ကဗျာ ကိုအောင်မှိုင်း

ကိုအောင်မှိုင်း – မင်း၏ – သစ္စ – ဘာသန

ကိုအောင်မှိုင်း – မင်း၏ – သစ္စ – ဘာသန
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၈

ငါဆိုတာ
ကောင်းကင်မှာမွေးဖွါး
ဘုရားသခင်က ကောင်းချီးပေးခဲ့တယ်ဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
တုနိုင်းစရာမရှိ
အတုမဲ့ မွေးဖွါးလာတယ်ဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
မင်းတို့ထင်နေသလို
မင်းတို့မြင်နေသလို
အကုန်သိ အကုန်တတ်ဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
ဒဿနများစွာကို ဖန်တီးနိုင်စွမ်းရှိတဲ့
သူတော်စင်လိုလို ဘာလိုလိုဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
အကုန်စွန့်လွှတ်
အကုန်စွန့်စား
လူအများအတွက်ဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
ဦးဏှောက်နဲ့အလုပ်လုပ်နေတယ်
နှလုံးသားတွေ
ဘာညာသာသကာဆိုတာတွေက
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
ခေတ်အလိုက်အရောင်ပြောင်းတယ်
ရက်အလိုက်အရောင်ပြောင်းတယ်
တော်ကြာနီလိုက် တော်ကြာဝါလိုက်
နီလိုက် ၀ါလိုက်ဆိုတာတွေက
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
ဂတိတွေနဲ့ အလှူဒါနပြုတယ်
ဂတိကြိုက်သူတွေအတွက်
ဂတိခိုက်သူတွေအတွက်
ဂတိအတိုင်းလုပ်မယ်ဆိုတာ
လိမ်တာ တကယ်မဟုတ်ဘူး။

ငါဆိုတာ
လိမ်တာကိုလိမ်မှန်းမသိအောင်
ညာတာကိုညာမှန်းမသိအောင်
ပိပိရိရိ လိမ်တတ်တာကတော့
လိမ်တာမဟုတ်ဘူး အမှန်။

ကိုအောင်မှိုင်း ( ၁၆ရက် ဇန္န၀ါရီလ ၂၀၁၈ခုနှစ် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts