ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● တချို့အကြောင်းတွေ

ဆောင်းယွန်းလ ● တချို့အကြောင်းတွေ
(မိုးမခ) မတ် ၁၊ ၂၀၁၈

တချို့က
သူတို့ရဲ့ မြင့်မြတ်ခမ်းနားမှုအကြောင်းကို
ကမ္ဘာသိအောင် လိမ်ညာဖို့အတွက်
အသံလွှင့်ရုံကြီးတွေကို အပိုင်စီးထားကြပြီး
တချို့က သူတို့ဖိနှိပ်ခံနေရတဲ့အကြောင်းကို
သားစဉ်မြေးဆက်သိအောင်ပြောနိုင်ဖို့
သူတို့ဘဝတွေကို
အကျဉ်းထောင်တွေထဲမှာ ပေးဆပ်နေကြရတယ်

တချို့က
စံအိမ်ကို စိန်နဲ့ မွှန်းလို့
ကတ္တီပါဖိနပ်စီးပြီး ရွှေထီးဆောင်းနိုင်ကြတယ်

တချို့က တချို့နဲ့ မတူခဲ့ကြလို့
ခြေသလုံးထဲမှာ ရွက်ဖျင်တဲထိုးပြီး
တစ်ဘဝလုံးစာ ချို့ချို့တဲ့တဲ့နေခဲ့ရသလို
ဘနဲ့ ဝလုံးကို ဝိုင်းအောင်မရေးနိုင်ကြဘူး

တချို့က
ဘဝအဆက်ဆက်စာအတွက်
သေနတ်ပြောင်းထဲမှာ ဘဏ်တိုက်ဖွင့်ထားကြရင်း
ကျောက်စိမ်းတွင်းကို ဖင်ခုထိုင်နိုင်ကြတယ်

တချို့က တချို့နဲ့မတူခဲ့ကြလို့
လက်ဖျံနဲ့လက်မောင်းထဲ ပျံကျအလုပ်ပေါင်းစုံထည့်ပြီး
တစ်ဘဝလုံးစာကို ကျွဲလို နွားလို ရုန်းကြရရှာတယ်

တချို့က
မနက်စာစားဖို့အတွက်
အစာအိမ်ထဲမှာ စားသောက်ဆိုင်ဖွင့်ထားကြပြီး
ညစာအတွက် နိုက်ကလပ်တွေနဲ့ စာချုပ်ချုပ်ထားနိုင်ကြတယ်

တချို့က တချို့နဲ့မတူခဲ့ကြလို့
အလုပ်လက်မဲ့တရားကို ဂါထာလိုရွတ်ရင်း
ထမင်းငတ်ခြင်းသီချင်းကို လွမ်းတေးလုပ်ဆိုကြရတယ်

တချို့က
တစ်ဘဝစာ အကွက်ဆန်းနဲ့
တကိုယ်ကောင်းဆန်ခြင်းအရောင်ကို ဘောင်းဘီချုပ်ဝတ်ကြပြီး
တချို့က တချို့နဲ့မတူခဲ့ကြလို့
ဘဝအဆက်ဆက်စာအတွက်
နှလုံးသားကို မေတ္တာတရားဆိုတဲ့စောင်နဲ့ လွှမ်းခြုံကြတယ်

ဒီဘဝအတွက်
အမှောင်တွေပယ်ပြီး အရောင်တွေချယ်ဖို့
ငါတို့က
ဦးနှောက်ထဲမှာ စာသင်ကျောင်းတွေဖွင့်ကြမယ်။

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts