မောင်မိုးသူ

မောင်မိုးသူ – ရေဒီယို နှင့် ဘကြီးမိုး

မောင်မိုးသူ – ရေဒီယို နှင့် ဘကြီးမိုး 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ မတ် ၆၊ ၂၀၁၈

၂၀ဝ၀ ပြည့်နှစ် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့်နောက် ဘကြီးမိုးရဲ့ လက်ကသုံးတောင်းဝှေးဖြစ်သော ပဉ္စဂံစာပေတိုက် မှ အောင်သူအား ရေဒီယိုတစ်လုံးဝယ်ပေးဖို့ ပူဆာပါတယ်။ အောင်သူက ဟာ ဒီခေတ် ရေဒီယိုဘယ်သူမှမသုံးတော့ဘူးလို့ ပြောရှာပါတယ်။ ဒါပေမဲ့ အထိန်းအသိမ်းမခံရခင် တစ်လျှောက်လုံး ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေသတင်းများကို ရေဒီယိုလေးနဲ့ နားထောင်ခဲ့တဲ့ ဘကြီးမိုးဟာရအောင် ရှာဖွေကွာလို့ တိုက်တွန်းတဲ့အတွက် အောင်သူက တိုင်ဆင် ရေဒီယိုတစ်လုံး ဘကြီးမိုးကိုဝယ်ပေးခဲ့ပါတယ်။

အောင်သူရဲ့ တိုင်ဆင်ရေဒီယိုလေးရပြီးသည့်နောက် ဘကြီးမိုးထံတွင် အဆင့်မြင့်သော ဆမ်ဆောင်းတက်ပလက်တစ်လုံးရရှိပြီးသည့်နောက် အင်တာနက်များ၊ ယူကျူ့များနဲ့ ဆက်သွယ်ဖမ်းယူနားထောင် နိုင်သည့်အတွက် ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ နိုင်ငံခြားသတင်းဌာနများအပြင် အလဲဗင်း၊ ဆဲဗင်းဒေး၊ MCN ၊ မဇ္ဈိမ၊ ကမာရွတ် အစရှိတဲ့ ပြည်တွင်းသတင်းများကို တက်ပလက်နဲ့နားထောင် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် တိုင်ဆင်ရေဒီယိုလေးကို သိပ်မသုံးဖြစ်သလို ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ အကျဉ်း ထောင်ထဲမှာဦးဝင်းတင်၊ မောင်ဝံသတို့နဲ့ အတူနေခဲ့ရစဉ်က မနက် ၅းဝ၀ နာရီထိုးတွင် ဘကြီးမိုးတို့အိပ်ရာထရပါတယ်။ အကြောင်းကတော့ ၅းဝ၀ နာရီမှာ ဘကြီးမိုးတို့တစ်တွေကို ဆန်ပြုတ်နဲ့ရေနွေးဝေငှပါတယ်။ ဘကြီးမိုး၊ ဦးဝင်းတင်နဲ့ မောင်ဝံသတို့ဟာ ဝေငှတဲ့ဆန်ပြုတ်ကိုယူ၊ ရရှိတဲ့ ရေနွေးနဲ့ ကော်ဖီတစ်ခွက်ဖျော်၊ ကျန်ရေနွေးများကို ရေသန့်ပုလင်းထဲမှာ လက်ဖက်ခြောက်ခတ် ရေနွေးကြမ်းလုပ်ပြီး စောင်နဲ့ပတ်ထားကာ တစ်ချိန်လုံးရေနွေးကြမ်းသောက်ရပါတယ်။

၂၀ဝ၀ ပြည့်နှစ်ထောင်မှ လွတ်လာချိန်တွင်လည်း မနက် ၅းဝ၀ နာရီထိုးလျှင် အိပ်ရာမှ နိုးနေပြီဖြစ်တယ်။ တစ်ခုခုစားသောက်ရန် အမြဲကြိုးစားတတ်ပြီး မနက်စောစောလက်ဖက်ရည်ဆိုင်ထွက်၊လမ်းလျှောက် ထွက်သည့်အကျင့်များရရှိလာခဲ့ပါတယ်။ မနက်စောစောထပြီး မောနင်းစတား လက်ဖက်ရည်ဆိုင်ကိုသွား၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်၊ ဆိုင်ရှင် မောင်စိုးဝယ်ယူထားတဲ့ သတင်းစာ၊ စာစောင်များဖတ်၊ အတူလာရောက်ကြသော မိတ်ဆွေများနဲ့ နိုင်ငံရေး၊ လူမှုရေးသတင်းများ ပြောဆိုဖလှယ်သည့်အကျင့်ကို ဆက်လက်လုပ်ဆောင်နေဖြစ်ခဲ့ပါတယ်။

လမ်းစလျှောက်ကတည်းက စပို့ရှပ် အင်္ကျီ၊ စမတ်ပင်နဲ့ ညှပ်ဖိနပ်စီးကာ ၃၁ လမ်းအိမ်မှ တိရစ္ဆာန်ရုံမှာရှိသော မောနင်းစတားလက်ဖက်ရည်ဆိုင်သို့ နေ့စဉ် လမ်းလျှောက်သွားလေ့ရှိပါတယ်။ တဖြည်း ဖြည်း အသက်အရွယ်ရရလာလေတော့ လမ်းလျှောက်နိုင်ခြင်း မလုပ်နိုင်တော့ သည့်တိုင် မနက် ၇းဝ၀ နာရီမှာ မိုးကုတ်   အသင်းအတွင်းရေးမှူး ဦးသန်းဝင်း (ဦးသန်းဝင်း သည် ဗိုလ်ချုပ်ဈေးအရှေ့ဘက်ခြမ်းမှာ နေထိုင်သူဖြစ်ပြီး ဘကြီးမိုးက ဗိုလ်ချုပ်ဈေး အနောက်ဘက်ခြမ်းမှာ နေထိုင်သူဖြစ်ရာ)က မနက် ၇းဝ၀ နာရီတွင် မော်တော်ကားနဲ့ လာရောက်ခေါ်ဆောင်ရာလမ်းအများကြီး မလျှောက်နိုင် တော့တဲ့ ဘကြီးမိုးလည်း စပို့ရှပ်နဲ့ဘောင်းဘီဝတ်ပြီး လှေကားထိပ်မှာ ခွေးတစ်ကောင်နဲ့ စောင့်နေရပြီး ဦးသန်းဝင်း ကားလာသောအခါ ခွေးနဲ့ မဝေကိုထားခဲ့ပြီး ဦးသန်းဝင်းကားပေါ်ကိုတက်ပြီး မောနင်း စတားလက် ဖက်ရည်ဆိုင်သို့ သွားသည့်အလေ့အထ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

တိရစ္ဆာန်ရုံနားက မောနင်းစတား လက်ဖက်ရည်ဆိုင်ပိတ်လိုက်ရပြီးသည့် နောက်ရုပ်ရှင်အစည်းအရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ရာ ဘကြီးမိုးတို့ စကားဝိုင်းမှာ ရုပ်ရှင်အစည်းအရုံးရှိ မောနင်းစတားဝိုင်းသို့ မပျက်မကွက်သွားရောက်ခဲ့ရာမှ ယခု ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် မောနင်းစတားလက်ဖက်ရည်ဆိုင်သည် ပြည်သူ့ရင်ပြင်တွင် ရွှေ့ပြောင်းဖွင့်လှစ်ပြန်ရာ ဘကြီးမိုးတို့အဖွဲ့လည်း ပြည်သူ့ရင်ပြင်ရှိ မောနင်းစတားလက်ဖက်ရည်ဆိုင်သို့ ပြောင်းရွှေ့ထိုင်ကြရပါတယ်။

သည်နေရာတွင် ဘကြီးမိုး၏ အချစ်တော် ရေဒီယိုလေးအကြောင်းကိုပြန်ပြောပါရစေ။ ဘကြီးမိုးဟာ ခေတ်မီသော မြေးမလေး နိုင်ငံခြားမှပို့လိုက်သော ဆမ်ဆောင်းတက်ပလက်နဲ့ နိုင်ငံခြားသတင်း များ နားထောင်ခြင်း၊ အင်တာနက်များကြည့်ခြင်း၊ မာမာအေး၊ သဲနုဝါတို့၏ မြန်မာရှေးဟောင်းသီချင်းများကို နားထောင်ခြင်း၊ စိန်ဒူးဝါးဆိုင်းအဖွဲ့မှ စိန်ဒူဝါးနဲ့ ဆိုင်းနောက်ထ လှဟန်တို့ကို စွဲလမ်းနားထောင် တတ်သည့်တိုင် မနက် ၅းဝ၀ နာရီထိုးတွင် အိပ်ရာကနိုးနေပြီဖြစ်သော ဘကြီးမိုးအတွက် မန္တလေးအက်ဖ်အမ်၊ ပတ္တမြားအက်ဖ်အမ်တို့မှ ၅းဝ၀ နာရီထုတ်လွှင့်သော တရားများနာခြင်းများ ပြုလုပ်ပြီးသည့်နောက် ၆းဝ၀ နာရီတွင် စတင်ထုတ်လွှင့်သည့် မြန်မာ့အသံကိုလည်း မပျက်မကွက်နားထောင်ဖြစ်ရာမှ ရေဒီယိုနဲ့ မြန်မာ့အသံကိုစွဲလမ်းနေခဲ့ရသူတစ်ယောက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

မြန်မာ့အသံမှာ ၆းဝ၀ နာရီ သီချင်းတစ် ပုဒ်လာပြီးသည့်နောက် ပြည်တွင်းသတင်းများ ကြေညာခြင်းရှိသည့်နည်းတူ လွှတ်တော်နေ့ရက်များတွင် လွှတ်တော်ပရိုဂရမ်များကို ၇းဝ၀ နာရီတွင်ကြေညာလေ့ရှိပြီး ည ၇းဝ၀ နာရီတွင် ၄င်းလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အမေးများကိုတာဝန်ရှိဝန်ကြီးအဖွဲ့များက ပြန်လည်ဖြေကြားသည့် သတင်းများထုတ်လွှင့်သည့်အတွက် ယခုထက်တိုင်မော်ဒန်၊ ကုမုဒြာနဲ့ သံတော်ဆင့်တို့တွင် ပင်တိုင်ဆောင်းပါးများရေးသားနေသည့် ဘကြီးမိုးအတွက် အလွန်အသုံးကျအသုံးဝင်နေခဲ့ပါတယ် မြန်မာ့အသံမှ ထုတ်လွှင့်ကြသော ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့်စသည့် သတင်းများကို နားထောင်ခြင်း၊ ၄င်းမြန်မာ့အသံသည် ကျေးလက်ပြည်သူများအတွက်အတော် အသုံးဝင်၊ အသုံးတည့်ကြောင်းကိုလည်း သတိထားမိပါတယ်။

တစ်ချိန်တည်းတွင် မြန်မာ့အသံသီချင်းတောင်းသူများနဲ့ သီချင်းထုတ်လွှင့်သူများ၏ အပြန်အလှန်ပြောဆိုမှုများ၊ ချစ်စရာကောင်းသော စရိုက်များကိုလည်း နားထောင်ရင်းသဘောကျကျေနပ်ရပါတယ်။ သီချင်းတောင်းဆိုသူ တော်တော်များများဟာလည်း တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခု၊ ၄၀ ကျော်အချစ်၊ ပန်းနွယ်ကစိမ်း စသည် စသည်အားဖြင့် ဟိုးတောနေ ကျေးလက် ရေဒီယိုသာ ဆက်သွယ်ရေးပစ္စည်းအဖြစ် အသုံးပြုနေကြရသော တကယ့်ကျေးလက် တောင်သူမိသားစုများက သူတို့နှစ်ခြိုက်စွဲလမ်းကြသည့် သီချင်းများကိုတောင်းဆိုကြသည့်အတွက် ရေဒီယိုဆိုသည့်ဆက်သွယ်ရေး ကိရိယာသည် ဘကြီးမိုးတို့ မြို့နေလူတန်းစားများ အသုံးပြုကြသည့် အင်တာနက်များ၊ ဖေ့စ်ဘုတ်ခ်များကဲ့သို့ ရှုပ်ထွေးဆန်းပြားခြင်းများမရှိဘဲ ပကတိရိုးသားဖြူစင် သန့်ရှင်းကြသည့် ကျေးလက် ပြည်သူများဘဝကို ထင်ဟပ်ပေါ်လွင်စေသည့်အတွက် ခေတ်ပေါ်ဆက်သွယ်ရေးပစ္စည်းများကို ရှိလည်းရှိ သုံးစွဲနေရသည့်တိုင် ကျေးလက်ပြည်သူများ၏ တစ်ခုတည်းသော ဖြူစင်သန့်ရှင်းစွာသုံးစွဲနေ သည့် ရေဒီယိုလေးကိုလည်း ယနေ့တိုင်ဆက်လက်သုံးစွဲ နားဆင်သဘောကျနှစ်ခြိုက်စွဲလမ်းနေကြောင်းပါ ခင်ဗျာ။

မြို့ကြီးပြကြီးတွေမှာ ရေဒီယိုမသုံးကြလေ့ပေမဲ့ မော်တော်ကားတွေမှာတော့ အက်ဖ်အမ်လိုင်းတွေဖွင့်ထားကြတာကို သတိထားမိပါရဲ့။ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ရှေးဟောင်း လူသားဖြစ်တဲ့ ဘကြီးမိုးဟာ အောင်သူဝယ်ပေးတဲ့ ရေဒီယိုလေးကို တရှိုက်မက်မက် နားထောင်ဖြစ်နေရဆဲပါ။ ရေဒီယိုနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts