ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● အမျိုးသားညီညွတ်ရေးရှိမှသာ ကြီးမားသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်

ဇင်လင်း ● အမျိုးသားညီညွတ်ရေးရှိမှသာ ကြီးမားသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်
 (မိုးမခ) မတ်လ ၄၊ ၂၀၁၈

မြန်မာနိုင်ငံ မျက်မှောက်သမိုင်း၌ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့သည် သမိုင်းတဆစ် အချိုးအကွေ့ဟု ဆိုသော် ရနိုင်ကောင်းပေသည်။ နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC 2) ခန်းမ၌ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ပြုလုပ်သည့် အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူ ဒီမိုကရက်တအစည်းအရုံးတို့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက် ခိုက်မှုရပ် စဲရေးစာချုပ် (NCA) လက်မှတ်ထိုးပွဲအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က – “NCA ဟာ ကျွန်မတို့ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့လမ်းဆုံးမဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အစ၊ လက်နက်ကိုင် ပဋိပက္ခလျှော့ချခြင်းတွေရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုတွေက တဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်း တိုင်ပင်အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့ အစဖြစ်ပါတယ်”  ဟု မိန့်ခွန်းနိဒါန်းပျိုးခဲ့သည်။

နှစ်ပေါင်း ၇၀ မျှော်လင့်ချက်ကင်းမဲ့ နေခဲ့ရသော မြန်မာပြည်သူလူထုအတွက် NCA သဘောတူစာချုပ်သည် အမျိုးသား ညီညွတ်ရေး၏ နိဒန်းအစဖြစ်သည်ဟု ဖွင့်ဆိုလိုက်ပြီး၊ NCA တွင် ပါဝင်လက်မှတ်ထိုးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs အား တိုက်တွန်းလိုက်သည်ကို ကြားသိရ သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း NCA သည် နှစ်ပေါင်း ၇၀ ကြာ လက်နက်ကိုင်လမ်းစဉ် အစွဲအလန်းကို ဖြတ်တောက်နိုင်ရန် တခုတည်းသော အာမခံချက်ပေးနိုင်သော အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC 2) ခန်းမ၌ ဖေဖေါ်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သည့် အစိုးရ နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တအစည်းအရုံး (LDU) တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်  (NCA) လက်မှတ်ထိုးပွဲအခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့ကိုယ်စား မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မိန့်ခွန်းပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်ထောင်စု အကျိုးပွားဟာ ခွဲခြားမရအောင် ဆက်စပ်နေပါတယ်။ ပြည် ထောင်စုဝင်အားလုံး လူမျိုး၊ ဘာသာမရွေး ဆူးကြုံနိမ့်မြင့် မခွဲခြားဘဲ ပဋိပက္ခချုပ်ငြိမ်းခြင်းရဲ့ အကျိုး၊ တရားဥပဒေ စိုးမိုးမှုရဲ့ အကျိုး၊ စစ်မှန်သည့် ဒီမိုကရေစီအကျိုး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ မျှဝေကျင့်သုံးတဲ့ အချုပ်အခြာ၊ အာဏာ ပိုင်စိုးခြင်း ရဲ့ အကျိုး၊ လူမှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ တိုင်းရင်းသားများ စာပေယဉ်ကျေးမှုပေါင်းစုံ ရှင်သန်မှုအထွေထွေကို ခံစားနိုင်ဖို့ မျှော်မှန်းချက်နဲ့ ဒီလမ်းကိုလျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် တိုင်းရင်းသားများအနေဖြင့် သမိုင်းကြောင်းအရ စိုးရိမ်စိတ်များရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်း ပါ ဝင်လိုစိတ်ရှိကြပြီး မည်သူမျှ နောက်ချန်မနေလိုဘဲ ဖျက်မြင်းလည်း မဖြစ်စေလိုကြောင်း၊ အစိုးရနှင့် တပ်မတော်အနေဖြင့် စိတ်ရှည်သဘောထားကြီးကြီးထားကာ အားလုံးပါဝင်နိုင်ရေးအတွက် ယခုထက်ပို အားထုတ်လုပ်ဆောင်ရန် နိုင်ထောမွန် က သူ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တအစည်းအရုံးတို့ NCA ကို လက်မှတ်ထိုးခြင်းသည် NLD အစိုးရလက်ထက် ၂ နှစ်ကျော်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပထမဆုံးရလဒ် ထွက်ပေါ်လာမှုဖြစ်သည်။ ကျန်ရှိ နေသည့် UNFC အဖွဲ့ဝင် ၃ ဖွဲ့အနေဖြင့် လက်မှတ်ထိုးရန် ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း UNFC အဖွဲ့ဝင်များက ကြေညာ ချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လက်မှတ်ထိုးတဲ့ အဖွဲ့အရေအတွက်မများလှဘူးဆိုပေမဲ့ ဒီကနေ့ အခမ်းအနားထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာတဲ့ ခရီးကတော့ မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အနာဂတ်မှာပေါ်ထွန်းလာမဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုရဲ့ အုတ်မြစ်ကို အတူတကွလက်တွဲပြီး စိုက်ထူဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတလှမ်းဘဲဖြစ်ပါတယ်။ ရဲရဲကြီးတက်လှမ်း လိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တ အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို ဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောကြားလိုပါတယ်” ဟု အခမ်းအနားအဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်သည် လက်နက်ချခိုင်းခြင်းဟု မှားယွင်းစွာယူဆမှု၊ သံသယစိတ်၊ မယုံကြည်စိတ်များရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးနှင့် အဖွဲ့ဝင်များအနေဖြင့် အဆိုပါ မယုံကြည်စိတ်များ မထားကြရန် ပြောလိုသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းတွင်ထည့် သွင်းပြောကြားသွားသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်တွင် နေ့ပြုလုပ်သည့် NCA လက်မှတ်ထိုးပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာသံရုံး တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အသီးသီးတို့တက်ရောက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

NMSP နှင့် LDU တို့ NCA လက်မှတ်ထိုးပွဲ အခမ်းအနား မတိုင်မီ ဖေဖော်ဝါရီ ၁၂ ရက်က NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်အဖွဲ့  (PPWT)နှင့် မစ္စတာ ဆွန်ကော်ရှန်းသည် ရန်ကုန်မြို့ရှိ တရုတ် သံရုံး၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း 7Day Daily သတင်းအရသိရသည်။ မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ကို တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်  (NCA) အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေး အကူ အညီပေးရန် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း NCA လက်မှတ်ထိုး ၈ ဖွဲ့မှ ဒေါ်စောမြ ရာဇာလင်းက ပြောသည်။ NCA စာချုပ်ရရှိရေး အစိုးရ နှင့် ညှိနှိုင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး NCAတွင် ပါဝင်လာရေး တရုတ်အစိုးရ ကအားပေးရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

တရုတ်ကိုယ်စားလှယ်ဘက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြပြီး အမြဲတမ်းအားပေးကူညီမည် ဟု တုံ့ပြန်ကြောင်း ၎င်းက ရှင်းပြသည်။ တွေ့ဆုံပွဲတွင် စစ်ပွဲများရပ်စဲရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေး ကိစ္စ၊ NCA သဘောတူ စာချုပ်အရ ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရှမ်း နှင့် ရခိုင်ပြည် နယ်တို့၌ မကျင်းပနိုင်သေး ခြင်း ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ၎င်းတွေ့ဆုံပွဲတွင် အပစ်ရပ် ၈ ဖွဲ့မှ ပဒို စောတာဒိုမူ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒေါ်စောမြရာဇာလင်း၊ ဆလိုင်းထလာဟေး စသည့် PPWT ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တအစည်းအရုံး  (LDU) တို့ NCA သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲတွင် လက်မှတ်မထိုးသေးဘဲ ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လည်း NCA တွင် ပါဝင်လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည်က  တိုက်တွန်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြိုကြားကြိုကြား ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံ အောက် ပိုင်းမှာ ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပ နေပေမယ့်လည်း တနိုင်ငံလုံး ခြုံလွှမ်းနိုင်အောင် မပေးနိုင် သေးပါဘူး။ နိုင်ငံတကာအလယ်မှာ ကျွန်မတို့နိုင်ငံဟာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး ရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်း နှိုးဆော်ခဲ့သည်ကို တွေ့ရသည်။

“နိဂုံးချုပ်အနေနဲ့ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမျိုးသားညီညွတ်ရေးကို ဆောင်ကြဉ်းနိုင်ဖို့ အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ကျွန်မတို့အားလုံး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင်၊ ကျွန်မတို့အားလုံးအတူ လက်တွဲပြီး ဘာမဆိုအောင်မြင်အောင် ကြိုးပမ်းနိုင်မှာပါ။ အလားတူပါပဲ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်စွမ်းမရှိဘူးဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အခက်အခဲတွေ ကြုံတွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ပျော့ပျောင်းခြင်းဟာ ပျော့ညံ့ခြင်းမဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရတာကို စိုးရွံ့မနေကြဖို့ အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည် လျှောက်လှမ်းကြရာမှာ ကျွန်မတို့အချင်းချင်းအကြား သွေးကွဲ သဘောထားကွဲလွဲစေမယ့် ကိစ္စရပ်တွေကို လျော့ကျသွားစေဖို့ ကျွန်မတို့အားလုံး ကို ပိုမိုစုစည်း ပိုမိုညီညွတ်စေမယ့် ဘုံသဘောတူညီချက်တွေကို ဖေါ်ထုတ်ကြရမှာ ဖြစ်ပါတယ်။”

“ဒီကနေ့ကျွန်မတို့ပြည်သူတွေအတွက် ကျွန်မတို့နိုင်ငံအတွက် လုပ်ရမယ့် ကိစ္စရပ်တွေ ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းစဉ် တွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကို ပြေလည်စေဖို့ မငြိမ်းချမ်းမှုကနေ ဖြစ်ပေါ် လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေကို ဖယ်ရှားပေးနိုင်ဖို့သူတို့အတွက် သေချာရေရာတဲ့ အနာဂတ်တွေ ကို ဆောင်ကြဉ်းပေးဖို့ ကျွန်မတို့ ညီညွတ်ကြဖို့အချိန်တန်နေပါပြီ။ ကျွန်မတို့အချင်းချင်း လက်တွဲလုပ်ကိုင်ခြင်းကပဲ အတိတ်က စခဲ့တဲ့ သံသယနဲ့ မုန်းတီးမှုတွေကို ပြေပျောက်စေနိုင်ပါလိမ့်မယ်။”

“ကမ္ဘာ့အလယ် တင့်တယ်အားကောင်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်၊ နောင်လာမယ့် မျိုးဆက်တွေ တောက်ပရေးအတွက်၊ ကျွန်မတို့ပြည်သူတွေနဲ့အတူ ကြိုးပမ်းတဲ့နေရာမှာ စေတနာ၊ ပညာ၊ သတ္တိလိုအပ်ပါ တယ်။ နိုင်ငံ့အပေါ်ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့အသီးအပွင့်တွေ ဝေဆာစေနိုင်မယ့် ပညာ၊  ပညာရဲ့လမ်းညွှန်မှုအရ လုပ်ရဲတဲ့သတ္တိတွေနဲ့ ရှေ့ငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြ ပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း နှိုးဆော်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲစည်းထားသော ပြည်ထောင်စုဖြစ်သော်လည်း ပြည်ထောင်စု၏ အနှစ်သာရ လက္ခဏာဖြစ်သည့် ဖက်ဒရယ်စနစ်ကို ယခုတိုင် မကျင့်သုံးနိုင်သေးပေ။ ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးသည့်အပြင်၊ သံသယစိတ်များလွှမ်းမိုးနေမှုကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်လည်း အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လိုအပ်သည့် အဆင့်တခု အဖြစ် EAOs အဖွဲ့တို့ သဘောထားသင့်သည်။ အဖွဲ့အစည်းအသီးသီး၏ လိုအင်ဆန္ဒများကို ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် လက်ရှိဖွင့်ပေးထားသည့် NCA လမ်းကြောင်းကို အသုံးပြု သင့်သည်ဟု သုံးသပ်မှုများရှိနေသည်။ ဤ အဆင့်ကို လက်ခံ လျှောက်လှမ်းခြင်းအားဖြင့် စစ်ဒဏ်သင့်နေရသည့် တိုင်းသူ ပြည်သားများ ဆင်းရဲဒုက္ခသက်သာရာရစေမည်မှာ လက်ငင်းအကျိုးဖြစ်နိုင်သည်။ ရေရှည်တွင် NCA လမ်းကြောင်းကို အသုံးပြု၍ အမျိုးသားညီညွတ်ရေးတည်ဆောက်နိုင်မည်ဖြစ်ပြီး၊ တိုင်းရင်းအားလုံးမျှော်မှန်းထားသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်ကြိုးပမ်းနိုင်ပေသည်။

ဒေါ်အောင်ဆန်းစုကြည် က – “ကျွန်မတို့နောက်မှာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ လိုလားတောင့်တနေတဲ့ ပြည်သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်၊ သူတို့ဆန္ဒ သူတို့မျှော်လင့်ချက်တွေ ကတော့ အရောင်တလက်လက်တောက်ပနေကြတုံးပါပဲ။ သူတို့နဲ့အတူ ကျွန်မတို့ပြည်သူတွေ နဲ့အတူ ကျွန်မတို့အားလုံး ရဲရဲတင်းတင်းနဲ့ ရှေ့ကို တက်လှမ်းလိုက်ကြတာပေါ့။ ဖြစ်လာသမျှ ရင်ဆိုင်ကြမယ်။ ကြုံလာသမျှ ဖြေရှင်းကြမယ်။” ဟု ပြောဆိုထားသည့် အချက်မှာ မှတ်သားသင့်သည်။

လက်ရှိ NCA သည် လမ်းဆုံးမဟုတ်ဘဲ၊ ရည်ရွယ်ရာပန်းတိုင်၏ လမ်းအစဟုလည်း ဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် ဤအဆင့် ဤလမ်းကြောင်းကို တွေဝေမနေဘဲ ကြိုးစားဖြတ်သန်းကြရန် လိုသည်။ အဆိုးတွေ့လျှင် အမျိုးသားညီညွတ်ရေး အမြင်ဖြင့် ရင်ဆိုင်ကြရမည်။ ဖြေရှင်းကြရမည်။ အကောင်းတွေ့လျှင်လည်း အမျိုးသားညီညွတ်ရေးအမြင်ဖြင့်ပင် အောင်မြင်မှုပန်းတိုင်ဆီ ဆက်လက် လျှောက်လှမ်းကြရမည် ဖြစ်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts