ကဗျာ

နေချိုသွေး ● သွေးခြည်ဥနေတဲ့သမိုင်းမှာ အမှန်တရားဟာ နိုင်တယ်

နေချိုသွေး ● သွေးခြည်ဥနေတဲ့သမိုင်းမှာ အမှန်တရားဟာ နိုင်တယ်
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၈

တပတ်မှာ ခုနှစ်ရက်ဟာ အမှောင်မှာ ကျွံကျလို့
အညောင်းမိနေတဲ့စိတ်က
လမ်းမပေါ် လမ်းလျှောက်ထွက်လာတယ်။

နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်ခံလိုက်ရတဲ့အမှန်တရား
နိုင်ငံပိုင်သတင်းစာမှာပါလာတယ်
အမည်မသိ
တရားခံဟာ လက်ခုပ်လက်ဝါးတီးလို့
မကျူးကျော်ရ လက်မှတ်ကို အပိုင်ကိုင်ထားတယ်။

အနှိမ်ခံ အနင်းခံဘဝတွေနဲ့  နိုင်ငံထဲ
လှောင်ပြောင်ရယ်မောသံတွေ ညှီစော်နံလို့
ဥပဒေဟာ
လုံခြုံရေးအပြည့်နဲ့ တောင်းစားနေတယ်
ကောင်းစားနေတဲ့ လူတန်းစားတရပ်ကို ဘယ်လိုခေါ်လဲ။

အဖြေမှန်ဟာ
ထောင်နံရံမှာ သော့ခတ်ခံလိုက်ရတယ်
အာဏာနဲ့သေနတ်ကိုင်ပြီး လူလည်လုပ်နည်းသိသွားတဲ့နောက်
အမှန်တရားဟာ
အရင်းက ခုတ်ပိုင်းခံလိုက်ရတယ်။

ရူးသွပ်မှုမှာ အာဏာဟာ ငတ်မပြေဖြစ်နေတယ်
ငတ်ကြီးကျနေတယ်။

နေမှု ထိုင်မှုပုံစံမှာ ပြည်သူပြည်သားဟာ နင်းပြားဖြစ်နေတယ်
မရှိဆင်းရဲဖြစ်နေတယ်။

နိုင်ငံတော်အလံမှာ
သွေးစွန်းနေ့တွေဟာ ဖျတ်ဖျတ်လူးလို့
ကြွေးကြော်လိုက်တဲ့ အမှန်တရားဟာ
ရဲရဲတောက်နေရင်း
အကျဉ်းထဲ အကြပ်ထဲမှာ
ကမ္ဘာမကြေသီချင်းကို သံပြိုင်ဆိုနေကြတယ်။ ။

နေချိုသွေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts