ဗိုလ်သူရိန် ● သင်္ဘောသားဘဝ သင်္ဘောသားအကြောင်း

ဗိုလ်သူရိန် ● သင်္ဘောသားဘဝ သင်္ဘောသားအကြောင်း

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈

ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုမှာ ရေကြောင်းပို့ဆောင်ရေးက အဓိကအခန်းကဏ္ဌက ပါဝင်ပါတယ်။ လူအဖွဲ့အစည်းတွေမှာ သုံး မျှပစ္စည်းတွေကို သင်္ဘောကြီးတွေကနေ သယ်ယူပို့ဆောင်ပေးတဲ့အတွက် ကမ္ဘာ့စီးပွားရေးလမ်းကြောင်းကို တထောင့် တနေရာက နေကူညီပေးနေသူတွေက ကျွန်တော်တို့သင်္ဘောသားတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝဖြတ်သန်းမှုက အခြားသော လူ့အဖွဲ့အစည်းဘဝတွေနဲ့မတူပါဘူး။ မိသားစု မိတ်ဆွေ အပေါင်းအသင်းများနဲ့ အတူရှိနေခွင့် အချိန်တွေကို စတေးပြီး အကြမ်းတမ်းဆုံးပယ်လယ်အရမ်းကားဆုံး ရာသီဥတုတွေကို ရင်ဆိုင်ပြီး သမုဒ္ဒရာအလယ်မှာ ရွက်လွှင့်နေကြရ သူတွေပါ။ ဒီကြားထဲ ပင်လယ်ဓါးမြအန္တရာယ်ကိုရင်ဆိုင်နိုင်ရသလို စစ်မတ်ဖြစ်ပွားတဲ့ ရေပြင်နယ်နမိတ်တွေမှာ အသက်ကို စတေး သွားလာဖြတ်သန်း ကုန်သွယ်နေရပါတယ်။ ကမ္ဘာပတ်နေရသူတွေဖြစ်တော့ ရောက်တဲ့နိုင်ငံရဲ့ဥပဒေတွေကို အမြဲမပျက်လေ့လာ လိုက်နာသွားနေရပြီး နေ့တဓူဝ သင်္ဘောကြီးပေါ်မှာစက်ပစ္စည်း ယန္တရားတွေနဲ့ အဆင်ပြေပြေလည် ပတ်နိုင်ဖို့ ဘဝတွေကို မြုပ်နှံထားရပါတယ်။

Human Right လူ့အခွင့်အရေးများစွာ ဆုံးရှုံးတဲ့ သင်္ဘောသားဘဝ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။မြန်မာ့ ရေကြောင်းပို့ဆောင်ရေးဌာနမှာ မှတ်ပုံတင်ထားသောသင်္ဘေားဦးရေက ရှေးယ ခင်  CDC (Continuous Certificate of Discharge ) နံပါတ်ထွက်ရှိ ပြီးသား စာရင်းအပါအဝင်၂၀၁၆ မတ်လအထိ စုစုပေါင်း ၁၀၂၁၇၁ ကျော်ရှိပါတယ်။ နောက်ပိုင်း SIRB (Seafarer’s Identification and Record Book) သင်္ဘောသားလုပ်သက်မှတ်တမ်းစာအုပ်အသစ် လဲလှယ်ကိုင်ဆောင်သူကတော့ ခြောင်သောင်းကျော်ရှိပါတယ်။ ရေကြောင်းပို့ဆောင်ရေး သင်္ဘော သားဌာနခွဲ မှတ်တမ်းအရ လစဉ် သင်္ဘောသား ၂၅၀၀ မှ ၂၈၀၀ကြားနိုင်ငံခြားတိုင်းပြည်များရှိ သင်္ဘောများပေါ်တွင် တာဝန် ထမ်းဆောင်ရန် ထွက်ခွာနေကြပြီးသင်္ဘောသားဦးရေ ၂၃၀၀၀ ကျော်သာအမှန်တကယ် သင်္ဘောများပေါ်တွင် တာဝန်ထမ်း ဆောင်နေကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကျန်သူများကတော့ ကွယ်လွန်သွားကြသူတွေ၊သင်္ဘောဆက်မလိုက်တဲ့သူတွေရှိသလို၊သင်္ဘောသားစာအုပ် လက်မှတ်တွေ အစုံရပြီးခါမှ အခြားအလုပ်များကိုသာ လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

သင်္ဘေသားတယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။ ယခင်ကတော့ ရေးကြောင်းသိပ္ပံ၊ ရေကြောင်းတက္ကသိုလ်၊ LCD ပြည်တွင်း ရေကြောင်း တနှစ်စီးပြီးသူ၊ ကုမ္ပဏီတခုကနေ Appoiment  ရသူ၊ မြန်မာ့ရေနံ၊ ပုလဲနှင့်ငါးမှ ရေကြောင်းလုပ်သက်ရှိများ၊ NAVY ရေတပ်သားများနှင့် အင်္ဂလိပ်စာ Best စာမေးပွဲအောင်မြင်သူတို့က  သင်္ဘောသားသင်တန်းတွေတက်၊ သင်္ဘောသားလုပ်သက်စာအုပ်လျှောက်၊နိုင်ငံကူး လက်မှတ် (Passport) လျှောက်ပြီး  ပြည်ပသင်္ဘောတွေကို လိုက်လို့ရပါတယ်။ (လက် လှမ်းမှီသ၍ တင်ပြခြင်းပါ။ ကျန်ကောင်းကျန်နိုင်ပါသေးတယ်။) ယခုအခါမှာတော့ သင်တန်းလေးတွေ လိုက်တက်ပြီးတာနဲ့ လိုင်းကြေးပေးနိုင်ရင် သင်္ဘောသားဖြစ်နေကြပါပြီ။

ကျွန်တော်ဆို ကုမ္ပဏီတခုမှ Appoiment ကို ၂၀၀၂ ခုနှစ်မှာ ၃၅၀၀၀၀ ပေးပြီး ဝယ်ရတယ်။ ဒါတောင် ကုမ္ပဏီပိုင်ရှင်ရဲ့ ဆောက်လက်စအိမ်မှာ အစောင့်လိုလို အလုပ်သမားကြီးကြပ်လိုလို ဝိုင်းကူလုပ်ပေးရင်း တန်းစီစောင့်ရသေးပါတယ်။ သင် တန်းတွေတက်ပြီး နိုင်ငံကူးလက်မှတ် (Paasport) သင်္ဘောသားစာအုပ် CDC တွေရပေမယ့်လည်း သင်္ဘော တန်းတက်လို့ ရပြီ မထင်ပါနဲ့။ နိုင်ငံခြားတိုင်းပြည် သင်္ဘောများပေါ်တာဝန်ထမ်းဆောင်ရန် သင်္ဘောသားစေလွှတ်ဆောင်ရွက်ခွင့်ရသော SRPS (Seafarer   Recruitment and Placement Services) လိုင်စင်ရ သင်္ဘောကုမ္ပဏီများမှတဆင့် ထွက်ခွာကြရပါ တယ်။ ရေကြောင်းပို့ဆောင်ရေးဌာနက ခွင့်ပြုထားသော SRPS ကုမ္ပဏီ ၁၇၀ ကျော် ရှိပါတယ်။ သင်္ဘောသားတွေ သင်္ဘော ပေါ်ရောက်ဖို့ ငွေကြေးတောင်းခံခြင်းရှိပါက ရေကြောင်းပို့ဆောင်ရေး သင်္ဘောသားဌာနခွဲကို တိုင်ကြားတိုင်ပါသည် ဆိုသော် ငြားလည်း Free  အခမဲ့လိုက်ရတဲ့ ကုမ္ပဏီက ၂၀ မပြည့်ပါဘူး။ သင်္ဘောသား အခုမှဖြစ်တဲ့အသစ်ဆို မချောင်ဘူးသာမှတ်ပါ။ သိန်း ၃၀ အထက် ဝန်ဆောင်ခပေးဆောင်ပြီးမှသာ နိုင်ငံခြားသင်္ဘောပေါ်ရောက်ပါတယ်။ ယခင်ကထက်စာရင် သင်္ဘောသား အသစ် လခများက အမေရိကန်ဒေါ်လာ ၄၀၀ အထက် ရနေကြလို့ တခေါက်စာနဲ့ အရင်းကြေကြတော့ (ငွေတိုးနှင့်တက် ရသူများမပါ) မြန်မာနိုင်ငံက လူငယ်တော်တော်များများ သင်္ဘောသားဖြစ်ချင်ကြတာ မဆန်းပါဘူး။ ဆေးအမှတ်မှီလို့ ဒေါက် တာဘွဲ့မယူဘဲ ရေကြောင်းတက္ကသိုလ်တက်နေကြတာကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နယ်စပ်ဒေသများက တိုင်းရင်းသားအတော်များများ၊ ကျေးလက်နေတောင်သူများအထိ သင်္ဘောသားအဖြစ် တွေ့နေရပါပြီ။ သင်္ဘောသားလောကမှာကြားဖူးတဲ့ ဖြစ်ရပ်မှန် ကျေးလက်တောင်သူဦးကြီးတယောက်ရဲ့သား သင်္ဘောသား ဖြစ်လာပုံလေးကို ဒီနေရာမှာ အလျဉ်းသင့်လို့ ရေးပြချင်တယ်။ (ကျေးလက်ဒေသများကို နှိမ့်ချခြင်းမဟုတ်ပါကြောင်း ကြို တင် အသိပေးပါရစေ။)

အညာကျေးလက်တောင်သူကြီးတဦးရဲ့သားက ဆယ်တန်းအောင်လို့ အဝေးသင်ဆက်တက်ပြီး ဘွဲ့ရတဲ့အခါ အဖေဖြစ်သူက ခပ်ရိုးရိုးပဲ သားဖြစ်သူကို အိမ်ထောင်ပြု၊ အိမ်ဝိုင်းတဝိုင်း၊ ယာခင်းပေး၊ နွားတရှဉ်းနဲ့ သူတို့တုန်းကလို ရွာမှာပဲ လုပ်ကိုင် စားသောက်ဖို့ စီစဉ်တယ်။ အဲ သားဖြစ်သူက ဖြစ်ချင်တာက ဒီလိုမဟုတ်။ သူဖြစ်ချင်တာက နိုင်ငံခြားသင်္ဘောသား။ အဖေ ဖြစ်သူက သင်္ဘောသားမပြောနဲ့ သင်္ဘောတောင် အပြင်မှာကောင်းကောင်းမြင်ဖူးတာ မဟုတ်ဘူး။ သားဖြစ်သူကလည်း မြို့ ကို ကျောင်းသွားတက်၊ အပေါင်းအသင်းစုံ လေ့လာပါများတော့ ကမ္ဘာပတ်ရတဲ့သင်္ဘောသားမှ သင်္ဘောသားလုပ်မယ်တကဲကဲ ဖြစ်နေတယ်။ ဒါနဲ့ အမေလုပ်သူကမနေနိုင်လို့ သူ့နားကပ်လေးရောင်းချပေးလိုက်ပြီး သားဖြစ်သူကို ရန်ကုန်သို့လွှတ်လိုက်ပါ တယ်။ အဖေဖြစ်သူက သူ့စကားနားမထောင်လို့ ဘာမှကိုမပေးလိုက်ဘူး။ သားဖြစ်သူကလည်း ရန်ကုန်ရောက်တော့ ဘုန်း ကြီးကျောင်းတကျောင်းတည်းပြီး သင်္ဘောသားဖြစ်ချင်လို့ စုံစမ်းတော့တာပါပဲ။ စောစောက ကျွန်တော်အပေါ်မှာရေးပြသလို သင်္ဘောသားဖြစ်အောင်လုပ်နည်းတွေက သူနဲ့ဆိုမလွယ်။ အခု သူက ငွေကလည်းမဖြစ်စလောက်၊ အဆက်သွယ်ကလည်း မရှိတော့ ယောင်လည်လည်နဲ့ပဲ သင်္ဘောသားများစုဝေးရာ SECD ဒေါပုံသင်္ဘောကျင်းကို ရောက်လာခဲ့ပါတယ်။ မသိနား မလည်သူတဦးကို ဟိုပွဲစားကလိမ်၊ ဒီပွဲစားကလိမ်နဲ့ ပါတဲ့ငွေလေးကုန်ပါရောလား။ နောက်ဆုံး သဘောကောင်းတဲ့ ပွဲစား တယောက်ကအကြံပေးလိုက်တယ်။ မင်းက ငွေလည်းမရှိတော့ဘူး သင်္ဘောသားကလည်းဖြစ်ချင်ဆိုတော့ ကမ်းရိုးတန်း သင်္ဘော LCD တခုမှာ တနှစ်လောက် လုပ်သက်သွားစီးဖို့ပြောတယ်။ ဒါကလည်း ငွေ အတော်များများပေးရတယ်လို့ကြား တယ်။ ဒါပေမယ့်  ပွဲစားက သူ့အသိ ကမ်းရိုးတန်းသင်္ဘောကပ္ပတိန်တယောက်ဆီ လွှတ်လိုက်တယ်။

နောက်တစ်နေ့ကြတော့ အဲဒိ ကပ္ပတိန်ရှိတဲ့ ယုဇန ဆီအုန်းတွေ သယ်လာတဲ့သင်္ဘောကို ရောက်သွားပါရော။ ဟိုရောက်တော့ ကပ္ပတိန် အပြင်ထွက်သွားတယ်ဆိုလို့ သင်္ဘောဆိပ်အပေါက်ဝက ကဖီးဆိုင်မှာထိုင်စောင့်နေလိုက်တယ်။ ခဏတော့ အိတ် တွေဆွဲပြီးပြန်လာတဲ့တယောက်ကို လက်ဖက်ဆိုင်ထဲကလူတယောက်က မင်းစောင့်နေတဲ့သူကြီး Captain က သူပဲလို့ လှမ်းပြောပေးတယ်။ ဟိုကျေးဇူးရှင်ကလည်း ကပ္ပတိန်ကြီးကိုတွေ့တာနဲ့ လမ်းပေါ်တင် ထိုင်ကန်တော့ပစ်လိုက်တော့ ဟိုက ကြောင်အမ်းအမ်းဖြစ်နေတာပေါ့။ ဘာဖြစ်လို့ ငါ့လာကန်တော့နေတာလည်း ကပ္ပတိန်ကြီးကမေးတော့ သင်္ဘောသား ဖြစ်ချင် လို့ပါ ပြောလိုက်တယ်။ လူတွေကလည်း ဝိုင်းကြည့်နေတော့ သူ့ကို သင်္ဘောပေါ်ခေါ်သွားတယ်။ အကြောင်းစုံကို သိတော့ မင်းဒီလောက်ဖြစ်ချင်ရင် ကွမ်းသီးအိတ်တွေ အရင်ထမ်းဆိုပြီး စခိုင်းတော့တာပါပဲ။ ဒါနဲ့ တိုတိုပြောရရင် အညာသားလေး တနှစ်လောက်အကြာမှာ သင်္ဘောသားဖြစ်ပေါ့။ သင်တန်းစားရိတ်တွေမရှိလို့ အိမ်လှမ်းမှာတော့ သူ့အဖေက တားမရမှန်းသိ လို့ ယာလေးရောင်းပြီး ငွေပို့ပေးတယ်။

သင်တန်းတွေပြီး သင်္ဘောသားစာအုပ်တွေရပြီးပြန်တော့လည်း သိတဲ့အတိုင်း နိုင်ငံခြားသင်္ဘောပေါ်က မရောက်သေးဘူး။ ခေါ်သမျှ ကုမ္ပဏီက အင်တာဗျူးဝင်ဖြေ တခါမှမပါဘူး။ ဘယ်ပါမလဲ လူသစ်တွေအတွက် ဟိုက လက်ခြင်းရိုက်ထားပြီး သားတွေကို သူမသိ။ နောက်ဆုံး သူ့ဆရာ အကြံပေးပွဲစားဆီရောက်သွားပါတယ်။ ပွဲစားက ရေကြောင်းပို့ဆောင်းရေးဌာနရဲ့ သင်္ဘေသား စေလွှတ်ခွင့်ရ ဂျာမနီစတဲ့ ဥရောပလိုင်းတွေ အများကြီးရှိတဲ့ ကုမ္ပဏီကြီးတခုကိုလွှတ်လိုက်တယ်။ ဒီတခါလည်း ကျေးဇူးရှင်က အင်္ကျီဖြူ လည်ကတုံး ယောပုဆိုးနဲ့ ကုမ္ပဏီပိုင်ရှင်ကို တိုက်ရိုက်ဝင်တွေ့ပါရော။ ပိုင်ရှင်က ဘာကိစ္စလည်း မေးတော့ သင်္ဘောတက်ချင်လို့ပါ။ service ရှိလားမေးတော့ ကမ်းရိုးတန်း တနှစ်စီးဖူးပါတယ်။ ဒါဆို ငါတို့ကုမ္ပဏီက SECD ဒေါပုံမှာ အရင်အင်တာဗျူးဝင်ဖြေပါ ပြောလိုက်တယ်။ ဒါပေမယ့် ကျေးဇူးရှင်က ဘယ်ပြန်မလဲ။ ပိုင်ရှင်ကို ချက်ခြင်း မျက်လွှာ လေးချ အကူအညီတောင်းလိုက်တယ်။ ဆရာရယ် ကျွန်တော် အင်တာဗျူး ခဏခဏ ဝင်ဖြေပါတယ်။ ဒါပေမယ့် ဆန်ပြုတ် ချည်း သောက်ပြန်လာခဲ့ရတယ်။ ပိုင်ရှင်က သူ့စကားကြားတော့ မျက်လုံးပြူးသွားတယ်။ အင်တာဗျူးလာဖြေသူတွေကို ဆန်ပြုတ်တိုက်တယ် မကြားဘူးပါဘူး မင်းကြမှ။ ဒီလိုပါဆရာ အဆိုတော်ကြီး ဟင်္သာတထွန်းရင်ရဲ့ ချက်ကြီး ဝိုင်းစိန် သီချင်း ထဲကလို ဆန်ပြုတ်သောက်ပြီး ဆုတ်ပြန်ခဲ့တာများပြီလို့ ပြောတာပါဆရာ။ ပိုင်ရှင်ဖြစ်သူကလည်း ဒီကောင် ပြန်လွှတ် လိုက်လည်း နောက်တခါပြန်လာရင် ပြန်လာနေဦးမှာဆိုပြီး အေး ရှေ့ကအခန်းမှာ ဖောင်တင်ခဲ့။ သင်္ဘောမတက်ရခင် ရုံးမှာ ဝိုင်းလုပ်ကူပေါ့ကွာဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီကစပြီး သင်္ဘောစလိုက်လာတာ အခုဆို သင်္ဘော ဒုတိယအရာရှိ Second officer တောင် ဖြစ်နေပါပြီ။ ဒါပေမယ့် သူလိုလူ မရှိဘူးမပြောပါနဲ့ ရှားတော့ ရှားတယ်ပေါ့။
တချို့ကြတော့လည်း မြန်မာပြည်ထဲမှာကို အလိမ်ခံလိုက်ရသူတွေရှိသလို ပြောတဲ့လခမဟုတ်၊ ကုန်တန်ချိန်မမှန်၊ ပြန်လာလို့ လည်းမဖြစ်တဲ့ နိုင်ငံခြားသင်္ဘောပေါ်ရောက်တဲ့အထိ အလိမ်ခံရသူတွေလည်း ရှိပါတယ်။ ယခုအခါ လွတ်လပ်သော မြန်မာ နိုင်ငံ ပင်လယ်ပျော်များအဖွဲ့ချုပ် IFOMS (IndependentFederation of Myanmar Seafarers) တို့လို နိုင်ငံတကာသင်္ဘော သားများအဖွဲ့အစည်း  ITF  နဲ့ ချိတ်ဆက်ပြီး သင်္ဘောသားအကူအညီပေးအဖွဲ့တွေပေါ်လာတာက အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။ အလုပ်ချိန် ၈ နာရီကျော်ခိုင်းတာတွေ၊ safty မဖြစ် အန္တရာယ်များတဲ့အလုပ်များ မတရားခိုင်းတာတွေ၊ လ စာ မမှန်တာ မပေးတာတွေ ထိခိုက်ဒဏ်ရာ နစ်နာကြေးတွေ အသက်လျော်ကြေးစတဲ့ပြဿနာတွေကို သက်ဆိုင်ရာနိုင်ငံ အ လိုက် သင်္ဘောသားအကာအကွယ်ပေးရေး အဖွဲ့အစည်းတွေကို email  phone နံပါတ်တွေ ဆက်သွယ်လိုက်တာနဲ့ ရောက် တဲ့နေရာကို လာရောက်ဖြေရှင်းပေးကြတာကြောင့်  သင်္ဘောသားအခွင့်အရေးကို မြန်မာသင်္ဘောသားတွေ ခံစားလာရလို့ ဝမ်းကြည့်နူးဖြစ်မိပါတယ်။

အနှီသင်္ဘောသားတွေက အရှေ့ရပ်ဝန်းပယ်လယ်သမုဒ္ဒရာထဲက နေထွက်လာပြီး အနောင်မိုးကုတ်စက်ဝိုင်း ရေပြင်ထဲသို့ နေပြန်ဝင်သွားကြတာကို မြင်နေကြရတဲ့သူ၊ ကျန်းမာရေး တစုံတရာဖြစ်ဖြစ်၊ အရေးပေါ် ထိခိုက်ရှနာတွေဖြစ်ဖြစ်၊ ဆရာဝန်မရှိ ဆေးခန်းနတ္ထိ။ အနီးစပ်ဆုံး ဆိပ်ကမ်း မရောက်မခြင်း အဆင်ပြေသလို သင်္ဘောပေါ်ကဆေးလေးတွေနဲ့ ထိမ်းနေရသူ၊ တစ်လအတွင်းမှာပဲ ဒီနိုင်ငံက ဆောင်းရာသီဆိုပေမယ့် နောက်နိုင်ငံရောင်ရင် ချွေးတပြိုက်ပြိုက်ကျတဲ့ နွေရာသီဥတုဒဏ်  အခံရဆုံးသူ၊ ပင်လယ်ဓါးမြနဲ့တွေ့လို့ အိမ်ပြန်ချိန် မသေချာ မရေရာတဲ့သူ၊ မိသားစုအတွက် အသက်စွန့်ပြီး ငွေရှာကြရတဲ့သူ၊ တချို့နိုင်ငံတွေက ပြောကြတဲ့သင်္ဘောဆိုတာ သနားစရာသတ္တဝါလေးတွေပါလားဆိုတဲ့ သူတို့အကြောင်း တစေ့တ့စောင်း သင်္ဘောသားဘဝ သဘောင်္သားအကြောင်းတွေကို  ဆက်လက်ရေးသားပါဦးမည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ဗိုလ်သူရိန်
၁၈၊ ၁၁၊ ၂၀၁၇