ထွန်းဝင်းငြိမ်း သမိုင်းနဲ့ အစဉ်အလာ မြန်မာပြည်တွင်း

ထွန်းဝင်းငြိမ်း – သခင်ဇင် (၁၉၁၂ – ၁၉၇၅) အပိုင်း (၃)


သခင်ဇင် (၁၉၁၂ – ၁၉၇၅)
အပိုင်း (၃) 

ထွန်းဝင်းငြိမ်း ပြုစုသည်
(မိုးမခ) မတ် ၁၅၊ ၂၀၁၈

လက်နက်ကိုင်တော်လှန်ရေးသို့

တိုင်းပြည်လွတ်လပ်ရေးရတဲ့အခါ ဖဆပလထဲက ဆိုရှယ်လစ်တွေရဲ့အကောက်ကြံမှုကြောင့်
၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ရပါတယ်။

သခင်ဇင်လည်း ဗကပဗဟိုခေါင်း ဆောင်တွေနဲ့အတူ ပဲခူးရိုးမကိုတောခိုခဲ့ပါတယ်။

အဲဒီလိုတောခိုပြီး ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလဗဟိုကော်မတီအစည်းအဝေးမှာပေါ်လစ်ဗြူရို အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သခင်ဇင်ဟာ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ ရဲဘော်လှသောင်း၊ သခင်သန်းမြိုင်တို့နဲ့အတူ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

သခင်ဇင်တောခိုသွားချိန်မှာ ဇနီးဖြစ်သူဒေါ်ကြည်ကြည်ဟာ ကိုယ်လေးလက်ဝန်ရှိနေတာကြောင့် ရန်ကုန် မြို့၊ စမ်းချောင်း၊ ရှင်စောပုလမ်းမှာ နေရစ်ခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်၊ မေလ ၁ဝ ရက် မှာ ဒပ်ဖရင်(Dufferin)လို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကုသိုလ်ဖြစ်အခန်းမှာ သားကြီး ကိုဝ (ဦးကျော်ထူး)ကို မွေးဖွားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် သားဦး ၁၁ လအရွယ်မှာ ဒေါ်ကြည်ကြည် ဟာ ခင်ပွန်းသည်သခင်ဇင်ရှိရာကို လိုက်သွားပါတော့တယ်။

အဲဒီအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမမှာ အခြေစိုက်လှုပ်ရှားနေတဲ့ကာလဖြစ်ပါ တယ်။ ဒေါ်ကြည်ကြည်က သခင်ဇင်ရှိနေတဲ့ ဒိုက်ဦးမြို့နယ် သုံးခွရွာမှာ သားကြီးကိုဝနဲ့အတူ သခင်ဇင့်အစ်မဖြစ်သူ ဒေါ်ပုအိမ်မှာနေကြရပါတယ်။
ဒိုက်ဦးမြို့နယ် သုံးခွရွာနားကဆင်ရွာမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အောက်ဗမာပြည်တိုင်းရုံး ဖွင့် ခဲ့ကြပုံနဲ့ အဲဒီကာလအတူနေထိုင်ကြရတဲ့သူတွေအကြောင်းကို ဒေါ်ခင်လက်ျာကဒေါ်ကြည်ကြည် ဆောင်းပါးမှာ အခုလိုရေးသားခဲ့ပါတယ်။

”သုံးခွရဲ့ ဟိုဘက်မှာရှိတဲ့ ဆင်ရွာမှာ အောက်ဗမာပြည် ပါတီအစည်းအဝေးလုပ်ကြပြီးနောက် ဆင်ရွာမှာ အောက်ဗမာပြည်တိုင်းရုံးလုပ်ဖို့ စီစဉ်ကြပြန်တယ်။

ပါတီအစည်းအဝေးဆိုတော့လည်း လူတော်တော်စုံပါတယ်။ သခင်ဇင်၊ သခင်ချစ်၊ ဆရာရာဂျန် (ဦးအောင်နိုင်)၊ ဦးဖြူဝင်း၊ ကိုတုတ်၊ ကိုသက် (ဝေါ)၊ ကိုကျော်သန်း(ရွှေကျင်)၊ ဗိုလ်ရဲမောင် (နောင်-လက်နက်ချ)၊ ကိုထိန်ဝင်း၊ မောင်ဖုန်း(သုံးခွ)နဲ့ကိုထွန်းရီတို့ ဖြစ်တယ်။ ပါတီရုံးမှာအမြဲ ရှိနေသူတွေထဲမှာတော့ သခင်ဇင်၊ သခင်ချစ်၊ ဦးသက်နဲ့ ဦးတင်မြ(အလံနီမှ သခင်တင်မြ)တို့
တွေဖြစ်ပါတယ်။ ခင်ပွန်းသည်များကိုအထောက်အကူပြုဖို့ သခင်ဇင်ရဲ့ဇနီး အန်တီကြည်ကြည်နဲ့ သခင်ချစ်ဇနီး ဒေါ်ချစ်မေတို့နှစ်ယောက်ကတော့ ရိက္ခာနဲ့ကျန်းမာရေးကို တာဝန်ယူခဲ့ကြတယ်။ ”

၁၉၅ဝ ခုနှစ်မှာ သခင်ဇင်ဟာ အောက်ဗမာပြည်ဌာနခွဲမှ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ဗကပဗဟို ဌာနချုပ်သို့ ပြောင်းရွှေ့တာဝန်ယူခဲ့ပါတယ်။ အဲဒီကာလအတွင်း တောတွင်းပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ဗဟိုစည်းရုံး ရေးကော်မတီဝင်ဖြစ်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ပျဉ်းမနားမြို့နယ်၊ ရမည်းသင်းခရိုင် အင်ကြင်းစခန်းမှာ သခင်ဇင်နဲ့ ဒေါ်ကြည်ကြည်တို့ရဲ့ဒုတိယသားဖြစ်တဲ့ ကိုရ(ဦးကျော်ထူး)ကို မွေးဖွားခဲ့ပါတယ်။ ၁၉၅၂ နှစ်ဦးပိုင်းမှာ သခင်ဇင်ဟာ ဗကပမြစ်ဝကျွန်းပေါ်တိုင်းကို စုံစမ်းရေးအဖွဲ့ခေါင်းဆောင် အဖြစ်သွားရောက်ခဲ့ရပါတယ်။ ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၁၅
ရက်နေ့အထိ ယောနယ်၊ ပုံတောင်ပုံညာဒေသမှာကျင်းပခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော် သုံးပါတီညီညွတ်ရေးကွန်ဖရင့်မှာ ဗကပကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ မတ်လမှာ သခင်ဇင်ဟာ တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ နိုင်ငံရေးမှူးကြီးအဖြစ် ယာယီတာဝန် ယူခဲ့ရပါတယ်။

၁၉၅၃ ခုနှစ်မှာတော့ တပ်ကုန်းအနောက်ဘက်က ပဲခူးရိုးမမှာရှိတဲ့ချောင်းခွဲ ပိန်းချောင်းကမ်းန ဘေးက သံပုရာရုံ၊ ကြို့ကြောင်းလေးစတဲ့ရွာတွေမှာ ပါတီတပ်နဲ့အတူ လှည့်လည်တာဝန် ယူခဲ့ ပါတယ်။
၁၉၅၄ ခုနှစ်မှာ ကြို့ကြောင်းလေးရွာကနေ ဒိုက်ဦးနားက သုံးခွရွာ၊ နောက်တော့ ဒုံဇရစ်ရွာတွေ မှာ ပါတီတပ်နဲ့အတူ အခြေချနေထိုင်ခဲ့ပါတယ်။ ဒုံဇရစ်မှာပါတီခရိုင်ရုံးစိုက်ထားပြီး ဆေးရုံလည်း ရှိပါတယ်။ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ သခင်ဇင်နဲ့ဒေါ်ကြည်ကြည်တို့ရဲ့တတိယ မြောက်ရင်သွေး မဒုံ(ဒေါ်ခင်ညိုလွင်)ကို မွေးဖွားခဲ့ပါတယ်။

မဒုံမွေးဖွားချိန်မှာ ဒေါ်ကြည်ကြည်ရဲ့မိခင်ဒေါ်လွင်ကွယ်လွန်သွားကြောင်း သခင်ဇင်သိခဲ့ပါတယ်။
သွေးနုသားနုနဲ့ဇနီးသည် စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် ဒေါ်ကြည်ကြည်ကိုပြောမပြခဲ့ပါဘူးလို့ ဒေါ်ခင်လက်ျာရေးတဲ့ ဒေါ်ကြည်ကြည်အကြောင်းမှာ တွေ့ရပါတယ်။

၁၉၅၅ ခုနှစ်မှာ သခင်ဇင်ဟာ ပါတီဗဟိုကော်မတီအစည်းအဝေးအပြီးမှာ ပဲခူးရိုးမပါတီဌာနချုပ် ကို တာဝန်တခုနဲ့သွားရောက်ခဲ့ရပါတယ်။ အဲဒီတာဝန်က ”ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်တွင်း ငြိမ်းချမ်းရေးလမ်းစဉ်” ကိုအောက်ခြေပါတီဝင်ထုကိုတင်ပြဖို့နဲ့ မဟာမိတ်ပါတီတွေကို ရှင်းလင်း တင်ပြဖို့ ဖြစ်ပါတယ်။

အဓိကကတော့ မွန်ပြည်သူ့တပ်ဦး(အဲဒီအချိန်က မွန်ပြည်သစ်ပါတီမဖြစ်သေး)၊ကေအဲန်ယူတပ် ဦးပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့ရဲ့နိုင်ငံရေးသဘောတူညီချက်တွေကိုတိုင်းပြည်သို့ တင်ပြ ရန်အတွက် ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်တွေအရ သခင်ဇင်ဟာမဟာမိတ်ပါတီတွေနဲ့ ပူးတွဲကြေညာချက်တရပ်ကို ၁၉၅၇ ခု၊ မေလ ၂၁ ရက်နေ့စွဲနဲ့ အောက်ပါအတိုင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

”—ပြည်တွင်းစစ်ရပ်စဲသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေးအားလုံးမှာ သာယာချောမွေ့ပြီး အခြားစစ် ဘေးစစ်ဒဏ်များမှ ကင်းလွတ်ပါလိမ့်မည်။ ထို့ကြောင့် ပြည်သူတရပ်လုံးသည် ပြည် တွင်းစစ်ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးရေးဖြစ်မြောက်ရေးအတွက် တခဲနက်အုံကြွ အရေးဆို ၍ ဆက်လက်တိုက်ပွဲဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
(ပုံ)နိုင်ရွှေကျင်၊ ဗဟိုကိုယ်စားလှယ်၊ (မွန်ပြည်သူ့ပါတီအဖွဲ့ခေါင်းဆောင်)၊ သခင်ဇင်၊ ဗဟို ကိုယ်စားလှယ်(ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့ခေါင်းဆောင် )၊ စောမျိုးသွေး၊ ဗဟိုကိုယ်စားလှယ်၊ (ကေအဲန်ယူပါတီအဖွဲ့ခေါင်းဆောင်)ဆိုပြီး လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သခင်ဇင်ဟာ ဖဆပလအစိုးရနဲ့စေ့စပ်ဖို့အတွက်လည်း မဟာမိတ်ပါတီတွေနဲ့မနား မနေ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်လောက်ကတည်းက ဇနီးသားသမီးများနဲ့အတူ ပဲခူးရိုးမ ပိန်းချောင်းဘေးက ဇဟားရွာမှာ မကြာမကြာ လာရောက်နေထိုင်ခဲ့ပါတယ်။ ဒေါ်ကြည်ကြည် စတုတ္ထကိုယ်ဝန်ဆောင်နေစဉ်မှာ တိုက်ဖွိုက်(အူယောင်ငန်းဖျား)ရောဂါဖြစ်ပြီး မကြာခဏအဖျားတက်နေတာကြောင့် ဆေးထိုး ထိုးပြီးနေရတဲ့အခြေအနေပါ။

အဲဒီအနေအထားမှာ သခင်ဇင်က ပျဉ်းမနားတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲသွားရမယ့် အချိန်နဲ့တိုက်နေပါတယ်။ သခင်ဇင်တာဝန်အရ စခန်းကထွက်သွားတာကို နောက်ကလိုက်ပြီး
ဇနီးဖြစ်သူရောဂါကြောင့် နေ့မစေ့၊ လမစေ့ဘဲ မွေးတော့မယ်ဆိုတာကိုအကြောင်းကြားကြပါ တယ်။

သခင်ဇင်ကပြန်လာခဲ့ရင်လည်း ကိုယ်တိုင်ဘာမှလုပ်ကိုင်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ်ရေး ကိုယ်တာထက် တာဝန်ကိုဦးစားပေးဆုံးဖြတ်ချက်ချခဲ့ပုံကို ဒေါ်ခင်လက်ျာရေးတဲ့ဒေါ်ကြည်ကြည် ဆောင်းပါးမှာ အခုလို တင်ပြထားပါတယ်။

”သခင်ဇင်နဲ့အတူပါသွားတဲ့ ဆေးမှူးဒေါ်တင့်(နိုင်ရွှေကျင်၊ မွန်ပြည်သူ့ပါတီခေါင်းဆောင်ရဲ့ဇနီး) ကိုပဲ မီးဖွားရာမှာ ကူညီမီးဖွားပေးဖို့ ပြန်လွှတ်ပေးတာက အကောင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်လိုက် တာဖြစ်တယ်။
မိမိရှေ့ကိုဆက်မသွားခဲ့ရင် တောင်သူလယ်သမားအစည်းအဝေးက ပျက်သွားလိမ့်မယ်။
ပျဉ်းမနားမှာစောင့်နေကြမယ့် တောင်သူလယ်သမားများထံသို့ အရောက်သွားတာက ပိုအကျိုး ရှိမယ်လို့စဉ်းစားပြီး သခင်ဇင်က ဆေးမှူးကို အန်တီဒေါ်ကြည်ကြည်ရှိတဲ့ရွာကို အချိန်မီပြန်ပို့ပေး လိုက်တယ်။”

သမီးအငယ်ဆုံး မဟား(ဒေါ်ခင်အေးလွင်)ကို နေ့မစေ့လမစေ့ဘဲ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နေ့ ဇဟားရွာမှာ မွေးဖွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ 

သခင်ဇင်ဟာ ၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နေ့စွဲနဲ့ ”ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းပွင့်စေသောဦးနု၏သုံးခွန်းသောစကားကို ခရီးကြိုဆိုပြုပါ၏” ခေါင်းစဉ်ဖြင့် ဝန်ကြီးချုပ်ဦးနု ထံသို့ ပူးတွဲပေးစာတစောင်ကို ပေးခဲ့ပါတယ်။ အဲဒီပေးစာကို သခင်ဇင်က ဗကပဗဟိုကော်မတီ ကိုယ်စား၊ မန်းရှန်ဖလေ့က ကေအဲန်ယူတပ်ဦးပါတီ ဗဟိုကော်မတီကိုယ်စား၊ နိုင်ရွှေကျင်က မွန် ပြည်သူ့တပ်ဦးပါတီ ဗဟိုကော်မတီကိုယ်စားအသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် နေ့စွဲနဲ့လည်း ကေအဲန်ယူတပ်ဦးပါတီနဲ့ပူးတွဲပြီး မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့ပါတယ်။

”မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အနေနှင့် ယနေ့ရင်ဆိုင်နေရသောအကြပ်အတည်းအမျိုးမျိုးနှင့် စိုးရိမ်စရာအခြေအနေကိုကျော်လွှားရန် ပြည်တွင်းငြိမ်းချမ်းရေးကို မရမနေအစွမ်းကုန်ကြိုးစားမည် သာဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရေးနှင့်ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့သို့ ကျွန်တော်တို့ နှစ်ပါတီ၏မေတ္တာရပ်ခံချက်ကိုသိရှိရန် ပေးပို့ပါသည်။ ငြိမ်းချမ်းရေးတိုက်ပွဲတွင် ပါဝင်ကူညီကြပါ ရန်လည်း လေးစားစွာဘိတ်ခေါ်ပါရစေ—။

ပြည်တွင်းငြိမ်းချမ်းရေးသို့—-။

သခင်ဇင်၊ ဗဟိုကော်မတီကိုယ်စား၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇံ၊ ဗဟိုကော်မတီကိုယ် စား၊ ကေအဲန်ယူတပ်ဦးပါတီ” ဆိုပြီး လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

သခင်ဇင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု တွေနဲ့ ပြည်သူလူထုအလွှာအသီးသီးပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေက ပြည်တွင်းငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ဖို့ အထူးဝါယမစိုက်ထုတ်ပြီး ဆောင်ရွက်နေချိန်မှာပဲ ၁၉၅၈ ခု
နှစ်၊ အောက်တိုဘာလ၂၉ ရက်နေ့မှာ ဖဆပလဝန်ကြီးချုပ် ဦးနုဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန် ကြီးချုပ်ရာထူး လွှဲပြောင်းပေးအပ်လိုက်ရပြီး အိမ်စောင့်အစိုးရပေါ်ထွက်လာပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရက ၁၉၅၉ ခု၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြည်သူ့လွှတ် တော်ကိုဖျက်သိမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပစ်ပယ်ကာ တော်လှန်ရေးအင်အားစုအား လုံးကို ထိုးစစ်ဆင်ပါတော့တယ်။

ကွဲကွာခဲ့ရတဲ့ မိသားစုဘဝ

၁၉၅၉ ခုနှစ်မှာ သခင်ဇင်နဲ့ ဗကပဗဟိုခွဲဟာ ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာ ဝါမီးရွာအနီးမှာ စခန်း ချထားပါတယ်။ သခင်ဇင်တို့တပ်က ရွာနဲ့ခပ်လှမ်းလှမ်းမှာနေပြီး မိသားစုတွေကို ဝါမီးရွာထဲမှာ နေစေပါတယ်။ ဖဆပလအစိုးရရဲ့စစ်ဆင်ရေးထိုးစစ်တွေကြောင့် ၁၉၅၉၊ မတ်လ တတိယပတ် လောက်မှာ သခင်ဇင့် ဇနီးဒေါ်ကြည်ကြည်ဟာ သားသမီးလေးယောက် ကိုဝ (၁၁ နှစ်)၊ ကိုရ (၈ နှစ်)၊ မဒုံ(၅ နှစ်)နဲ့ တစ်နှစ်ခွဲသာရှိသေးတဲ့ မဟားတို့ကိုခေါ်ပြီး ရွာသားတွေနဲ့အတူ တော ထဲကို ထွက်ပြေးပုန်းရှောင်ခဲ့ရပါတယ်။

ဒေါ်ကြည်ကြည်ဟာ ကလေး ၄ ယောက်နဲ့ တောထဲမှာ တစ်ပတ်တိတိပုန်းအောင်းနိုင်ခဲ့ပေမယ့် အစိုးရစစ်ဆင်ရေးတပ်တွေက မိသားစုငါးယောက်ကို ဖမ်းမိသွားပါတော့တယ်။ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပဲနွယ်ကုန်းသံလမ်းဘုန်းကြီးကျောင်း၊ အဲဒီကနေ ပဲနွယ်ကုန်းအချုပ်ကို ပို့လိုက် ကြပါတယ်။

ပဲနွယ်ကုန်းအချုပ်ကနေတောင်ငူအုတ်ကြွပ်တန်း အချုပ်ကို မိသားစုလိုက်ပို့ပြန်ပါတယ်။ တောင်ငူ အချုပ်ကထုတ်ပြီး ရထားနဲ့ညောင်လေးပင်ကို ပြောင်းပို့ ပြန်ပါတယ်။

ညောင်လေးပင်အချုပ်ကနေ ပဲခူးထောင်မှာခဏထားပြီး ရန်ကုန်ထောင်မှာ ထောင် ၂ နှစ် ချ တာခံခဲ့ရပါတယ်။ ကိုဝ၊ ကိုရ၊ မဒုံတို့ကို အဘိုးဖြစ်သူက ခေါ်သွားပေမယ့်ငယ်သေးတဲ့ မဟား ကတော့ မိခင်နဲ့အတူ ရန်ကုန်ထောင်ထဲမှာ ၁၉၆၁ ခုနှစ် ထောင်ကလွတ်သည်အထိ အတူနေခဲ့ ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ထွန်းဝင်းငြိမ်း
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts