သတင်းပဒေသာ

စည်သူလင်း ● ကရင်ဒေသတွင် အဆင့်မြင့်ဆန်စက် ၃ဝ ဆောက်ရန် ကူညီရေးအဖွဲ့တစ်ခု ကမ်းလှမ်း

စည်သူလင်း ● ကရင်ဒေသတွင် အဆင့်မြင့်ဆန်စက် ၃ဝ ဆောက်ရန် ကူညီရေးအဖွဲ့တစ်ခု ကမ်းလှမ်း

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၈


န်နဝါရီ ၂၉ ရက်နေ့က တွေ့ရသော ကော့ကရိတ်မြို့နယ် မြို့မဈေးကြီး (ဓာတ်ပုံ – စည်သူလင်း)

ကရင်ပြည်နယ်အတွင်း အဆင့်မြင့် ဆန်စက် အလုံး ၃ဝ ပေါ်ပေါက်ရေးအတွက် ပြည်ပအဖွဲ့တစ်ခုက ကမ်းလှမ်းမည့် အရင်းအနှီးနှင့် နည်းပညာထောက်ပံ့မှု ရယူနိုင်ရေး ကြိုးပမ်းကြရန် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

အရည်အသွေးမြင့်ဆန်စက်များ ပေါ်ပေါက်ရေး စီမံကိန်းနယ်မြေဖြစ်သည့် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်တို့တွင်ဆန်စက် အများအပြားမှာ အရည်အသွေး အားနည်းချက်ရှိနေသဖြင့်  မွန်ပြည်နယ် သထုံမြို့နယ်အထိ သွားရောက် ကြိတ်ခွဲသူများ ရှိနေသည်ဟု သူက ဆိုသည်။

“သထုံမှာတော့ ဆန်စက်ကောင်းကောင်း ရှိတယ်၊ ကြိတ်ရင် အကျိုး အကြေ နည်းတယ်၊ ဖြူဖွေးနေတယ်၊ ဆန်ပိုထွက်တယ်၊ ဈေးကောင်းပိုရတယ်” ဟု ခရိုင်ဦးစီးမှူးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ တောင်သူအများအပြားနှင့် တွေ့ဆုံစဉ် ခရိုင်ဦးစီးမှူးက မြို့နယ်အတွင်း အရည်အသွေးမြင့် ဆန်စက်များ ပေါ်ပေါက်လာရေး အစီအစဉ်မှ အခွင့်အရေးများကို လက်လွှတ်မခံသင့်ဟု တိုက်တွန်းလိုက်သည်။

“ဒီစက်တွေကိုပဲ လယ်သမားတွေက လာကြိတ်တော့မှာ။ ဝယ်တဲ့သူကလည်းကြိုက်တယ်၊ အကျိုးအကြေတွေ နည်းတယ် ဆိုရင် တမြို့လုံး လာကြိတ်ကြမယ်” ဟု ခရိုင်ဦးစီးမှူးက ပြောသည်။

ဆန်စက်ပေါ်ပေါက်ရေးအတွက် စိုက်ထုတ်ရမည့် အရင်းအနှီး လိုအပ်ပါက  ကူညီနိုင်မည့်ဌာနများနှင့် ချိတ်ဆက်ပေးလိုသည်ဟု သူက ဆက်ပြောသည်။

ဆန်စက် ထူထောင်ရန် စိတ်အားထက်သန်နေသူများထဲတွင်  ကော့ကရိတ်မြို့နယ်၊ ကမ္မရန်ကျေးရွာမှ ဒေါ်ရွှေပြည်တော်လည်း ပါဝင်သည်။

“သားသမီး ၇ ယောက် ရှိတယ်၊ သူတို့ ကူညီကြ ဝိုင်းလုပ်ကြလိမ့်မယ်၊ ပတ်ဝန်းကျင်မှာ တူလေးတွေလည်း ရှိသေးတယ်၊ ရင်းနှီးငွေလည်း နည်းနည်း ရှိတယ်၊ ဆန်စက်လုပ်ငန်း အတွေ့အကြုံတော့ မရှိဘူး” ဟု ဒေါ်ရွှေပြည်တော်က ပြောသည်။

ထိုရွာမှ အမျိုးသမီးတစ်ဦးကလည်း မြေနေရာနှင့် ရင်းနှီးငွေ အသင့်အတင့် ရှိသဖြင့် ဆန်စက်တည်လိုကြောင်း၊ ရွာရှိ ဆန်စက်မှ ထွက်လာသည့် ဆန်မှာ အရည်အသွေး အားနည်းကြောင်း ပြောသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ MEDA က စီမံကိန်းနယ်မြေဖြစ်သော ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်တို့တွင် အဓိကစိုက်ပျိုးသည့် သီးနှံမှာ စပါးဖြစ်ကြောင်း တွေ့ရှိရသဖြင့် တစ်မြို့နယ်လျှင် အရည်အသွေးမြင့်ဆန်စက် ၁ဝ လုံးကျစီ ပေါ်ပေါက်လာရန်  စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

ဆန်စက်တပ်ဆင်ရေး ကုန်ကျစရိတ်၏ သုံးပုံနှစ်ပုံ ကူညီထောက်ပံ့မည်ဖြစ်ပြီး စိတ်ဝင်စားသော ဒေသခံတို့သည် ဖေဖော်ဝါရီ  ၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာတင်ရန် ထိုအဖွဲ့က ကြေညာထားသည်။

ရွေးချယ်ခံရသူသည်  ကြိတ်ခွဲမှုမှတ်တမ်းတချို့ကို ကူညီရေးအဖွဲ့သို့ တင်ပြရန်၊ ဒေသခံတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပြီး စက်ပစ္စည်းတပ်ဆင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းတို့ကို တက်ရောက်ရန်လည်း ကြိုတင် ကတိပြုရမည်ဟု သိရသည်။

ရွေးချယ်ခံရသူတို့အတွက် ဆန်စက်တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများကို လအနည်းငယ်အတွင်း စတင်နိုင်မည်ဟု MEDA က ခန့်မှန်းထားသည်။

ဤအတောအတွင်း ၁ဝ တန်မှ တန် ၄ဝ ကျ ဆန်စက်များအတွက်  စက်ပစ္စည်း ဝယ်ယူရန် အဖွဲ့က တင်ဒါ ခေါ်ယူထားကြောင်း တွေ့ရသည်။

MEDA အဖွဲ့သည် ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသမီးများအတွက် စိုက်ပျိုးရေးဈေးကွက်ဆိုင်ရာ အခွင့်အလမ်း ရရှိရေး စီမံကိန်း အပါအဝင်  စီမံကိန်းအများအပြားကို အကောင်အထည်ဖော်လျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts