ကဗျာ

ရိုးတံ (ပုလဲနယ်) ● အိမ်ဝေးငှက်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈

ခက်ထန်မာကျောတဲ့ ရင်အုံမှာ
လောကဇာတ်ခုံရဲ့မျက်နှာဖုံးအောက်
ခြောက်သွေ့နေတဲ့မျက်လုံး
မျှော်လင့်ချက် အပြုံးအတွက်
နက်နဲလွန်းနေတော့… ။

ခပ်ပြင်းပြင်း စိတ်ကူး
ကျောက်တူးဖော်စိတ်သွင်းလိုက်တဲ့နေ့တိုင်း
ကိုယ့်ကိုယ်ကိုခေါင်းပေါင်းကျင်း
နာကျင်မှုတွေခဏခဏမျိုချရင်း
အနာဂတ် တထစ်ချခုန်ဆင်းလိုက်တယ် ။

နေဖြစ်ထိုင်ဖြစ်ကို ချစ်တတ်ကြ
စားဖြစ်သောက်ဖြစ်ကို လွမ်းတတ်ကြ
ကိုယ့်အချင်းနဲ့
ကိုယ့်အလင်းနဲ့
ကိုယ့်ပလုတ်ကိုကျင်းပြီး မျိုချလိုက်ရုံကလွဲလို့ ။

အုံလိုက်ကျင်းလိုက်
ကိုယ့်ခံတွင်းနဲ့ကိုယ်နှိုက်လို့
စရိုက် တဖြည်းဖြည်းလှိုက်စား
နံရံတွေ
ပဲ့တင်သံတွေ
ကိုယ့်တောင်ပံကိုယ်ဖြန့်ခင်းပြီးနားခဲ့ရတယ် ။

စကားလုံးတွေ ထိုးစစ်ဆင်တတ်လာတယ်
ပါဝါ ၊ အာဏာ ၊ အဆင့်အတန်း
မမောမပန်း မက်မက်မောမောထမ်းလို့
အပျော်အပါးတံခါးအဝင်
ဖိတ်စင်တဝက်
တောင်ပံခတ် ရပ်မရတဲ့လမ်းမထက်မှာ… ။

ကန္တာရ
ဒုက္ခ
မြည်းစမ်းချင်ကြတဲ့ သဘာဝခေါ်သံ
အနံ့အသက်
အခြံအရံတွေနဲ့
လူမှန် နေရာမှန် ပြန်မရောက်နိုင်ဘူး ။

လူသေလို့ငွေမဖြစ်
မျက်ရည်တွေ ပျစ်ပျစ်ညစ်ညစ် ထွက်ကျလာရင်း
ကြမ်းတမ်းခက်ထန်တဲ့မြေစာကွင်းမှာ
အချိန်တွေ ဆွဲကစားနေကြတုန်း ။

လောပန်းလောင်းတဲ့
ဥတုချောင်းဘေးက
မိသားစုဆည်လည်းသံလည်းမကြားရ
ရတနာရှိရာ ရတနာရတယ်တဲ့လား
ရတနာမြေထက်မှာ ပေပေတေတေဘဝများ
ကလေကချေဘဝများ
အသေအကြေဘဝများ
ဝမ်းတထွာက သမုဒ္ဒရာထက်ကျယ်လွန်းလို့
ထမင်းစားကျောက်လောက်ရရင်ပဲ ။

စီးပွားရေးစနစ်က
ဘဝသတိလစ်အောင် ရေးထိုးနေတဲ့ညများ
အမှောင်ကနေ အလင်းရောက်လို့ရောက်
အလင်းကနေ အမှောင်ရောက်လို့ရောက်
ခရီးဆောင်အိတ်ထဲမှာနေသားတကျမရှိဘဲ
ရောက်ရာပေါက်ရာ ပလူပျံနေကြဆဲ ။

အိမ်ချစ်ငှက်တွေ အိပ်တန်းပျက်လို့
လွတ်ထွက်သွားတဲ့နေရာမှ
အာသာပြေရုံ
ခြေမလုံတလုံတဲ့ ဘဝကိုယ်စီနဲ့
အမေ့ အနားတဝိုက်
ပန်းစိုက်ဖို့ ပြန်လာကြတယ် ။

အမေအိမ်ခဏဆိုပေမယ့်
ဘုရားခန်းက
အမေ ဝတ်ပြုနေတဲ့တရား
ရတနာသုံးပါး
နှလုံးသားမှာ ငြိမ်းအေးစေပါရော့လား ။    ။

ရိုးတံ (ပုလဲနယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts