ရသဆောင်းပါးစုံ

ကျော်နိုင် ● အတုခိုး မမှားကြစေလို

ကျော်နိုင် ● အတုခိုး မမှားကြစေလို

(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၁၈

ကျွန်တော်တို့ဆယ်ကျော်သက်အရွယ် ၁၉၈၀ နှစ်များက မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြားစတင်ထုတ်လွင့်ခြင်းနှင့်အတူ television နှင့် video player များ စတင်ခေတ်စားလာသည်။ ထိုစဉ်က television ကို အပေါ်စက်၊ video player ကို အောက်စက်ဟု ခေါ်ကြသည်။ Video player များပေါ်လာသည်နှင့်အညီ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများကို အလွယ်တကူ ကြည့်လာနိုင်ကြသည်။ ထိုအခါ အဆိုပါရုပ်ရှင်ဇာတ်ကားများထဲမှ သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်ပုံနှင့် လူနေမှုစရိုက် တို့ကို ကျွန်တော်တို့ အတုခိုးမှားမည်စိုးသဖြင့် မိဘများက သတိပေးဆုံးမခဲ့ကြသည်။

ယနေ့ခေတ်တွင်လည်း ရုပ်မြင်သံကြားဖြေဖျော်ရေးတွင် ကိုရီးယားဇာတ်လမ်းတွဲများက လွှမ်းမိုးထားသည်။ ကိုရီးယားမင်း သား၊ မင်းသမီးတို့၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူတို့သည် လူငယ်များကို များစွာလွှမ်းမိုးမှုရှိသည်။

စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့်အနုပညာအားလုံးသည် ပရိတ်သတ်ကို လွှမ်းမိုးမှုရှိသည်သာဖြစ်သည်။ ပရိတ်သတ်အနေဖြင့် အဆိုပါအနုပညာများ၏ အနှစ်သာရကို ရယူနိုင်ကြဘို့လိုသည်။ အတုယူမိကြဘို့လိုပါသည်။ သို့သော် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက်တော့ အနှစ်သာရထက် အပေါ်ယံအသွင်အပြင်ဖြစ်သော အနုပညာရှင်များ၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူ အနေအထိုင်တို့ကိုသာ အတုခိုးမိနိုင်သည်။ ငယ်ရွယ်သူများမို့ ထိုကဲ့သို့ အပေါ်ယံရုပ်အဆင်းများကိုသာ အားကျ၊ အတုယူမိကြသည်မှာ အပြစ်ဟူ၍တော့မဆိုသာ။

ကျွန်တော်တို့မိဘများ ဆယ်ကျော်သက်အရွယ်ကလည်း သူတို့ခေတ်က အနုပညာသည်များ၏ ဝတ်စားဆင်ယင်ပုံ (ဝါ) ပြင်ပရုပ်ဝတ္ထုပုံစံကို အတုခိုးခဲ့ကြသည်။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ကလည်း ကျွန်တော်တို့ခေတ်က အနုပညာ သမားတို့၏ ဝတ်စားဆင်ယင်ပုံ၊ တနည်းအားဖြင့် ပြင်ပရုပ်ဆင်းသွင်ပြင်ကို အတုခိုးခဲ့ကြသည်။ ထို့အတွက် အထူးအထွေ အပြစ်ဆိုဖွယ်မရှိဟုထင်ပါသည်။

သို့သော် ပိုင်းခြားဝေဖန်တတ်သော အသက်အရွယ်ဖြစ်သည့် အသက် ၃၀ ဝန်းကျင်ခန့်အရွယ်တွင်မူ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာများက ပေးလိုသည့် message များ၊ ယူရမည့်သင်္ခန်းစာများ၊ အနုပညာသမားတို့ ဖြတ်သန်း၊ လျှောက်လှမ်းခဲ့ရသော ဘဝခရီးအတွေ့အကြုံများကို လေ့လာရယူရမည့်အစား အနုပညာရှင်များ၏ ဝတ်စားဆင်ယင်ပုံကိုသာ အတုယူနေကြပါမူ ထိုသူတို့သည် အသက်အရွယ်နှင့်ညီမျှသော စိတ်ဖွံ့ဖြိုးမှုမရှိကြသူများဟု သတ်မှတ်ရပေမည်။ ထို့အတွက် သူတို့ကို ဝေဖန် ပြစ်တင်မည်ဆိုပါကလည်း ဝေဖန်ပြစ်တင်ထိုက်ပေသည်။

လုံးဝတည်ငြိမ်ရင့်ကျက်ရမည့်အရွယ်ဖြစ်သည့် အသက် ၅၀ ခန့်အရွယ်တွင် အနုပညာဖြေဖျော်မှုတွင်သာမဟုတ်ဘဲ မိမိလေ့ လာ တွေ့ကြုံရသည့်အရာရာတိုင်းမှ အနှစ်သာရ သဘောထားတို့ကို လေ့လာအတုမယူနိုင်ဘဲ အပေါ်ယံကြောမျှကိုသာ အတုခိုးနေပါလျှင်မူ အကြင်သူသည် ဆယ်ကျော်သက်တို့၏ စိတ်အနေအထားသာရှိသည်ဟု မှတ်ယူရပေမည်။ တနည်းအား ဖြင့် အသက်အရွယ်ကြီးရင့်သော်လည်း စိတ်ဓါတ်နုနယ်နေသောသူများဟု သတ်မှတ်ရပေလိမ့်မည်။

အတိုင်ပင်ခံပုဂ္ဂိုလ်က သူ၏စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံကို အနှစ် ၂၀ တွင် ကျော်တက်နိုင်အောင်ကြိုးစားမည်ဟု ပြောကြားခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်နောက်ပိုင်းတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တော်တော်များများ စင်္ကာပူသို့ လေ့လာရေးခရီးစဉ်သွားကြသည်။ စင်္ကာပူရှိ မြန်မာအသိုင်းအဝိုင်းမှလည်း အချိန်နှင့် ငွေတို့စိုက်ထုတ်၍ လက်လှမ်းမီသမျှ သော လေ့လာရေးအဖွဲ့တို့ လိုအပ်သည်များကိုလေ့လာနိုင်ရန် စီစဉ်ပေးကြသည်။ အဆိုပါ အစိုးရအဖွဲ့ကိုယ်စားလှယ်အသီးသီးတို့ ဘာတွေလေ့လာခဲ့၍ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်အောင် မည်သည့်အရာများကို မည်သို့အတုယူဆောင်ရွက်ကြမည်လည်းဟု ကျွန်တော်တို့မျှော်လင့်တကြီး စောင့်မျှော်နေခဲ့ကြသည်။

ပြီးခဲ့သောတစ်ပါတ်က မန္တလေးကျုံးပတ်လည်မှ လက်ရန်းတန်းများကို ပိုမိုခိုင်ခန့်သော လက်ရန်းတန်းများနှင့် လဲလှယ်မည် ဆိုသောသတင်း ဖတ်လိုက်ရသည်။ မန်းမြို့တော်ဝန်နှင့်အဖွဲ့ စင်္ကာပူသို့ လေ့လာရေးခရီးသွားစဉ်က စင်္ကာပူတွင် အများပြည်သူတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးပေးဆောင်ရွက်ပုံကို အတုခိုးလာခဲ့ခြင်းဖြစ်မည်။ ကောင်းသော အတုခိုးခြင်းဖြစ်ပါသည်။ လဲလှယ်တပ်ဆင်ရန် နမူနာပြထားသော လက်ရန်းတန်းက စင်္ကာပူရှိ Sentosa Boardwalk နှင့် Marina Bay Walk တို့မှ လက်ရန်းတန်းတို့နှင့် ပုံစံခပ်ဆင်ဆင်။ စင်္ကာပူက ဒီဇိုင်းတွေကိုဘဲ အတုခိုးထားလေသလား။ အဲ့ဒီလိုအတုခိုးတာကကော ကောင်းသလား၊ မကောင်းဘူးလား။

ကောင်းသည်ဟု ထင်ကြသူတွေလည်းရှိသည်။ မသင့်တော်ဟု ထင်ကြသူတွေလည်းရှိသည်။ မသင့်တော်ဟု ထင်ကြသူ တွေက ဝေဖန်ကြသောအခါ လက်ရန်းတန်းအဟောင်းကို လဲသင့်၊ မလဲသင့် ပြည်သူ့ဆန္ဒတောင်းခံပါသည်ဆိုပြီး ပို့စ်တင်လာ သည်။ နမူနာလက်ရန်းတန်းများ ကျုံးဘေးသို့ရောက်လာပြီးတော့မှဘဲ လက်ရန်းတန်းအဟောင်းများ လဲသင့်၊ မလဲသင့် ပြည်သူ့များက facebook ပို့စ်တွင် comment ပေးကြပါဟူ၏။

စင်္ကာပူရှိ HDB တိုက်များကို ၅ နှစ်ခန့်တွင် တစ်ကြိမ် ဆေးအသစ်သုတ်သည်။ သုတ်မည့်ဆေး pattern နှင့် အရောင် (၃) မျိုးရာထားပြီး သက်ဆိုင်ရာတိုက်များတွင် နေသူများကို ရွေးခိုင်းသည်။ တနည်းအားဖြင့် vote လုပ်ခိုင်းသည်။ A, B, C (၃) မျိုးမှ မိမိနှစ်သက်ရာကို vote လုပ်ဖို့ စာရွက်များကို အိမ်တိုင်းစေ့ ဝေငှပေးသည်။ vote မလုပ်ချင်သူများကလည်း မလုပ်ဘဲ နေနိုင်သည်။ vote အများဆုံးရသော အရောင်တွဲကို ရွေးချယ်ပြီး ထိုအရောင်တွဲအတိုင်း ဆေးသုတ်သည်။ ပြည်သူ့ဆန္ဒကို တောင်းခံလိုသည်ဆိုလျှင် ထိုနည်းဖြင့်တောင်းခံရမည်ဖြစ်သည်။ စင်္ကာပူမှ တာဝန်ရှိသူများ ပြည်သူ့ဆန္ဒ မည်သို့တောင်းခံ သည်မှာ အတုယူသင့်သောအရာဟုထင်ပါသည်။

Sentosa Boardwalk နှင့် Marina Bay Walk တို့မှ လက်ရန်းတန်းများသည် ခေတ်မီလှပပါသည်။ Sentosa Boardwalk သည် Vivo City နှင့် Resort World Sentosa ကို ဆက်သွယ်ပေးထားသည်။ Resort Word Sentosa ၏ သက်တမ်းသည် ဆယ်စုနှစ် တစ်စုပင်မရှိသေး။ နှစ်အနည်းငယ်သာရှိသေးသည်။ Marina Bay Walk သည်လည်း Marina Bay Sand၊ Marina Barrage တို့နှင့်အတူ integrate လုပ်ပြီး ပေါ်လာခြင်းဖြစ်သည်။ Marina Bay Sand နှင့် Marina Barrage တို့၏ သက်တမ်းမှာလည်း နှစ်အနည်းငယ်သာရှိသေးသည်။ ထို့ကြောင့် Sentosa Boardwalk နှင့် Marina Bay Walk တို့သည် သမိုင်းတန်ဖိုးကို ဖေါ်ကြူးရန်မလို။ ခေတ်မီလှပရန်လိုအပ်သည်။ Sentosa Board Walk နှင့် Marina Bay Walk တို့ကို ဒီဇိုင်းဆွဲသော ဗိသုကာတို့က ခေတ်မီလှပရမည်ဟူသော concept ကို အခြေခံပြီး ဒီဇိုင်းဆွဲပေလိမ့်မည်။

မန္တလေးကျုံးသည် သက်တမ်းဆယ်စုနှစ်မပြည့်သေးသော နေရာမဟုတ်။ အုတ်ကျစ်ကျော်အေး မန္တလေးဆိုသည့်အတိုင်း မြန်မာသက္ကရာဇ် ၁၂၂၁ တွင် တည်ဆောက်ခဲ့သော ကျုံးဖြစ်သည်။ နှစ်ပေါင်း ၁၅၈ နှစ်ခန့်ရှိပြီဖြစ်သည်။ ထို့အပြင် ပဒေ သရာဇ်ခေတ် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်တို့ တည်ဆောက်ခဲ့၊ စံမြန်းခဲ့သော နန်းတော်နှင့် ယှဉ်တွဲတည်ရှိနေသော ကျုံးဖြစ်သည်။ သမိုင်းတန်ဖိုးရှိသော၊ သမိုင်းတန်ဖိုး အလွန်ကြီးသော ကျုံးဖြစ်သည်။ ထိုကျုံးပတ်လည်တွင် တပ်ဆင်မည့် လက်ရန်းတန်းများ၏ ဒီဇိုင်းကို Sentosa Boardwalk နှင့် Marina Bay Walk တို့ရှိ လက်ရန်းတန်းများ၏ ဒီဇိုင်းကို အတုခိုး၍ လုပ်သည်ဆိုလျှင် တော်တော်ကြီးကို လွဲနေသော အတုခိုးခြင်းဖြစ်ပါလိမ့်မည်။

မန္တလေးကျုံးပတ်လည်တွင်လက်ရန်းတန်းများတပ်ဆင်ရေးလုပ်ငန်းအတွက် စင်္ကာပူမှ Sentosa Boardwalk ကို အတုခိုးလို လျှင် ထိုလက်ရန်းတန်းများ၏ ဒီဇိုင်းကို အတုခိုးရမည်မဟုတ်ဘဲ Sentosa Boardwalk လုပ်ငန်းစဉ်ကို မည်သို့ဆောင်ရွက်သည် ဆိုတာကို အတုခိုးရမည်ဟု ထင်ပါသည်။

ပထမဆုံး ဗိသုကာအဖွဲ့များကို ဖိတ်ခေါ်ရပါမည်။ မန္တလေးကျုံးပတ်လည်တွင် လက်ရန်းတန်းများတပ်ဆင်ရန် (နှင့် ကျုံးပတ်လမ်းအား tourist attraction ဖြစ်အောင်) ဆောင်ရွက်မည်။ ဗိသုကာများမှ အဆိုပြု ဒီဇိုင်းများ တင်ပြရန်ဖိတ် ခေါ်ပါသည်။ လက်ရန်းတန်းဒီဇိုင်းအတွက် အဓိက လိုက်နာရမည့် အချက်များမှာ-

(၁) ခိုင်ခန့်ရမည်
(၂) မန္တလေးကျုံးနှင့် နန်းတော်တို့၏ သမိုင်းတန်ဖိုးကို ဖေါ်ဆောင်နိုင်ရမည်
(၃) မြန်မာ့ယဉ်ကျေးမှုအနုပညာကို ခေတ်မီစွာ ဖေါ်ဆောင်နိုင်ရမည်
(၄) ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဆွဲစောင်နိုင်ရမည်
(၅) ထိန်းသိမ်းရလွယ်ကူပြီး ရေရှည်တည်တန့်မည့် ပစ္စည်း (stainless steel) အသုံးပြုရမည်

စသည်တို့အပါအဝင် အခြားလိုအပ်ချက်များကို ပြောပြ၍ အဆိုပြုဒီဇိုင်းပုံစံများ တင်ခိုင်းရပါမည်။

(ပြည်သူ့ဆန္ဒကို အမှန်တကယ်ခံယူလိုပါလျှင် တင်ပြလာသော အဆိုပြုဒီဇိုင်းများထဲမှ ကော်မတီက လက်ခံနိုင်သော ဒီဇိုင်း ၃ ခုကို ပဏာမ ရွေးချယ်ပြီး မန္တလေး မြို့လူထုကို vote လုပ်ခိုင်းနိုင်ပါသည်)။

အပြီးသတ်ရွေးချယ်လိုက်သော ဒီဇိုင်းကို structure consultant အားပြ၍ တပ်ဆင်ပုံ တပ်ဆင်နည်း အသေးစိတ်ဒီဇိုင်း ထုတ်ခိုင်းရပါမည်။ ထို့နောက် ဗိသုကာ ဒီဇိုင်းပုံစံ၊ structure design ပုံများ၊ အသုံးပြုမည့်ပစ္စည်း (stainless steel) ၏ စံချိန်စံညွှန်း (specification) များ၊ finishing လိုအပ်ချက်များ၊ warranty ပေးရမည့်ကာလများကို ထုတ်ပေး၍ ကန်ထ ရိုက်တာ (contractor) များကို တင်ဒါတင်ခိုင်းရပါမည်။ ကန်ထရိုက်တာများတင်သောဈေးနှုန်းသည် လက်ရှိဈေးကွက် ပေါက်ဈေးနှင့် ကိုက်ညီမှုရှိ၊ မရှိကို consultant QS က စိစစ်ပေးရပါမည်။ တင်ဒါတင်သော ကန်ထရိုက်တာများထဲမှ ဇကာတင် ၃, ၄ ဦးကိုရွေးချယ်၍ အင်တာဗျူးကြည့်ပြီး ထိုလုပ်ငန်းကို အမှန်တကယ်လုပ်နိုင်စွမ်းရှိ၊ မရှိ အကဲဖြတ်ရပါမည်။ ထိုအင်တာဗျူးတွင် ဈေးလည်း ထပ်မံစစ်နိုင်ပါသေးသည်။

အရေးအကြီးဆုံးအချက်မှာ အထက်ပါ လုပ်ငန်းစဉ်များအားလုံးကို ကော်မတီသည် ပွင့်လင်းမြင်သာမှုရှိရှိ၊ ethics အပြည့်၊ COI ကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အထက်ပါလုပ်ဆောင်ချက်များသည် စင်္ကာပူသို့ လေ့လာရေးသွားရောက်သူများ အတုခိုးသင့်၊ အတုယူသင့် သည်များဖြစ် ပါသည်။ ထိုသို့မဟုတ်ဘဲ အပေါ်ရံ၊ အပြင်ပန်းတို့ကိုသာ အတုခိုးနေကြလျှင်ဖြင့် အတုခိုးမှားနေကြလေပြီဟုသာ သတိပေး လိုပါသည်။

(Sentosa Boardwalk ကို project architect အဖြစ် ဆောင်ရွက်ခွင့်ရသော ဗိသုကာအဖွဲ့၏ အဆိုပြုဒီဇိုင်း ရှင်းလင်းတင်ပြ ချက်နှင့်ပုံများ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts