ကဗျာ ရသဆောင်းပါးစုံ အမေရိက

မင်းငြိမ်းအေး- ရာဟု

KT#
ရာဟု
မင်းငြိမ်းအေး
(မိုးမခ) ဇန်နဝါရီ ၂၇၊၂၀၁၈

ရာဟုရေ
မြန်မာ့ပညာရေးစနစ်ဟောင်းကို
လငပုတ်ဖမ်းမယ့်
မင်းရဲ့နက္ခတ်ကို
ဒီည၊ ငါကြည့်ဖြစ်တယ် ။

သိန်းဖေမြင့်ရဲ့
သပိတ်မှောက်ကျောင်းသားဝတ္တုအဆက်ကို
မင်းဆက်ရေးနေမယ်ဆိုတာ
ငါ့၊ ယုံကြည်မှုပဲ
မလွတ်လပ်တဲ့ကောင်းကင်ဟာ
အနင်းခံမြေသားနဲ့မခြားဘူး
မင်းရဲ့ကြယ်နီကိုချိတ်ဆွဲဖို့
လောကအသစ်နဲ့ကောင်းကင်ကို
အမှောင်ကိုမီးညှိပြီးဆက်ရှာပါ ။

စစ်ခွေးဆိုတာ၊ တောအနံ့ပဲသိတယ်
မြို့ပြရဲ့ရင်ငွေ့မှာ
မင်း၊မီးဖိုပါ
သွေးစေးအလိမ်းလိမ်းနဲ့
အနာဖေးတွေကိုခွာပါ
ဒီရာသီရဲ့အသင့်တော်ဆုံးကုထုံးဟာ
အသံဖြစ်ပြီး
ပေးရမဲ့ဆေးဟာ
ဒေါင်းအလံကိုပြန်လွှင့်ဖို့ပဲ ။

မျက်လှည့်ဆရာရဲ့ပဝါအောက်မှာ
အရာရာဟာလိမ်လည်မှု
ဒီလိုပဲ
စစ်တစ်ပိုင်းအစိုးရရဲ့လွှတ်တော်ဆိုတာ
ဘင်ထု၊ လူစုပြီး
ဒီမိုကရေစီပညာရေးစနစ်သစ်ကို
ပဝါနဲ့အုပ်လိုက်တာပဲ
ရဲဘော်တို့လာစုရုန်းလေ
အဆုံးသတ်တိုက်ပွဲနွှဲဆင်မလေ
မင်းချစ်တဲ့၊ အင်တာနေရှင်နယ်သီချင်းကို
လမ်းရဲ့သွေးကြောထဲကိုထိုးသွင်းလိုက်
မြွေတကောင်လို
မင်းရဲ့အဆိပ်ဟာ
ကျောင်းသားထုရဲ့သွေးပြန်ကြောကနေ
နှလုံးသွေးထိ
တပ်ဦးအလံကို
အလဲမခံဖို့
အသက်နဲ့ရင်းရတဲ့အိပ်မက်ကို
မင်း၊ ပေးလိုက်ပါ ။

မာကိုနီရဲ့အိပ်မက်မှာ
လင်းနို့တကောင်ပဲရှိတယ်
ကျန်တာ၊ မင်းတွေးယူတော့
ရာဟု ။

မင်းငြိမ်းအေး
ဇန်နဝါရီ ၂၀၊ ၂၀၁၆



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts