအထိ အတိအကျလိုက်စစ်တယ်။ တပ်ရင်းတရင်းလုံးအနေအထားနဲ့ တန်းစီ၊ ရဲဘော် တဦးချင်း ကိုယ့်သေနတ်ကိုပြ အစစ်ခံကြရတယ် တိုက်ချွတ်ခြင်းအပိုင်းမှာ လိုအပ်မှုရှိနေလို့ ကျွန်တော်အပါ အ၀င် ရဲဘော်တချို့ တိုက်ချွတ်မှုအပိုင်း လိုနေသေးလို့ ပြန်တိုက်ခိုင်းပြီး ထပ်မံအစစ်ခံရသေးတယ်။ လက်နက် ကိုင်တွယ်ပစ်ခတ်နည်း အဓိက ချိန်ရွယ်ပစ်ခတ်နည်းကို အချိန်ယူလေ့ကျင့်ကြရတယ်၊ ဒီအပိုင်းမှာ လက်နက် ကိုင်တွယ်ပုံ သေနတ်ထမ်းပုံ၊ လေ့ကျင့်ရေးရှိတဲ့တပ် သေနတ်ကိုင်ပုံ၊ လေ့ကျင့်ရေးမရှိတဲ့တပ် သေနတ်ကိုင်ပုံ ဟာသနှော လုပ်ပြတာတွေရှိတယ်။
နောက်ပိုင်း စခန်းသိမ်းတိုက်ပွဲပုံစံတခု မီးကျည်တွေပစ် မုန်တိုင်းတက်ထိုးတဲ့ပုံ လေ့ကျင့်စေတယ်။ ပစ်ခတ်မှု လေ့ကျင့်ရာမှာ တကယ့်ကျည်သုံး ပစ်မှတ်ပစ် လေ့ကျင့်တယ်။ အသုတ်လိုက်ခွဲ ပစ်ပြရတယ်၊ အကြိမ်ကြိမ်ပစ်ရ တယ်၊ ပစ်မှတ်ကို တချက်မှ ၀င်အောင်မပစ်နိုင်သူကို ပြစ်ဒဏ်ပေးတဲ့သဘော ထင်းထမ်းခိုင်းတယ်။
လေ့လာရေး လေ့ကျင့်ရေးပြီး ရက်တချို့ကြာလာတဲ့အခါ ရဲဘော်တွေဟာ ရွာထဲမှာ လွတ်လွတ်လပ်လပ်လည် ကြပတ်ကြနဲ့ စုစား စုသောက် စကားဝိုင်းဖွဲ့တာတွေ ရှိလာတယ်။ ကျွန်တော်တို့အပါအ၀င် လည်ကြတာ အချိန် ကုန်မှန်းမသိ ကုန်ကုန်သွားတတ်တယ်။ တရက်မှာ ည ၁၀ နာရီကျော်လောက် ရှိလိမ့်မယ်၊ တပ်ရင်းရုံးက ခရာ မှုတ်တာ ဆက်တိုက်သုံးကြိမ်လောက်မှုတ်တော့ အရေးပေါ်ဆိုပြီး ရဲဘော်တွေ အပြေးအလွှား ရင်းရုံးမှာ သေနတ် equipment နဲ့ ပြေးလွှားတန်းစီကြရတယ်၊ ရင်းမှူးနဲ့ နိုင်ငံရေးမှူးတို့လည်း သေနတ် equipment နဲ့ အသင့်အနေအထား တွေ့နေရတယ်၊ နောက်ကျတဲ့ရဲဘော်တွေ အပြင်မှာ သီးခြားအရပ်ခိုင်းထားတယ်၊ ကျန်ရဲ ဘော်များ ကိုယ့်တပ်ခွဲနဲ့ကိုယ် တန်းစီကြရတယ်၊ ကျွန်တော်တို့က မကြုံဖူးလို့ ဘာဖြစ်နေတာလဲ အံအားသင့်နေ တယ်။ ပြီးမှသိရတာက တပ် လူစစ်နေတာကိုး၊ ရင်းမှူးပြောတာက တိုတိုပြတ်ပြတ်၊ စည်းကမ်းမရှိတဲ့တပ်ဟာ ရန်သူကို နိုင်အောင်မတိုက်နိုင်ဘူး၊ ဒါကြောင့် တပ်ဟာ စည်းကမ်းရှိရမယ် ဆိုပြီး တပ်ခွဲလိုက်တန်းစီဇယား အတိုင်း လူရှိမရှိ နာမည်ခေါ်စစ်နေတယ်။ နောက်ကျတဲ့ရဲဘော်တွေ နာမည်မှတ်ထားပြီး ဒါမျိုး နောက်တကြိမ် နောက်ကျရင် ဒဏ်ပေးမယ်လို့ သတိပေးတယ်၊ အချိန်မရွေး တပ်လူစုနိုင်ရမယ်၊ အရပ်သားလို နေလို့မရဘူး အချိန်နဲ့အိပ်ဖို့ နားကြဖို့ စည်းကမ်းရှိကြဖို့ပြော တန်းဖြုတ်တယ်။ တရင်းလုံးနိဂုံးချုပ်ဆွေးနွေးပွဲတွေအပြီး ရင်းရုံးက ဟင်းပေါ်တယ်၊ တပ်ခွဲလိုက်အချိုးကျ စု စိတ်အသီးသီးရှိ ရဲဘော်တဦးချင်းစီ ကိုတာနဲ့ ဟင်းတွေ ဝေပေးသေးတယ်။ နောက်ကိစ္စတခု လာပြန်သေးတယ်၊ ရဲဘော်တွေတည်းတဲ့ အိပ်တဲ့ အရပ်သားအိမ်တွေ ရင်းမှူးနဲ့အဖွဲ့ ရှောင်တခင်လိုက်စစ်ပြန်တယ်၊ အိပ်ရာအနေအထား၊ ကျောပိုးအိတ်ထားပုံ၊ လက်နက်ခဲယမ်း ပစ္စည်းအထားအသိုနဲ့ အရပ်သားပစ္စည်း ဘာတွေ ယူသုံးထားလဲ၊ ထမင်းချက်ရာ ထင်းရှာသုံးမသုံး စစ်ဆေး တယ်၊ ပြဿနာရှိတဲ့ တပ်စိတ် တပ်စု ဝေဖန်ထောက်ပြ ပြုပြင်စေတယ်၊ အရပ်သားပစ္စည်း ယူသုံးထားရင် ချက်ချင်းပြန်အပ်ခိုင်းတယ်။ လွယ်တော့ မလွယ်ဘူး၊ လူအများနဲ့လုပ်ရတဲ့အလုပ်၊ တပ်စည်းကမ်းကိုင်ဖို့ ဆိုတာ ပညာပေးရေးနဲ့အတူ ပြောရင်ပြောသလို တာဝန်သိသိ ဘက်စုံကလုပ်ရတဲ့ ကိစ္စဖြစ်တယ်။
တပ်နိဂုံးချုပ်လုပ်နေစဉ် တရက်မှာ နံနက်စာ စောစောစားကြပြီး တပ်ရင်းတရင်လုံးစုစည်း၊ ဟိုပုန်း ဆိုတဲ့ ပလောင်ရွာဆီ ချီတက်ကြရတယ်။ နားခိုင်ရွာနဲ့ ဟိုပုန်းရွာက နှစ်နာရီခရီးသာသာလောက် လျှောက်ရတယ်၊ ဟိုပုန်းရွာထဲမှာရော၊ ဟိုပုန်းဘုန်ကြီးကျောင်းထဲမှာပါ တပ်မဟာရုံးအဖွဲ့က ရဲဘော်တွေ ဆေးတပ်ဖွဲ့က ရဲဘော်မ တွေ ရောက်နှင့်နေကြပြီ၊ ဖြည်းဖြည်းချင်း တပ်မဟာလက်အောက်တပ်ရင်းများပါ ကျွန်တော်တို့နဲ့ ရှေ့နောက် ဆိုသလို ရောက်လာကြလို့၊ တရွာလုံး တပ်ကရဲဘော်တွေနဲ့ စည်ကားသွားတယ်၊ အမျိုးသမီးရဲဘော်တွေ ပန်းခွေ လုပ်နေတာ တွေ့ရတယ်၊ ကျွန်တော်တို့တပ်ရင်းကိုလည်း ပန်းခွေ လုပ်ခိုင်းနေပြီ၊ ရဲဘော်တွေ ရွာထဲမှာ ဘုန်ကြီး ကျောင်းထဲမှာ ပန်းပင်လိုက်ရှာကြရတယ်၊ တချို့က ရွာဘေးပတ်ဝန်းကျင် တောပန်း၊ တောင်ပန်းတွေ လိုက်ရှာ ၀ါးခုတ်သူခုတ်နဲ့ သိပ်မကြာလိုက်ပါ၊ သစ်နွယ်ပန်းတွေ သစ်ရွက်တွေပါ အောက်ကခံ၊ ရောင်စုံစက္ကူ ဖြတ်ညှပ် ကပ် ပန်းခွေဖြစ်အောင် ၀ိုင်းလုပ်လိုက်တော့ မကြာပါ၊ သင့်တော်တဲ့ပန်းခွေတော့ ဖြစ်သွားတယ်။ ရွာမှာ ဟိုတပ် ဒီတပ် ရဲဘော်တွေ ဆုံမိကြလို့ စကားပြောကြ နှုတ်ဆက်ကြနဲ့ ပွဲတပွဲလိုဖြစ်နေတယ်။ တပ်မဟာမှူး နိုင်ငံရေးမှူး တွေလည်းတွေ့ကြရတယ်၊ တပ်တွေစုံ အဆင်သင့်ဖြစ်တဲ့အခါ အခမ်းအနား စတင်ပါတယ်၊ အခမ်းအနားက တပ်မဟာတခုလုံး တနှစ်အတွင်းကျဆုံးသွားတဲ့ ရဲဘော်တွေကို ပန်းခွေချ အလေးပြုတဲ့အခမ်းအနားဖြစ်တယ်။ ရွာအနီး သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ကုန်းမြင့်လေးတခုပေါ်မှာ ယာယီအာဇာနည်ကုန်းပုံစံလေး ဖန်တီးထားပြီး တပ်ရင်းတပ်ဖွဲ့တိုင်းရဲ့ ပန်းခွေများ စနစ်တကျ စီချထားတယ်။ တပ်မဟာမှူးက အဖွင့်မိန့်ခွန်းပြောတယ်။ နောက် တပ်မဟာ ဒုနိုင်ငံရေးမှူးက တပ်မဟာတခုလုံး တနှစ်အတွင်း ရန်သူနဲ့တိုက်ပွဲဆင်ရင်း ကျဆုံးသွားတဲ့ ရဲဘော် တွေရဲ့ အမည်စာရင်းဖတ်ပြတယ်၊ ၀၊ ကချင်၊ တရုတ်ရဲဘော်များနဲ့ ဗန်းမော်ကလာတဲ့ ကျောင်းသားရဲဘော် နှစ်ယောက်အပါအ၀င် ကျဆုံးသူရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း ဖတ်ပြတယ်။ ကျဆုံးရဲဘော်ရဲ့ လုပ်ဟန်ကောင်း တချို့နဲ့ အတုယူလေ့လာသင့်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို အလေးထားချီးကျူးပြောဆိုတယ်။ အဲဒီနှစ်က တပ် မဟာတခုလုံး တနှစ်အတွင်းကျဆုံးသွားသူ ၂၀ ကျော်လောက်ရှိတယ်။ အာဇာနည်စာရင်းဖတ်ပြစဉ် မိုးဖွဲလေး တွေကျလာလို့ ထီးမိုးကာ ပြီးဆုံးသည်အထိ ဖတ်ပြတယ်။ နောက် အခမ်းအနားမှူးက… ဥက္ကဋ္ဌသခင်သန်းထွန်း၊ ဥက္ကဋ္ဌသခင်ဇင်၊ အတွင်းရေးမှူးသခင်ချစ်တို့နှင့်တကွ ဗမာပြည်တပြည်လုံးမှ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အတွင်း ကျဆုံးသွားသူများအား…အလေးပြုရန် စစ်မိန့်ဆန်ဆန် သံပြတ်နဲ့ အမိန့်ပေးလိုက်တယ်။ ရဲဘော်တိုင်း ဦးညွတ်အလေးပြုပြီး နောက်ဆုံး၊ လူမျိုးစုံမို့ ဘာသာစုံနဲ့ အင်တာနေရှင်နယ်သီချင်း သီဆို အခမ်းအနားရုပ်သိမ်း လိုက်ပါတယ်။
တပ်နိဂုံးချုပ်နဲ့ တပ်တည်ဆောက်ရေးလှုပ်ရှားမှုက မပြီးသေးဘူး၊ တပ်ကေဒါတွေအပေါ် တပ်သားထုက ထင်မြင် ချက်၊ ဝေဖန်ချက်ပေးရေးဆိုတဲ့လှုပ်ရှားမှု ကျန်သေးတယ်၊ ဒီလှုပ်ရှားမှုက တပ်မှူးတပ်သား မခွဲခြားဘဲ နိုင်ငံရေး ကို အလေးထားသောအားဖြင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်တွေမှာသာ လုပ်လေ့ရှိတဲ့ လုပ်ဟန်ဖြစ်ကြောင်း အလေးထားလှုံ့ဆော်တယ်။ လှုံ့ဆော်ပြီးတာနဲ့ တပ်ရင်း၊ တပ်ခွဲကေဒါတွေ မတက်ရဘူး၊ တပ်သားထုက ဝေဖန်ချက်၊ ထင်မြင်ချက် ပွင့်ပွင့်လင်းလင်း ပြောနိုင်ဆိုနိုင်အောင်ဖြစ်တယ်။ တပ်သားထုရဲ့ ဝေဖန်ရေးတွေ ထင်မြင်ချက်တွေကို အကျဉ်းချုပ်ပြီး တပ်သားကိုယ်စားလှယ်က စာနဲ့ရေးမှတ် တင်ပြရတယ်။ ဒီနောက် ရင်းကော်မတီက ထင်မြင်ချက် ဝေဖန်ချက်များနဲ့ ပတ်သက်ဖြေရှင်းတာ၊ ဝေဖန်ချက်များ ခံယူတာလုပ် ပြန်ရှင်းရတယ်။
တပ်မဟာတခုလုံး ယေဘုယျ နိဂုံးချုပ်နဲ့ တပ်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးချိန်လောက်မှာ အဲဒီအချိန်က ပါတီဗဟိုကော်မတီဝင် ရဲဘော်သန်းရွှေ (ဗိုလ်သန်းရွှေ) ရောက်လာပြီး တပ်မဟာ တပ်ရင်းကေဒါတွေနဲ့ အရင် တွေ့ အစည်းအဝေးလုပ်တယ်။ နောက် တပ်မဟာကေဒါတွေ တိုက်တွန်းချက်ဖြစ်ပုံရတယ်၊ ကျွန်တော်တို့ မြို့ပေါ်ကလာတဲ့ရဲဘော်တချို့ ဗိုလ်သန်းရွှေကခေါ်တွေ့တယ်၊ ဗန်းမော်ဘက်ကလာတဲ့ ရဲဘော်နှစ်ယောက် (ရဲဘော်ပန်းအောင်- ပြောက်ကျားလှုပ်ရှားရင်း ကျဆုံး၊ ရဲဘော်ဉာဏ်ထွန်း ရန်သူ့ထိုးစစ် အတွင်းကျဆုံး) တပ် ရောက်ပြီးသိပ်မကြာခင် လပိုင်းအတွင်း ရှေ့နောက်ကျဆုံးသွားခဲ့တာ သူတို့နဲ့အတူလာတဲ့ရဲဘော်တွေ တပ်ထဲ မှာလည်းရှိနေတော့ စိတ်ဓာတ်ရေးရာအားပေးတဲ့သဘော မေးမြန်းတဲ့သဘောပါလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘာသာစကားမတူ၊ လူမျိုးမတူ၊ ဓလေ့စရိုက်ကွဲပြားမှုတွေနဲ့ တပ်တွင်းနေကြရတာ အခက်မခဲရှိမရှိ ထင်မြင်ချက်ရှိက ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ကြောင်း ဗိုလ်သန်းရွှေကပြောတယ်။ တချို့ရဲဘော်တွေက ကေဒါ တချို့အပေါ်ထင်မြင်ချက် ပြောတာတွေ့ရတယ်။ နောက်ရက်တွေမှာ တပ်မဟာတခုလုံးစုပြီး ဗိုလ်သန်းရွှေ မိန့်ခွန်းပြောတယ်။ နမ်မလင်းတိုက်ပွဲနိဂုံးချုပ် အရေးပါတဲ့အချက်အချို့ သင်္ခန်းစာယူနိုင်ရန် ထုတ်နုတ်ရှင်းပြ တယ်၊ နောက် တပ်ရဲ့ရှေ့လုပ်ငန်း စစ်ရေးလှုပ်ရှားမှုစီမံကိန်းများ ဆွေးနွေး ညှိနှိုင်းချမှတ်တဲ့သဘော နားလည်ရ ပါတယ်။
လက်တွေ့တပ်တည်ဆောက်ရေး ဖြစ်စဉ်ကတော့ ဤမျှသာဖြစ်ကြောင်း အတွေ့အကြုံတချို့ တင်ပြခြင်းဖြစ်တယ်။
မောင်စိန်သော်
(၂၈-၃-၂၀၀၅)