ခေတ်ပြိုင်အတွေ့အကြုံ မောင်အောင်မွန်

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၆)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၆)
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈
မြန်မာ့အသံ တိုင်းရင်းသားနှင့် မောင်အောင်မွန်

(၁)
မြန်မာ့အသံ၏ဝန်ထမ်းသည် ဦးဝင်းအောင်ဖြစ်ပြီး၊ မောင်အောင်မွန်မှာမူ ဌာနနှင့်မဆိုင်ဟု စာရေးဆရာ မင်းရှင်လေသံဖြင့် အစည်းအဝေးများ၌ဆိုထား၍ အထက်လူကြီးများ မကြည်သည့်စာရင်း၌ ထိပ်ဆုံးနေရာမှပါဝင်ခဲ့ရာ အလုပ်ထွက်သည်ထိ နှစ် ၂ဝ ကြာ၏။ မြန်မာ့အသံ ဘယ်သူ မြန်မာ့အသံဘယ်ဝါဆိုသူတို့ကြား ရသစာရေးသူရှားပါးချိန်မို့ မောင်အောင်မွန်အား ဖယ်လို့မရ၊ ငွေရတု သောတရှင်မဂ္ဂဇင်းအတွက် ခုလို (ဝဲအစွန်ဆုံး) ထည့်သွင်းရပြီ။

(၂)
အနိမ့်ဆုံးဝန်ထမ်းက စာရေးဆရာမာန်နှင့် မြန်မာပိုင်းအတွက် တိုင်းရင်းသားအကြောင်း အစီအစဉ်သစ်တခုလုပ်လိုဟု တင် ပြ ရာ ပထမတော့ ရယ်စရာလိုလို နောက်မှစိတ်ဝင်စားလာကြသည်။
(၁) ပဋိပက္ခ တိုက်ခိုက်မှုမပါ။
(၂) ရိုးရာယဉ်ကျေးမှုများ သာပါမည်။
(၃) အဓိကတိုင်းရင်းသား ၇ မျိုးတို့အကြောင်း။

သူတို့ကိုယ်တိုင် ဗမာလို အသံလွှင့်မည်၊ ဥပမာ ကရင်အကြောင်း တိုင်းရင်းသားအစီအစဉ်က ကရင်အမျိုးသမီးအသံ၊ ရှမ်းဆို ရှမ်း၊ ကချင်ဆိုကချင် စသဖြင့် စသဖြင့်။ စသဖြင့် စာရေးတင်လိုက်၏။

(၃)
အသပြာတစ်ပဲနှင့် ငါးကြင်းခဲချင်သည့်ကောင်ဟု ဟားနေကြမလားမသိ၊ ပဲ့တင်ထပ်သံကြားပြီ။

အကြောင်းအရာ အချက်အလက် ဘယ်ကယူမလဲ လွဲမှား၍ ပြဿနာတက်ခဲ့သော် စသဖြင့် ပူပူနွေးနွေး ယူနီဖောင်ဝတ်ဆဲ၊ သို့သော် အာဏာအပြည့် မြန်မာအသံမရောက်မီက Radio ပင်နားမထောင်ဖူးသူ အကြီးအကဲမှူးချုပ်ကြီးက ကြာရှည်စွာ ပညာပေးသည်။

ပါတီဌာနချုပ်ထုတ်စာအုပ်များထုတ်ပြလိုက်ရာ ရှိမှန်းပင်မသိရှာသူကြီး အံ့သြစွာကြည့်ပြီး၊ ပါတီအစည်းအဝေး၌ ပင်နီတိုက်ပုံ ဝတ်နေကျမို့ ဒုဝန်ကြီးဖြစ်ရေး အကွက်မြင်သွားဟန်တူ၏။ Good Idea. Carry on ဒါပေမည့် ရှိရင်းစွဲအလုပ်တွေတော့ အကုန်ဆက်လုပ်ရမည်ဆိုကာ ခွင့်ပြုလိုက်၏။

မြန်မာပိုင်းအစီအစဉ်အတွက် အသံလွှင့်အစီအစဉ်ကို အပိုလုပ်ရမည်တဲ့။ လူကြီးပီသပါဘိ။

(၄)
ကြည့်ကြသေးတာပေါ့။ နေနေအကောင်းသား သေဟဲ့နန္ဒိယ စသည့်အသံများ တိုးတိုးကနေ ကျယ်ကျယ်ကြားရပြန်ပြီ။ ထို မျက်နှာများကြား ကျနော်သည် သားချင်းတို့အကြောင်း ပိုဖတ်ဖြစ်လာ၏။ ထိုကြိုးပမ်းမှုကို တိုင်ရင်းသားအစီအစဉ်မှ သား ချင်းများက ဝမ်းသာအားရကြိုဆိုကာ ပါဝင်ကြမည်ဟု လက်ကမ်းလာကြပြီ။

မိမိကိုယ်တိုင်မဟုတ်ဘဲ အခြာသူးများအတွက်ရေးနေကျ အသံလွှင့်စာမူထက် ပိုလွယ်ပိုရှင်းအောင် ဂရုစိုက်ရေး၊ အသံသွင်း ရာတွင်လည်း အသံထွက်မှန်အောင် စိတ်ရှည်စွာပြင်ပေး၏။ ကိုယ့်အကြောင်း ဗမာလိုလွှင့်ရသည့်ပီတိ သူတို့အသံဝဲဝဲ သို့ သော် ပီသောအသံထဲ လှပစွာပေါ်လွင်၍ ကြည်နူးရသည်။ စုပေါင်းဆင်နွှဲ မနောပွဲအကြောင်း ကချင်အစီအစဉ်မှူး အမျိုး သမီး၏အသံနှင့် ပွဲဦးထွက်လိုက်ရာ သြဘာသံကြးရပြီ။

(၅)
ဒုတိယက ကယားပေါ့။ Policy အသံလွှင့်ဇာတ်များ၌ လူဆိုးသူပုန်အဖြစ် ထာဝရပါနေရသူ ဦးသေးရယ်– ဆုံဆည်းကြရာ ပွဲကလူမှာ စာမူ ရကတည်းက မြူးနေရာ အသံသွင်းတော့ ချောနေ၏။ သည်လိုနှင့် ဝတ်စားဆင်ယင် လှကရင်–၊ ချင်းအတိတ် ချင်းနိမိတ်—-၊ မွန်လူငယ်တို့ ချစ်ကြရာဝယ်ကျတော့ အစီအစဉ်မှူး အသက်ကြီး မိအုန်းကြည်က သူ့ကိုယ်စား ရွေးပေးသည့် မုဒုံသူလေးရဲ့အသံကိုသုံးလိုက်၍ မျက်နှာလိုက်သည်ဟု ဝိုင်းပြောခံရသည်ကပင် မော်လမြိုင်လေနှင့်ရေးရသော် ပျော်စရာ ကောင်းမှကောင်း။

ရခိုင် မင်္ဂလာမောင်— ကလည်း မွန်နှင့်ဆက်သွားပြီ။ နောက်တော့ရှမ်း– ကိုယ်တိုင် Honey Moon သွားခဲ့စဉ် ဆုံခဲ့ရသည့် တောင်သူ၊ အင်းသား ရွှေပလောင် ငွေပလောင်– ၊ စားခဲ့ရသည့် ပဲပုတ် တို့ဟူး ခေါပုတ် –စသဖြင့် ရှမ်းအဖုံဖုံ အစာအစုံစုံ ကိုဖတ်ချင်၍ လုနေကြသည့် ရှမ်းအသံရှင်တွေကလည်း အများသားမို့၊ နောက်အလှည့် စောင့်ပေါ့။

(၆)
သည်လိုနှင့် ကချင်တကျော့ပြန်လာ– ကျွန်တော့မှာတော့ Overtime ဝေးလို့ အိမ်မှာစာအုပ်တွေဖတ်ရ စာမူလည်းအိမ်မှာ ရေးရ– ကိုယ်တိုင်လက်နှိပ်စက်ရိုက်ရ၊ နားရက်ရုံးသွားပြီး အသံသွင်းပေး ရ– ရ– ရ– သောတရှင်များကြိုက်ဆိုတော့ လူ ကြီးတွေမျက်နှာရ၊ သူကြီးဘုရား ရွားသားကောင်းမှု နတ်လူသာဓု ခေါ်စေသောဝ်ပေါ့။

အသံလွှင့်သည့်အခါ စာရေးဆရာ မောင်အောင်မွန် ဝေး၍၊ ဝန်ထမ်း ဝင်းအောင်နာမည်ပင် မထည့်၊ တမင်ချန်ထားသည်မှာ ၁၉၇၉ ခု၊ အောက်တာဘာ ကျွန်တော်မြန်မာ့အသံကထွက် ထိုအစီအစဉ်ရပ်သွားသည်အထိပါ။ လူတစ်ယောက်၏ စိတ်ကူး နှင့်ကြိုးပမ်းမှုသည် သူကြီးမဟုတ်၍ သာမန်ရွာသားခမျာ မျက်နှာမကြီးရှာခဲ့သော်လည်း မျက်နှာမလိုက်သည့် နတ်၏သာဓု ခေါ်သံကို စာပေဗိမာန်က ကြားသွားပုံ ဆက်ရေးပါမည်ဟုတွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ ဖေဖေါ်ဝါရီလ ၁၁ ရက် (ပြည်ထောင်စုအကြို) နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts