သရဲရထား
လင်းသက်ငြိမ်
လင်းသက်ငြိမ်
(မိုးမခ) မတ် ၁၉၊၂၀၁၈
ဘီးလှိမ့်လှိမ့်ခြင်းပဲကိုယ်
ကြောက်စိတ်ဟာ မွှေးညင်းပေါက်တပေါက်ချ
ထိုးထွက်လို့ မျက်လုံးကို ဆွဲပိတ်တယ်
ကိုယ်ထဲ ခုတ်မောင်းနေတဲ့ရေတံခွန်
ကြားရတဲ့အသံတိုင်း ရှော့ခ်
မြင်ရတဲ့မြင်ကွင်း ရှော့ခ်
ခြောက်ခြားမှုကို အရသာခံဖို့
ရှာရှာကြံကြံအတွေး ရမှရတတ်ပလေတယ်
သွေးတွေဟာ တမင်ပန်းထုတ်ထားတာ
အူတွေဟာ တမင်ဆွဲထုတ်ထားတာ
နေရာတကျ နေရာချထားတဲ့ လူသေကောင်တွေကြားထဲ
အစီအစဉ်အရ လူတွေဖြတ်ကျော်သွားရတယ်
ထိုင်ခုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေ
သတ္တိတွေ ပြေပြေကျလေပဲ
ငယ်သံပါအောင်အော်ရဖို့ ရထားစီးခဲ့တာမဟုတ်ပေမယ့်
ငယ်သံပါအောင်အော်နေရတယ်
လွှစက်ကြီး တဝှီးဝှီး မြည်လို့
ဓားသွားတွေ နေရာအနှံ့က ပြုတ်ပြုတ်ကျလို့
အမှောင်ကို အသုံးချထားတဲ့ ကစားနည်း
အလင်းရောင်ကို လျှော့ချထားတဲ့ ကြိုတင်ကြံစည်မှု
ငါတို့အော်သံတွေကို ငါတို့ ပြန်လည်ရယ်သွမ်းသွေးဖို့ဆို
အပြင်ရောက်မှသာ ဖြစ်နိုင်ပါလိမ့်မယ် ။
လင်းသက်ငြိမ်