စာအုပ်စင်

မေစာ – ဆရာတင်မိုး အမှတ်တရ

မေစာ – ဆရာတင်မိုး အမှတ်တရ
(မေစာအမှတ်တရ  – ၄၄/၅၅၅) မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

မင်္ဂလာပါ …

ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခဲ့တာ ဘာလိုလိုနဲ့ ၁၀ နှစ်ကျော်လို့ ၁၁ နှစ်ပြည့်တော့မှာပါ ကလား။ ဆရာက ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့တာလေ။ ကွယ်လွန်တာ နှစ်တွေ ကြာခဲ့ပေမယ့် ဆရာ့ကို ချစ်တဲ့ ဆရာ့ပရိသတ်က ဆရာ့ကို အောက်မေ့ဆဲ တသဆဲပါပဲ။ ဆရာ့အတွက် အလွမ်းစာတွေ စုပေါင်းထုတ်တဲ့သူကထုတ်၊ ဆရာ့စာတွေ ပြန်ဖော်တဲ့သူကဖော်။ ဟိုတလောက ကျင်းပပြီးသွားတဲ့ စာပေ ညီလာခံအခမ်းအနားမှာကိုပဲ ဆရာ့ရုပ်တုကြီးနဲ့ မော်ကွန်းတိုင်တစ်တိုင် စိုက်ထူထားတာ ကြည်နူးစရာ မြင်လိုက်ရပါသေးတယ်။ နိုင်ငံအကျိုး စာပေအကျိုး၊ အထူးသဖြင့် ကဗျာလောကအကျိုး နေ့စဉ်နဲ့အမျှ ဆောင်ရွက်ခဲ့တဲ့ ဆရာ့ကျေးဇူးကို အောက်မေ့ကြတာ ဆန်းလှတဲ့ကိစ္စ မဟုတ်ပါဘူး။ ပူဇော်ထိုက်သူကို ပူဇော်တဲ့ မင်္ဂလာတရားနဲ့အညီပါပဲ။ ဒီလိုအချိန်မှာပါပဲ ဆရာမောင်စွမ်းရည်ရဲ့ “သူငယ်ချင်းတင်မိုး” ဆိုတဲ့ စာအုပ်ထွက်လာတာဟာ ဆရာ့ ၁၁ နှစ်ပြည့်ကာလနဲ့ ဆီလျော်အပ်စပ်နေပါတယ်။

သိကြတဲ့အတိုင်း ဆရာတင်မိုးနဲ့ မောင်စွမ်းရည်ဆိုတာ ကဗျာညီအကိုရင်းတွေပါ။ ၁၉၅၇ ခု လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က စပြီးတတွဲတွဲ နေလာခဲ့ကြ၊ ကဗျာတွေဖွဲ့ခဲ့ကြ။ နောက် ဆရာတင်မိုး ပြည်ပကို တိမ်းရှောင်ထွက်ခွာလာခဲ့ပြီး မကြာလှခင်မှာပဲ မောင်စွမ်းရည်က ပြည်ပကို ရောက်လာ၊ ဆရာနှစ်ပါး တွဲသွား တွဲလာ ဖြစ်ကြပြန်။ ဆရာတင်မိုး ကွယ်လွန်တဲ့အချိန်အထိပါပဲ။ အဲဒီလောက်ထိ ရေစက်ကြီးတဲ့ ဆရာတွေပါ။ အခု ကျန်ရစ်တဲ့ မောင်စွမ်းရည်က သွားလေသူ သူငယ်ချင်းကို ရည်စူးပြီး သူငယ်ချင်းတင်မိုး စာအုပ်ကို ထုတ်လိုက်သတဲ့။ ဆရာတင်မိုးအကြောင်း ရေးသင့်ရေးထိုက်သူက ရေးလိုက်တဲ့စာမို့ ဝမ်းမြောက်ဝမ်းသာ ကြိုရပါတယ်။

မောင်စွမ်းရည်က ဆရာတင်မိုးကို လွမ်းပြလိုက်တော့ ဆရာလွမ်းသလို စာဖတ်သူတွေလဲ လွမ်းခွင့် ရလိုက်ကြပါတယ်။ ဆရာတင်မိုးအကြောင်းကို အတ္ထုပ္ပတ္တိစာပေတခုမှာလို ဘယ်နှစ်က ဘာဖြစ် ဘာလုပ် စသည်ဖြင့် ရိုးရိုးစင်းစင်းရေးတာမှ မဟုတ်တာ။ သူချစ်တဲ့တင်မိုး၊ သူသိတဲ့တင်မိုးရဲ့ ကံသုံးပါး အမူအရာ စရိုက်လက္ခဏာတွေကို မျက်စိထဲမြင်လာအောင် ရေးခြယ်ထားတာကိုး။ ဆရာတင်မိုးရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေဟာ လွမ်းချင်စရာ ဖြစ်လာတော့တာပေါ့။

လွမ်းစရာသက်သက်တော့မဟုတ်ပါဘူး။ အားတက်စရာစာတအုပ်လို့လဲ ဆိုနိုင်မှာပါ။ မွေးဖွားကြီးပြင်းရာ တောကြိုအုံကြားကနေ ရုန်းထွက်ပြီး နိုင်ငံသိ၊ ကမ္ဘာသိဖြစ်လာတဲ့ ဆရာရဲ့ လှုပ်ရှားမှုတွေက အားတက်စရာတွေ ပေါ့။ နိုင်ငံသိ ကမ္ဘာသိဖြစ်စေတော့ဆိုတဲ့ ရည်မှန်းချက်ကြီး တခွဲသားနဲ့ ဆရာက တမင်ကြိုးစားပမ်းစား လုပ်ခဲ့ တာ မဟုတ်ပါဘူး။ သူ့ဝါသနာ၊ သူ့စေတနာအတိုင်း ရိုးရိုးရှင်းရှင်းလေးပဲ ကျင့်ကြံနေထိုင်ခဲ့တာပါ။ ဝါသနာက စာပေလေ့လာတာ၊ ကဗျာရေးဖွဲ့တာ။ စေတနာက သူသိတဲ့တတ်တဲ့ စာနဲ့ကဗျာနဲ့ သူ့စာဖတ်သူတွေ၊ သူ့နိုင်ငံ သားတွေအကျိုးကို ဆောင်ချင်တဲ့ စေတနာ။ အဲဒီ ဝါသနာနဲ့ စေတနာကပဲ အများသူငါချစ်ကြတဲ့ တင်မိုး ဖြစ်လာအောင် ဖန်တီးပေးလိုက်တာပါလားလို့ နားလည်မိပါတယ်။

ဆရာတင်မိုးက အနေရိုးပါတယ်။ ဝတ်တာစားတာနေတာထိုင်တာကအစ ရိုးရိုးပါပဲ။ ရိုးရိုးဆိုတဲ့ အသုံ: ကတောင် နည်းနည်းလွန်သွားမလား မသိပါဘူး။ ဆရာအဝတ်အနေက ရိုးရိုးထက်ကို ရိုးပါသေးတယ်လို့ ဆိုရမလိုပါပဲ။ ဝတ်ပုံစားပုံ တန်းမီလမ်းမီဖြစ်တာ မဖြစ်တာ၊ နေတာထိုင်တာ အများအထင်ကြီးစရာ ဖြစ်တာ မဖြစ်တာ။ အဲဒါတွေ ဆရာ့စိတ်ထဲမှာမှ မရှိခဲ့ပဲ။ စာတအုပ် ဆေးလိပ်တတိုနဲ့ ကျေနပ် ရောင့်ရဲနိုင်တဲ့ဆရာပါ။ ခပ်ကုတ်ကုတ်နေတဲ့ဆရာပါ။ ဒါပေမယ့် စာနဲ့ကဗျာနဲ့ပတ်သက်လာရင်၊ အများ ပြည်သူ့အရေးနဲ့ ပတ်သက် လာရင်တော့ ဆရာ ကုတ်ကုတ်မနေတော့ပါဘူး။ ပြောစရာရှိပြော၊ ရေးစရာရှိ ရေးတော့တာပါပဲ။ ဆရာ မောင်စွမ်းရည် ပြောပြတဲ့ သူ့သူငယ်ချင်းအကြောင်းမှာပဲ ကြည့်လေ။

“မန္တလေးတက္ကသိုလ်ကျောင်းသားဘဝကတည်းက ကလောင်ရှင်အသင်းကို ဦးစီးဦးဆောင် လုပ်ခဲ့တာပဲ။ ဒီလိုနေရာမျိုးမှာ အနေရိုးနေလို့မှ မသင့်တော့တာကိုး။”

ဒီနည်းတူပါပဲ။ နိုင်ငံမှာ ပြည်သူမလိုလားတဲ့သူတွေက အတင်းအဓမ္မ မင်းလုပ် အုပ်ချုပ်တဲ့အခါ ဆရာ အနေမရိုးနိုင်တော့ပြန်ပါဘူး။ ကိုယ်သန်ရာ စာပေ၊ ကိုယ်သန်ရာ ကဗျာနဲ့ ခေတ်ဝန်ကို ဝင်ထမ်းပြန်ရော မဟုတ်လား။ ဝင်ထမ်းလို့ အနှောင်အဖွဲ့ခံလိုက်ရတာလဲ အများသိတဲ့အတိုင်:။ အနှောင်အဖွဲ့ခံလိုက်ရလို့ ဆရာ့ သံမဏိစိတ်ဓာတ်က ရွှံ့ဖြစ်မသွားပါဘူး။ ယုံကြည်ချက်ကို ကွယ်လွန်ချိန်ထိ တသမတ်တည်း ဆုပ်ကိုင်ခဲ့ပါ တယ်။

ဆရာမောင်စွမ်းရည်ရဲ့စာအုပ်မှာ အကြောင်းမတိုက်ဆိုင်လို့ ထည့်ပြောမသွားတဲ့ ကွန်မြူနစ်ဆန့်ကျင် ရေး လူကြီးမင်းကဗျာအကြောင်း နည်းနည်းလက်တို့လိုက်ချင်ပါတယ်။ ကိုယ့်ကို ဝေဖန်မယ်၊ ဆန့်ကျင်မယ် ဆိုရင် မဲမဲမြင်တိုင်း ကွန်မြူနစ်လို့စွပ်စွဲပြီ: နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ အာဏာရှင် အုပ်ချုပ်သူတွေကို အပြင်း အထန် တန်ပြန်ထိုးနှက်ထားတဲ့ကဗျာပါ။ အဲဒီကဗျာမှာ သုံ:ထားတဲ့ ဘာသာစကားက ဒိုးဒိုးဒေါက်ဒေါက် ထိထိမိမိ၊ လွယ်လွယ်ရှင်းရှင်းမို့ ကျောင်းသားတွေ သဘောကျနိုင်တယ်လို့ နိုင်ငံခြားသားတွေကို မြန်မာစာ ပြတဲ့ဆရာတဦးက သဘောရပါတယ်။ ဒီတော့ အတန်းထဲမှာ သင်စာအဖြစ် အသုံးချကြည့်ပါသတဲ့။ အဲဒီ ကဗျာကို သင်ပေးနေတဲ့အချိန် ကျောင်းသားတွေ မြူးနေ၊ တက်ကြွနေလိုက်ကြတာများ အတော့်ကို ပျော်စရာကောင်းသတဲ့။ ကျောင်းသူတယောက်ကတော့ အတန်းထဲမှာ သင်ရရုံနဲ့ အားမရနိုင်တော့ပါဘူး။ အင်္ဂလိပ်ဘာသာနဲ့လဲ ဖြန့်ချင်ပါတယ်ဆိုပြီး သူ့ဆန္ဒနဲ့သူ အင်္ဂလိပ်လို ဘာသာပြန်သတဲ့။ ဒါပေမယ့် ဘာသာပြန် တဲ့ကျောင်းသူက တာဝန်ရှိအဖွဲ့အစည်းတခုက ဖြစ်နေတော့ သူ့နာမည် မခံပါဘူး။ မြန်မာဘာသာစကား သင်ယူရေး လေ့ကျင့်စာတခုအနေနဲ့သာ လုပ်သွားတာပါ။ များများစားစားလဲ မဖြန့်ခဲ့ပါဘူး။ အဲဒီဘာသာပြန်က ကံအားလျော်စွာ ကိုယ့်ဆီမှာ သိမ်းဆည်းထားပြီး ရှိနေပါတယ်။ စိတ်ဝင်စားသူတွေရှိရင်တော့ မျှဝေပေးဖို့ အသင့်ပါ။ သူ့ခေါင်းစဉ်က Almighty Anti-Communist တဲ့။ ပြည်တွင်းပရိသတ်တင်မဟုတ်ပါဘူး။ ပြည်ပ နိုင်ငံရပ်ခြားသားတွေကလဲ ဆရာ့ ကဗျာကို တလေးတစား တခုံတမင်ဖတ်ကြတာပါ။

အခွင့်ကြုံတုန်း အရေးကြီးတဲ့အချက်တချက်ကိုလဲ ဆက်အစီရင်ခံလိုက်ပါရစေဦး။ ဒီစာဝိုင်း ပေဝိုင်း စကားဝိုင်း အစီအစဉ်ဟာ ကိုယ့်စိတ်ကူးပေါက်လို့ ပေါ်လာတဲ့အစီအစဉ် မဟုတ်ပါဘူး။ ဆရာတင်မိုး မကွယ်လွန်ခင် အခု လွတ်လပ်တဲ့အာရှအသံမှာပဲ ဆရာ စီစဉ်တင်ဆက်ခဲ့တဲ့ “မြန်မာစာပေခရီး ပင်မရေစီး” အစီအစဉ်ကို အောက်မေ့လို့ ဝိုင်းဖွဲ့ဖြစ်လာတဲ့အစီအစဉ်ပါ။ ဆရာ့လို ဝမ်းစာမပြည့်ပေမယ့် ဆရာချစ်တဲ့ မြန်မာစာအရေး ရှိသမျှခွန်အားလေးနဲ့ ကြိုးစားလှုပ်ရှားကြည့်ခဲ့တာပါ။ စာလမ်းခင်းပေးခဲ့တဲ့ ဆရာ့ကို ရိုရိုသေသေကန်တော့လိုက်ပါတယ်။

စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။ ။
မေစာ

(မိုးမခမှတ်ချက် – မိုးမခက ထုတ်ပြီး WE က ဖြန့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ရန်ကုန် သံဈေးအပေါ်ထပ်က Myanmar Book Plaza မှာ မေးဝယ်ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts