မှတ်စုမှတ်တမ်း မောင်မောင်စိုး

မောင်မောင်စိုး ● အဝင်ကြမ်းတဲ့ ၂၀၁၈ နှင့် အခင်းအကျင်းသစ်

မောင်မောင်စိုး ● အဝင်ကြမ်းတဲ့ ၂၀၁၈ နှင့် အခင်းအကျင်းသစ်
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၈

၂၀၁၈ ခုနှစ် ပထမဆုံးလဖြစ်တဲ့ ဇန္နဝါရီလတွင်း၌ နိုင်ငံရေးအရ လှုပ်လှုပ်ခတ်ခတ်ရှိသည့် မြောက်များစွာသောအဖြစ်အပျက် များ အဆက်မပြတ် ဖြစ်ပျက်ခဲ့သည်ကိုတွေ့ရသည်။

၁။ ကျောက်မဲဒေသမှာ တပ်၊ TNLA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးဒုက္ခသည် ထောင်နှင့်ချီပြီး ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးခဲ့သည်ကို တွေ့ခဲ့ရသည်။

၂။ ကချင်ပြည်နယ်မ တနိုင်းဒေသမှာ ထိုးစစ်ဆင်လာသည့် တပ်နှင့် KIA တို့ကြား တိုက်ပွဲများစတင်ဖြစ်ပွားနေသည်ဟု လ ဆန်းပိုင်းမှာ သတင်းများထွက်ပေါ်နေပါသည်။

၃။ NLD အစိုးရအဖွဲ့အတွင်း ရာထူးနုတ်ထွက်သူများရှိခဲ့ပြီး တာဝန်အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့သည့်ဝန်ကြီးအားလည်း ဖယ်ရှားခဲ့သည်။

၎။ ရခိုင်ပြည်နယ် မြောက်ဦးအရေးအခင်းဖြစ်ပွားခဲ့ပြီး အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

၅ ။ ANP ဥက္ကဌမှ နုတ်ထွက်စာတင်ထားသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာတဦးအပြင် စာပေဟောပြောပွဲစီစဉ်များကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု၊ မတရာသင်းအက်ဥပဒေတို့နဲ့ စွဲချက်တင်ဖမ်းဆီးခဲ့သည်။ ထို့ပြင် မြောက်ဦးအရေးအခင်းတွင် ဒဏ်ရာရ၍ စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေသူများအားလည်း ဖမ်းဆီးခဲ့ပါသည်။

၆။ ဒီဇင်ဘာလအတွင်း သေဆုံးခဲ့ရသည့် KNPP နှင့် အရပ်သား စုစုပေါင်း (၄) ဦးနှင့်ပတ်သက်၍ ဆန္ဒပြသူများကို ဖမ်းဆီးမှု ဖြစ်ခဲ့သည်။ သို့သော် ဆန္ဒပြမှုများဆက်တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးထားသူများအား ပြန်လည်စေလွှတ်ပေးခဲ့ပါသည်။

၇။ UNFC မှ မွန်ပြည်သစ်နှင့် လားဟူအဖွဲ့ ၂ ဖွဲ့ NCA လက်မှတ်ထိုးမည်ဟုကြေညာခဲ့ပြီး UNFC အကွဲအပြဲဖြစ်ပြီဟု အများက သုံးသပ်ကြပါသည်။

၈။ အထက်ဗမာပြည် ရတနာပုံတက္ကသိုလ်မှစ၍ ပညာရေးအသုံးစားရိတ်မြှင့်တင်ရေး ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် လှုပ် ရှားမှု ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့သော်လည်း အလျင်အမြန် လူစုခွဲခဲ့သည်။ ကျောင်းသားများအား ဖမ်းဆီးခြင်းမပြု ခဲ့သော် လည်း သပိတ်တွင်ပါဝင်သူ ကျောင်းသားများအား ကျောင်းထုတ်ခဲ့ရာ ကျောင်းသား ၆၀ ခန့် ရှိပြီဖြစ်သည်။ သို့သော်လည်း ကျောင်းထုတ်ခံရမှုကို မကြေလည်ကြ၍ အခြားတက္ကသိုလ်များတွင် ဆက်လက်သပိတ်မှောက်မည့်အခြေအနေကို တွေ့ နေရသည်။

၈။ ရခိုင်အရေး အကြံပေးကော်မတီဝင် ဘီရစ်ချတ်ဆင် နှုတ်ထွက်သွားခဲ့၍ အပြန်အလှန်ရှင်းလင်းနေရမှု ပေါ်ပေါက်မှုများ ပေါ်ပေါက်ခဲ့သည်။

၉။ မြန်မာနှင့် ဘင်္ဂါလားဒေ့ရှ်အစိုးရ နှစ်ခုကြား သဘောတူထားသည့် ဘင်္ဂါလီလက်ခံရေးအစီအစဉ် ဖြစ်ပေါ်မလာဘဲ ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားခဲ့သည်။

၁၀။ ကချင်ပြည်နယ် တနိုင်းဒေသ ထိုးစစ်အတွင် လေကြောင်းမှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အရပ်သားသေ ဆုံး ဒဏ်ရာရမှုများရှိခဲ့ကာ အရပ်သား ၃၀၀၀ ခန့်တိုက်ပွဲတွင်း ပိတ်မိနေသည်ဟု ဆိုပါသည်။ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲဟု ဆိုသည်။

၁၁။ ရသေ့တောင်မြို့နယ်တွင် ဒေါက်တာအေးမောင်တို့အား ရုံးထုတ်စွဲချက်တင်သည့်နေ့တွင် ရဲအင်အား ၁၀၀ ခန့် မြို့ တွင်း ချီတက်အင်အားပြခဲ့မှုအပါ ရဲအင်အား ၂၀၀ ကျော် လုံခြုံရေးချထားခဲ့သည့်ပြင် တရားခွင်သို့ မိသားစုများရော သတင်းသမားများပါ ဝင်ရောက်ခွင့်မပြုခဲ့ဟု ဆိုပါသည်။

၁၂။ မြောက်ဦးအရေးအခင်းကာလက မြောက်ဦးထွေအုပ်မှူးဖြစ်ခဲ့ပြီး ပြဿနာဖြစ်ပွားပြီးနောက် စစ်တွေပြည်နယ်ရုံးသို့ ပြောင်းရွှေ့တာဝန်ယူနေသူ ဓါးဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သည်။

၁၃။ UWSP/UWSA ဝ တပ်ဖွဲ့အတွင်း ခေါင်းဆောင်ပိုင်း အားသစ်များ ထပ်မံဖြည့်စွက်မှုများပြုလုပ်ခဲ့သည်။

၁၄။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော RCSS နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆက်လက်ဆွေးနွေး သွားမည်ဟု ဆိုသည်။

၁၅။ KIO ဥက္ကအဖြစ် ဒူကဘာအင်ဘန်လ ပြောင်းလဲတာဝန်ယူသည်။

၁၆။ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားအဖွဲ့များက အဖွဲ့အားလုံး အမျိုးသားအဆင့်ဆွေးနွေးပွဲလုပ်ပြီးမှ တတိ ယပင်လုံညီလာခံတက်မည်ဟု ကြေညာခဲ့သည်။

၁၇။ KNU-KNLA မှ NCA နှင့်ပတ်သက်၍ အလုပ်မဖြစ်ဟူသည့် ဆုံးဖြတ်ချက်တရပ်ထွက်ပေါ်ခဲ့သည်။

၁၈။ ဇန္နဝါရီလကုန်တွင်ကျင်းပမည့် တတိယအကြိမ်ပင်လုံညီလာခံအား ရွှေ့ဆိုင်းခဲ့ရသည်။

၁၉။ ကိုမင်းကိုနိုင်၏ ငြိမ်းချမ်းရေးသရုပ်ဖော်ပြသမှုအား တပ်မှု ရှုံ့ချမှုဖြစ်ပွား။

၂၀။ NLD တွင်း အရေးပါသူ ဦးဝင်ထိန် နိုင်ငံခြားထွက်သွားပြီး မေးခွန်းများထွက်ပေါ်လာခဲ့။

အထက်ပါနိုင်ငံရေးနှင့်ပတ်သက်သည့် အခြေအနေများစွာသည် ဇန်နဝါရီလအတွင်း၌ ဖြစ်ပွားခဲ့သကဲ့သို့ ထိုပြဿနာများ အပေါ် မတူကွဲလွဲသည့်အမြင်များ ပြင်းထန်စွာပေါ်ထွက်ခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၈ ခုနှစ်ကား အဝင်ကြမ်းသည့် နှစ်တနှစ် ဖြစ်ခဲ့ပြီး ဖြေရှင်းရန်လိုအပ်သည့်၊ သဘောထားကွဲလွဲမှုပြင်းထန်သည့်၊ ပြဿနာများစွာ ဆက်လက်ကြုံတွေ့ရတော့မည့် အခင်းအကျင်းသစ်တခုကို တွေ့နေရသည်ဟု ဆိုရပါမည်။

မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts