(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၈
၁။
လက်ဖက်ရည်ဆိုင်လို့အသံထွက်ရွတ်လိုက်တာနဲ့ ကျနော်တို့ဆယ်ကျော်သက်အရွယ်မှာ ဇိမ်နဲ့စွဲထိုင်တတ်လာတယ်ဆိုတာ လန်ဒန်စီးကရက် တစ်လိပ်ငါးကျပ်ခေတ်ကစတယ်လို့ ပြောယူရပါမယ်။ အဲဒီထက်ငယ်တဲ့အချိန်တွေတုန်းကတော့ လူကြီးတွေနဲ့အတူ လက်ဖက် ရည်ဆိုင်မှာ တွဲရောင်းတတ်တဲ့ ပဲမုန့်ထောပတ်မုန့် အငန်မုန့်နယ်မှာပဲအရသာကောင်းကောင်းရတတ်တဲ့ အာလူးပူတီ ဘယာကြော် သွားသွားစားတတ်တာကလွဲရင် လက်ဖက်ရည်ဆိုင်ဆိုတာ ကလေးတွေအကြာကြီး ထိုင်သင့် တဲ့နေရာမဟုတ်ဘူးလို့သာ စိတ်ထဲမှတ်ထားခဲ့တာပေါ့။
မြို့လေးကကျဉ်းလည်းကျဉ်းလေး တခုခုဆို မိဘတွေနားထဲ ချက်ချင်းပြန်ရောက်တတ်လို့လည်း အရွယ်ရောက်လာ စီးကရက်ကို လက်ကြားညှပ်သောက်တတ်လာတဲ့အခါ ဘေးပတ်ဝန်းကျင်ကအသိလူကြီး တယောက်ယောက်လည်း ရှိမနေတတ် လူလည်းသိပ်မလာတတ်တဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ရဲ့ ချောင်ကျတဲ့ ထောင့်ကစားပွဲခုံဟာ လူငယ်ဘဝရဲ့ ကျောက်ချစရာ နေရာဖြစ်လာတော့တာပါပဲ။
ကျနော်တို့လက်ဖက်ရည်ဆိုင်စထိုင်တတ် လက်ဖက်ရည်စသောက်တတ်တဲ့အရွယ် ကျနော်တို့နယ်မှာ လက်ဖက်ရည်တစ်ခွက်ကို ဆယ့်သုံးကျပ်ပဲပေးရသေးတယ်ဆိုတာ သတိတရမှတ်မိပါသေးတယ်။ သူငယ်ချင်းနှစ်ယောက်ပေါင်းလို့ ပိုက်ဆံအစိတ် သုံးဆယ်ရှိရင် လက်ဖက်ရည်တစ်ခွက် ဆေးလိပ်နှစ်လိပ်နဲ့ သောက်လို့ရတယ်။ ချထားတဲ့ စီးကရက်ကို တယောက်တလှည့်ဖွာရှိုက်လို့ စီးကရက်ခိုးသောက်တတ်ကာစ တကယ့်လူမိုက်ကလေးတွေရဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ မီးခိုးငွေ့တဝေ့ဝေ့ထဲ ခေါင်းမှာချာချာလည်တဲ့အထိ တရှိုက်မက်မက်ဖွာလို့ ကျနော်တို့ရဲ့ လက်ဖက်ရည်ဆိုင်စထိုင်ခဲ့ဖူးတဲ့ ကာလတွေပါပဲ။
အခုလို အွန်လိုင်းနည်းပညာတွင်ကျယ်လာ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ရထားသံလမ်းဘေး အရိပ်ရသစ်ပင်အောက်က လက်ဖက်ရည်ဆိုင်စားပွဲပေါ် သူငယ်ချင်းတွေနဲ့ ဒိုးဇက်ထိုင်ဆော့ဖူးရင် သင့်အသက် မငယ်တော့ဘူးလို့ ဖေ့ဘုတ်ပေါ်ပို့စ်တင်ကြည့်ချင်နေမိတယ်။ အခုလည်း အသက်မငယ်တော့ကြောင်း သွားစဉ်စားမိတော့ အသက်ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်မှာ ဒိုးဇက်ဆော့ဖူးခဲ့တာတွေ သတိရလာတယ်။
အဲဒီတုန်းကတော့ တနေ့လည်လုံး ကျနော်တို့တွေ ပျောက်သွားတယ်ဆို အသံမကြားငြိမ်နေပြီဆို တနေရာရာမှာ ဒိုး ဇက်ဆော့နေလို့ပါ ပဲ။ လောင်းကစားလုပ်တယ်ဆိုတာကလည်း ဘယ်ခေတ်ဘယ်အခါမှာမဆို သူ့အသက်အရွယ်အလိုက် သူ့ကြေးနဲ့ သူတော့ ရင်ခုန်စိတ်လှုပ်ရှားရတာချည်းဖြစ်ခဲ့၊ ဘယ်ကြေးနဲ့ပဲရိုက်ရိုက် ပုံစံအတူတူသာ အားလုံးစိတ်လှုပ်ရှားကြရတယ်လို့သာ လူငယ် တွေပြောတတ် စုခဲ့ကြဖူးပါ တယ်။ ငါးမူးတစ်ကျပ်ကလည်း ဝိုင်းကောင်းရင် မျက်တောင်ခတ်ချိန်တောင်ရတာ မဟုတ်ဘူးလို့ ကျနော်တို့ ဆိုခဲ့ဖူးတာပဲ။
ထမင်းမေ့ဟင်းမေ့ဆိုတဲ့စကားလုံးမျိုးဟာ ကစားဝိုင်းမှာတော့ သုံးရတာ ပိုအသက်ဝင်နေတတ် တကယ်လည်း ထမင်းမေ့ ဟင်းမေ့ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က လူငယ်နေ့တွေပါပဲ။ နေ့လည်နေ့ခင်းအချိန်ကစလို့ ဘယ်လိုနေဝင်သွားတာလဲဆိုတာ ဘယ်အချိန်က ညရောက် သွားပြန်ပြီလဲဆိုတာကို စားပွဲခုံပေါ် အလင်းရောင်မလာတော့မှသာ သတိထားမိတတ် အိမ်ကလူကြီးတွေလည်း လိုက်ထိန်းလို့မရ ဒေါသ ထွက်ရုံသာ တတ်နိုင်ခဲ့တဲ့အတိတ်က လက်ဖက်ရည် ဒိုးဇက် စီးကရက်နဲ့ လူငယ်နေ့များပါပဲ။
၂။
လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ဖွင့်ထားတဲ့သီချင်းမှာ လွင့်မျောနေရတဲ့အရသာကိုခေါ်တာ အတွေးထဲက စီးကရက်မီးခိုး တွေဆိုတာကလည်း မပါလို့မဖြစ်ပါဘူး။ ဒါပေမဲ့လည်း အခုလိုလူလတ်ပိုင်းအရွယ်ရောက်တော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး တစုံတယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာချိန်းဆိုဖြစ်တဲ့အခါ ကိုယ့်ရှေ့ကလက်ဖက်ရည်ခွက်ကိုတောင် သေသေချာချာဂရုမစိုက်နိုင်တော့ပါဘူး။
အဲဒီလို ပူပန်လောကြီး နေရတဲ့ နေ့ရက်တွေကို ကြုံရတဲ့အခါမှာ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အရသာကလည်း ပျောက်သွားတော့တာပါပဲ။ ဟိုတုန်းက လက်ဖက်ရည်ဆိုင်လူငယ်ဘဝနေ့ရက်များကို ဘယ်လိုလွတ်လပ်မှုနဲ့ ပြန်အစားထိုးကုစားရ မလဲဆိုတာကို မသိတော့ဘူးဖြစ်နေတယ်။
လူငယ်ဘဝတွေတုန်းကတော့ လက်ဘက်ရည်ဆိုင်မှာ ကိုယ်ဘယ်လိုသောက်တတ်တယ်ဆိုတာကအစ အချိုကြိုက်တယ် အဖန်ကြိုက်တယ် ဆိုတာကို ကျောက်ပန်းတောင်းဂိတ်ဆုံး ဆော်ရဲ ချိုပေါ့ကျ တွဲလောင်းလို့ အမည်ပေးထားတဲ့ လက်ဖက်ရည်ဆိုင်က ဘန်းစကားများ နားယဉ် ခဲ့ရဖူးတယ်။ လူငယ်ဘဝတုန်းက ပြောတတ်တာရှိဖူးပါတယ်။
ချိုပေါ့ကျတခွက်ဆိုတဲ့ သီချင်းထဲက လက်ဖက်ရည်ခွက်ဟာ ချိုလည်းချို၊ ပေါ့ လည်းပေါ့ ကျလည်းကျတယ်ဆို လက်ဖက်ရည်ကိုပြောနေတာမဟုတ်လောက်တော့ဘူး။ ပန်းသီးပွပွတလုံး မြေပေါ်ပြုတ်ကျ အချစ်ကို လက်ဖက်ရည်ဆိုင်က လူငယ်တွေ စတင်နိုင်ခဲတာကို ပြောချင်တာပဲဖြစ်မှာပေါ့လို့ ပြောဆိုခဲ့ကြဖူးပါတယ်။ အပြင်မှာတော့ ကောင်မလေး တယောက်က လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်သွား တို့နောက်ကလိုက်သွားခဲ့ပေမယ့် ဘာစကားမှမပြောရဲလို့ ပန်းသီးပွပွတလုံးဟာ လက်ဖက်ရည်ဆိုင်ဘက်ပြန်လိမ့်လာခဲ့ရတာပါပဲဆိုတာကို ဟာသနှောပြောခဲ့တဲ့ လူငယ်နေ့တွေကို ပြန်အမှတ်ရမိနေသေးတယ်။ မမှတ်မိတော့တာလည်းဖြစ်ချင်ဖြစ်မယ် နောက်ထပ်လည်း လက်ဘက်ရည်ဆိုင်က ပျော်စရာစကားတွေရှိပါသေးတယ်။
ကျောင်းသားဘဝတုန်းကလည်း လက်ဖက်ရည်ဆိုင်မှာသာကျောက်ချ အကြွေးနဲ့ နပ်မှန်ခဲ့တဲ့ နေ့ညတွေ ရှိခဲ့ပါသေးတယ်။ အဲဒီလို တနေရာ မှာသာ ကျောက်ချ ထိုင်နေတတ်လို့ နေဝင်သွားလည်း လက်ဖက်ရည်ဆိုင်ထိုင်လို့မပြီးသေး ညနက်သန်းခေါင်ဆိုလည်း ဖွင့်တဲ့ဆိုင်သာရှိလို့ ကတော့ ရအောင်ထိုင်နေတတ်တာမျိုးပေါ့။ နေ့နေ့ညည လက်ဖက်ရည်ဆိုင်ကို အလုပ်အကျွေးပြုနေရသလို ကျေးဇူးကြွေးတွေကိုလည်း ဆပ်လို့မပြီးသေးတဲ့ သူတွေလည်း အခုထိကို ရှိနေပါသေးတယ်။
လက်ဖက်ရည်ဆိုင်မှာက စကားပြောတဲ့အခါ ရလာတဲ့အကြောင်းအရာနဲ့ တွေ့နေဆုံနေတဲ့ လူအမျိုးမျိုးအလိုက် လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ လွတ်လပ်တဲ့စကားများဟာ လက်ဖက်ရည်ဆိုင်နဲ့သာ ပို လိုက် ဖက်တတ်ပါတယ်။ ဒီလိုဆိုဖြစ်ခဲ့ကြတယ်။ ဘာပြောစရာမှမရှိလည်း ရှေ့ကမြင်နေရတဲ့လမ်းမကိုငေးလို့ ဖွင့်ထားတဲ့သီချင်းထဲမှာ စိတ်ကို နှစ်လို့ ငြိမ်နေခဲ့ဖူးတဲ့အချိန်တွေဆိုတာ လက်ဘက်ရည်ဆိုင်မှာသာရှိတတ်ပါတယ်။ အရင်လို သစ်လွင်လတ်ဆတ်တဲ့ သီချင်းတွေ တခုတ်တရ ဖွင့်ပေးတတ်တဲ့ လက်ဖက်ရည်ဆိုင်တွေကို အခုပြန်စဉ်းစား အခုပြန်လွမ်းနေမိပါသေးတယ်။
အဲဒီလိုမျိုး တက္ကသိုလ်ကျောင်းသားဘဝ လွတ်လပ်စွာ စီးမျောခဲ့တဲ့ လက်ဖက်ရည်ဆိုင်နေ့ရက်တွေကို ဘယ်လို ပြန်သွားလို့ရမလဲ ဆိုတာကို အခုလွမ်းမောစွာ ပြန်တွေးနေမိတယ်။ တွေးမိတယ်ဆိုတာ ကျောင်းသားဘဝလို လွတ်လပ်မှုမျိး တက်ကြွနေမှုမျိုးဟာ ကျောင်းသားဝမှာသာ ရပြီး အခုဘယ်လိုမှ ပြန်ရှာမရလို့သာလွမ်းနေရတာဖြစ်ပြီး ကျောင်းသားဘဝပြန်ရပါစေဆိုတာထက်လည်း အဲဒီတုန်းကအရသာ လက်ဖက်ရည်ကျကျများသာ ပြန်လိုချင်မိတာမျိုးပါ။
ကျနော်တို့အားလုံး လက်ဖက်ရည်ဆိုင်ထိုင်တတ်တဲ့အကျင့်စွဲတယ်ဆိုတာလမ်းဘေးပလက် ဖောင်းကနေရာကျယ်ကျယ် သစ်သား ခွေးခြေခုံ ပုပုတွေနဲ့အတူ ဖွင့်လိုက်တဲ့သီချင်းစာသား စီးကရက်မီးခိုးများထဲ စိတ်ကူးယဉ် အမောပြေ သွားတတ်တာကို စွဲတာဖြစ်မှာပါ။
လူငယ်ဘဝရဲ့အရသာရှိတဲ့လက်ဖက်ရည်ဆိုင်နေ့ရက်များဆိုတာကလည်း ဘေးပတ်ဝန်းကျင်မြင်ကွင်းကို အရှင်းဆုံး မြင်ရတဲ့နေရာမှာ အပေါင်းအသင်းတွေနဲ့အတူ တနေကုန်တဲ့အထိ မငြီးမငြူထိုင်တတ်တာကို ခေါ်တာပါပဲ။ အခုအချိန်တွေအထိလည်း ထမင်းစားပြီးတဲ့အခါ ကျနော်တို့တနေရာသွားချင်တယ်ဆိုတာ ခံတွင်းပျက်နေတာ ပျင်းရိထိုင်းမှိုင်းနေတာ လွမ်းနေဆွေးနေတာ စတဲ့အရာရာအားလုံးဟာ လက်ဖက်ရည်ဆိုင်ဘက် မျက်နှာလှည့်လို့ လက်ဖက်ရည်ဆိုင်ကသာစတင်ရတယ်လို့ ပြောရဦးမှာပါပဲ။
ကိုယ့်ရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက်မှာ အရင်တုန်းကလို အာရုံခြောက်ပါးစလုံးကပ်လို့ နားမျက်စိနေရာလပ်မကျန် တစ်စက်ချင်း တစ်ငုံချင်း အရသာမခံနိုင်ကြတော့ပေမယ့် အခုချိန်ထိစွဲနေရတဲ့ အရင်တုန်းက လက်ဖက်ရည် ကျစိမ့်များပါပဲ။
၃။
အခုလည်း ကိုးဆယ်ကျော်ခုနှစ်များက သစ်သားထိုင်ခုံ သစ်သားစားပွဲများပေါ်မှာ စားစရာမုန့်မျိုးစုံ ချထားလေ့ရှိတဲ့ ဆိုင်မျိုးထဲ အဖေတို့ ရှိစဉ်က မက်မက်မောမောထိုင်ခဲ့ဖူးတဲ့ကာလတွေကို ပြန်လွမ်းနေမိတယ်။ အဲဒီစားပွဲပေါ်ရှိတဲ့မုန့်မျိုးစုံကို ခုံမင်စွာစားတတ်ခဲ့တဲ့ နေ့တွေကို ပြန်သတိရနေမိတယ်။ အဲဒီတုန်းကဆို အဖေက သူနဲ့အတူပါလာတဲ့ ကလေးတွေကို အတင်းကျွေးတတ်တဲ့ ပေါက်စီ ဘဲသားမုန့် ဆိတ်သား ပက်ဖ်တွေ အဖေ့လက်ဖက်ရည်ခွက်ထဲ တစ်စက်ကျန်သည်အထိ အရသာရှိနေခဲ့တဲ့ ကိုးဆယ်ကျော်ခုနှစ်တုန်းက အဖေ့လက်ဖက်ရည်နေ့ များ အခုပြန်စဉ်းစား လွမ်းနေမိတာပါပဲ။
အခုလို အဖေ့နေ့များလွန်သွားတော့လည်း တိုက်ဆိုင်လို့ တယောက်တည်းသွားထိုင်မိတဲ့အခါ အရင်ကအရသာ အရင်ကလက်ဖက်ရည်နဲ့ မုန့်တွေကို အရင်လိုအခြေအနေနဲ့ ပြန်တွေ့ရသလို ကျနော့်အတွက်ကတော့ အမှတ်တရရှိနေ တုန်းလိုပါပဲ။
အခုလည်း ကိုးဆယ်ခုနှစ်ခေတ်ဟောင်းက အလွမ်းကဖီးဆိုတဲ့ သီချင်းသံ ပြန်ကြားယောင်နေမိသလို အဖေမရှိတော့တဲ့ နောက်မှ ရေးဖြစ်နေ တဲ့ ဒီလက်ဖက်ရည်ဆိုင်အလွမ်းတွေပါတဲ့စာကိုလည်း အလွမ်းလက်ဖက်ရည်ဆိုင် လို့သာအမည်တပ်လိုက်ချင်တာပါပဲ။ အဲဒီသီချင်းကို လက်ဖက်ရည်ဆိုင်က တခါတခါ ပြန်ပြန်ကြားတတ်တဲ့အခါ မင်းနဲ့အတူအမြဲသောက်တတ်တဲ့ ဒီဆိုင်လေးဆိုတဲ့စာသားနေရာရောက်တိုင်း ကိုယ်နဲ့အတူထိုင်ဖူးတဲ့ အယောက်စီတိုင်းအတွက် အလွမ်းစာသားတွေထည့်ဆိုနေမိတယ်။
ဘယ်လိုလက်ဖက်ရည်ဆိုင်မျိုးမှာမဆို အတူရှိဖူး ထိုင်ဖူးတဲ့သူအားလုံးကို အခုသောက်တဲ့ကျစိမ့်တခွက် နောက်ဆုံးတစက် ကျန်တဲ့အထိ ကျနော်ပြန်လွမ်းနေဖြစ်တယ်ဆိုတာ ဒီစာတွေထဲမှာ တခုတ်တရနဲ့ ထည့်ရေးလို့ ပြန်ပြောပြချင်နေမိတယ် ဆိုတာမျိုးပေါ့။
နိုလှိုင်း