ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● မငိုတတ် မပြုံးတတ်တော့တဲ့သီချင်း

ဆောင်းယွန်းလ ● မငိုတတ် မပြုံးတတ်တော့တဲ့သီချင်း
(မိုးမခ) မတ်လ ၆၊ ၂၀၁၈

လူ့ဖြစ်ခြင်းကို တီးခတ်ဖို့စာသားရှိမှ
ပျော်ရွှင်ခြင်းဟာ သီချင်းတစ်ပုဒ်ဖြစ်မှာ

နာရီတွေ
ဖောဖောသီသီမရှိဘူးလို့ ပြောပြောပြီး
နာရီတွေကိုပဲ
ပေါပေါလောလောရောင်းပစ်လိုက်ရတဲ့အခါ
ဇိမ်ခံကားကြီး
ဆယ်မိနစ်လောက်စီးရရုံနဲ့ ဇိမ်မကျဘူး
တိုက်ခံအိမ်ကြီးရဲ့ ကာလပေါက်ဈေးထဲ
နေ့ပြန်တိုးတွေနဲ့အိပ်နေရလို့ ဇိမ်မကျဘူး

စက်တွေက လူကိုမောင်းလိုက်
လူက စက်တွေကိုပြန်မောင်းလိုက်နဲ့ 
ငွေကြေးဟာ
မီးခိုးအူနေတဲ့ ခေါင်းတိုင်ထိပ်ဖျားမှာ ပွက်ပွက်ဆူလို့ 

တရိပ်ရိပ်မူးနေတဲ့ခေါင်းက ဓါတုဆေးဝါးကိုတောင်းတယ်
အစာအိမ်အဟောင်းကို ရယ်ဒီမိတ်ဒ်အသားတုနဲ့ပြုစုတယ်
နာရီသံပါတ်အသံက နေ့နဲ့ညကိုပြောင်းတယ်

ကိုယ့်အလုပ်ရှင်မျက်နှာဟာ
ကမ္ဘာ့သတင်းအစုံပါတဲ့ ဂျာနယ်တစောင်ပဲ
ဖောက်သယ်တွေရဲ့ဝယ်လိုအားကောင်းမကောင်းဟာ
နောက်ဆုံးရ ကမ္ဘာ့သတင်းလို အရေးကြီးတယ်

အရေးကြီးရင် သွေးနီးဖို့ 
ကျောချင်းကပ်စရာ ရင်ဘတ်မဲ့နေတဲ့ ကမ္ဘာထဲ
အရဲစွန့်ရင်း အိပ်မောကျနေတဲ့ သီချင်း။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts