(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈
စက်တင်ဘာ ၂၈၊ ၂၀၁၇၈ တွင် ကျင်းပခဲ့သော World Maritime Day မှာ သင်္ဘောသားတို့အား လူ့အဖွဲ့အစည်းများမှ ကျေးဇူးတင်ရှိပါကြောင်းအချက် ၇ ချက်ထဲက တချက်ဖြစ်တဲ့ Seafarers risk their lives ပင်လယ်ဓါးမြတို့ အန္တရာယ် သာမကပဲ စစ်ပွဲဖြစ်ပွားရာ ရေပြင်နယ်နိမိတ်တွေပါမကျန် အသက်ကို ပဓာန ထားပဲ စွန့်လွှတ်သွားလာရတဲ့ အလုပ်ဖြစ်နေလို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။
သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကဆိုမာလီ ပင်လယ်ဓါးမြများပေါ်လာပြီးနောက်ပိုင်းမှာတော့ အိမ်ပြန်ချိန်တွေက မသေချာမရေရာ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် ဖီးလစ်ဆိုတဲ့ ရုပ်ရှင်ပေါ်လာတဲ့အထိ ကမ္ဘာ့အလယ်မှာ နာမည်ကြီးခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာသင်္ဘောသားတွေလည်း ဆိုမာလီပင်လယ်ဓါးမြလက်ထဲ ပြန်ပေးစွဲခံခဲ့ရဖူးပါတယ်။
အသက်မသေပြန်ရောက်ခဲ့ပေမယ့်လည်း အချို့သူတွေက သင်္ဘောသားလောကကိုစိတ်ကုန်ပြီး ထွက်သွားကြပါတယ်။ ယခုနောက်ဆုံး ၂၀၁၇ မှာ လွတ်လာကြတဲ့ တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားသင်္ဘောသားတွေပါတဲ့ ငါးဖမ်းသင်္ဘောဆို ဆိုမာလီ ပင်လယ်ဓါးမြလက်ထဲမှာ ငါးနှစ်နီးပါး ဒုက္ခခံ အစာငတ်ခံပြီးမှ လွတ်လာကြပါတယ်။ ဒါတောင် သင်္ဘောသား အချို့အသက်ပေးသွားခဲ့ရပါသေးတယ်။
ဆိုမာလီနိုင်ငံအစိုးရက မွတ်ဆလင်စစ်သွေးကြွသူပုန်များရန်ကို နှိမ်နင်းနေရတာနဲ့ ပင်လယ်ဓါးမြအန္တရာယ်ဘက်ကို မလှည့် နိုင်ကြပါဘူး။ ဆိုမာလီအစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်အချို့က ပင်လယ်ဓါးမြများနှင့် အချိတ်အဆက်ရှိနေတယ်လို့ ကမ္ဘာ့ ရေကြောင်း သုံးသပ်ရေးအဖွဲ့တွေကဆိုပါတယ်။ ဆိုမာလီနိုင်ငံရဲ့စီးပွားရေးကလည်း ငွေကြေးဖောင်းပွမှုတွေများနေပြီး မြို့ကြီးတွေကို အစိုးရတပ်က ဝင်သိမ်းလိုက်၊ မွတ်ဆလင် စစ်သွေးကြွတွေက ဝင်သိမ်းလိုက်နဲ့ သူတပြန် ကိုယ်တပြန် တိုက်ခိုက်နေရတဲ့ အနေအထားရှိပါတယ်။
ဆိုမာလီရဲ့မြို့တော် မိုဂါဒဂ်ရှူးမြို့၏ဆိပ်ကမ်းကို ကုလသမဂ္ဂလုံခြုံရေးတပ်တွေနှင့် စောင့်ရှောက်ထားရပါတယ်။ ဒီဆိပ်ကမ်း ကို ကုန်သွားရောက်ချဖူးတဲ့ မြန်မာသင်္ဘောသားတဦး အတွေ့အကြုံကိုမျှဝေပေးလိုက်ပါတယ်။
မြို့တော်တွင်းမှာ နေ့တိုင်း အစိုးရတပ်နှင့် သူပုန်များကြားတိုက်ပွဲတွေ ဗုံးခွဲမှုတွေ အဆက်မပြတ်ရှိနေကြပါတယ်။ တချို့နေရာများမှာ မိုင်းခွဲ ဗုံးပေါက်သဖြင့် မိုးပေါ်ထိတက်လာသော မီးခိုးလုံးများကို ဆိပ်ကမ်းမှ လှမ်းမြင်နေရတယ်။ လက်နက် ထိလို့ဆိပ်ကမ်းမှာ သင်္ဘောပျက်၍ ပြန်ထွက်မရ သောင်တင်နေသောသင်္ဘောကြီးများလည်း တွေ့ရှိနေပါတယ်။
ကျွန်တော်တို့ရဲ့သင်္ဘော အခုတခေါက်ကတော့ အရင်ခေါက်များနှင့်မတူ လာပို့တဲ့ကုန်က စားနာရိက္ခာမဟုတ်ပဲ ကုလသမဂ္ဂ လုံခြုံရေးတပ်ကို ထောက်ပံ့ပေးရမည့် ပစ္စည်းများ၊ တင့်ကားများ တင်သွားပေးရမည့်အခေါက်ဖြစ်နေပါတယ်။ ဒီ သတင်း ကိုကြားတဲ့ ဆိုမာလီသူပုန်များ ကျွန်တော်တို့သင်္ဘောနှင့်တင်လာသောပစ္စည်းများကို ဒေါသထွက်နေကြောင်း ကြားသိရပါ တယ်။
တောင်အာဖရိကတိုက်မှတင်လာတဲ့ ဒီကုန်စည်တွေကို ဆိုမာလီနိုင်ငံရေပိုင်နက်အထိသာ တောင်အာဖရိက ရေတပ်သင်္ဘောက အစောင့်အကြပ်ဖြင့် ပို့ဆောင်ပေးပါတယ်။ ဆိုမာလီဆိပ်ကမ်းထဲကိုတော့ ကျွန်တော်တို့သင်္ဘောတစီးထဲ ရေကြောင်းပြအကူအညီဖြင့် ဝင်သွားခဲ့ရတယ်။ အဲဒီနေ့က ဆိပ်ကမ်းတခုလုံး ခြောက်ကပ်နေတယ်။ ဒါနဲ့ ရေကြောင်းပြကို မေး မြန်းစုံစမ်းကြည့်တော့ ဒီနေ့ဆိပ်ကမ်းတစ်ခုလုံး အလုပ်ရပ်ထားတယ်တဲ့။ ဘာဖြစ်လို့လဲမေးတော့ မင်းတို့သင်္ဘောလာမှာမို့လို့ မင်းတို့သင်္ဘောက ကုန်တခုထဲကိုပဲ အတင်အချလုပ်မှာဆိုပြီး ရေကြောင်းပြကပြောပါတယ်။ သင်္ဘောကပ်ပြီးတာနဲ့ တပြိုင်နက် အလုပ်သမားခေါင်းတွေ ချက်ခြင်းတက်လာပြီး အမြန်ဆုံး ကုန်ချဖို့ ပြင်ဆင်ကြတယ်။ သူတို့ဘာကြောင့် အလောတကြီး ဖြစ်နေရတာကို နာရီဝက်ခန့်အကြာမှ စပြီးသိရပါတော့တယ်။
ဝုန်းဆိုသော အသံကြီးနှင့်အတူ တသက်နဲ့တကိုယ် အနီးကပ်ကြားဖူးသော ဗုံးခွဲသံလိုလို မိုင်းကွဲသံလိုလို သင်္ဘောနဲ့ကပ်ရက် ရေပြင်မှာ လာကျပေါက်ကွဲတာတွေ့ရပါတယ်။ အလုပ်သမားတွေကလည်း ဒီလောက် ဝုန်းဒိုင်းကြဲနေတဲ့ကြားက ကုန်တွေကိုချနေကြတာ။ ဘာဖြစ်တာလဲ ခုနဘာနဲ့ပစ်တာလဲလို့မေးတော့ လောင်ချာ launcher နဲ့ ထုတာတဲ့။ သူပုန်တွေက သူတို့ကို သတ်မယ့်လက်နက်တွေလာချပြီဆိုပြီး ဒေါသတွေဖြစ်ကာ သင်္ဘောပေါ်တင်ဆောင်လာတဲ့လက်နက်တွေ ပျက်စီးသွားအောင် သင်္ဘောကို Rocket Launcher စကတ်ဒုံးကြည်တွေနဲ့ပစ်နေတာ ဆိုပါလား။
ကျွန်တော်တို့သင်္ဘောသားအားလုံးလည်း အတော်စိုးရိမ်နေကြပါတယ်။ သင်္ဘောက ဆိပ်ကမ်းမှာ ကြိုးချည်ပြီးကပ်ထားတာ ဆိုတော့ ချည်ပြီး တုတ်ပြီး အရိုက်ခံရသလိုဖြစ်နေတယ်။ တည့်တည့်ထိပါက အကုန်သေမည့်ကိန်း။ လောင်ချာကျဉ်ဆံ ၃ ခုလောက် သင်္ဘောဘေးတွင် ကျရောက်ပြီးချိန် သင်္ဘောပေါ်တွင် ဆိပ်ကမ်းအလုပ်သမားတယောက်မှ မရှိတော့ဘူး။ အကုန်ထွက်ပြေးကုန်ကြပါပြီ။
ရှေ့နောက်က အခြားကပ်ရပ် သင်္ဘောများမှ သင်္ဘောသားများလည်း ဆိပ်ကမ်းနဲ့ ခပ်ဝေးဝေးရှိ ကုန်လှောင်ရုံများတွင် သွားရောက်ပုန်းအောင်နေကြရပါတယ်။
ကျန်တော်တို့ကိုတော့ သင်္ဘောပေါ်ကနေသူကြီး captain ကဆင်းခွင့်မပေးပါဘူး။ဆိပ်ကမ်း အလုပ်သမား ဘယ်သူမှ မရှိတော့လို့ ကျန်တဲ့ ကုန်သေတ္တာ Cargo Container များနှင့် ကားများကိုကျွန်တော်တို့် ရှိသမျ သင်္ဘောသားများ အကူအညီနဲ့ မပြီးပြီးအောင် ချပါဆိုပြီး ကုမ္မဏီမှ အမိန့်စာ order email ပို့လာပါတယ်။ လောင်ချာ launcher တွေ တစ်လုံးပြီးတစ်လုံး ပစ်နေကြသော တ အုန်း အုန်း နှင့် အသံများကြားမှာ ကုန်မချပဲနေလျင် နောက်နေ့ကြရင် ပိုဆိုးမယ်ဆိုပြီး နောက်ဆုံးတော့ သင်္ဘောသားအားလုံး သေခါမှ သေတော့ ဆိုပြီး ကုန်ပစ္စည်းများ ကို ချည်နှောင်ထားသော lushing အတားအစီးများကို ဖြုတ် ကရိန်း.Crane နဲ့ချပေးသူ ချပေး။ လောင်ချာနဲ့ ပစ်ခက်သံ ကြားမှာ သေမှာလည်း ဂရုမစိုက်နိုင်တော့ဘူး တွေးမိတဲ့ ဒီအချိန်မှာ ငါသေသွားလည်းအိမ်ကလျော်ကြေးလေးတော့ ပြန်ရပါသေးတယ်လေ ဆိုပြီး တွေးမိရုံမှတပါးအခြား မစဉ်းစား မတွေးတောတော့ပါ။
ဒါပေမယ့်လည်း နေ့လည်မှ ညနေ ၆ နာရီ ကျော်အထိ ရော့ကတ်လောင်ချာ Rocket launcher အခု ၂၀ ကျော်ဖြင့် အပစ်ချခံရသော်လည်း ကံအကောင်းလွန်နေ၍လားမသိ။ သေကံမရောက် သက်မပျောက်ပဲ သင်္ဘောကိုလည်း လုံးဝမထိခိုက်ပဲ ညရောက်သွားပါတယ်။ သင်္ဘောကို ရှောင်များပစ်နေတာလားဟု ထင်မိသော်လည်း အမှန်တကယ်ကတော့ သင်္ဘောကို တည့်တည့်လှမ်းပစ်တာဖြစ်ပေမယ့် တနေရာမှပစ်ပြီး သူပုန်တွေကိုယ်တိုင်လည်း နောက်တနေရာကို ထွက်ပြေးနေရတာဖြစ်လို့ ပစ်မှတ်လွဲလွဲနေရတာပါလို့ ဆိပ်ကမ်းလုံခြုံရေးကပြောပါတယ်။ သင်္ဘောပေါ်ရှိကုန်စည်များကို အမြန်ဆုံးချနေရာမှ ည ၁၁ နာရီလောက်မှာ ပစ္စည်းအားလုံးချပြီးသွားပါတယ်။
နောက်တနေ့မနက် အရုဏ်တက်တာနဲ့ လောင်ချာဖြင့် ထပ်မံအပစ်ခံရနိုင်လို့သတင်းရသောကြောင့် သင်္ဘောကို ညတွင်း ချင်း ဆိုမာလီယာနိုင်ငံအပြင်သို့ မောင်းထွက်ခဲ့ရတယ်။ ညနေဘက်မှာပဲ တောင်အာဖရိကတိုက် Kenya နိုင်ငံ Mombasa ဆိပ်ကမ်းရောက်တော့ လူအုပ်ကြီးက စောင့်ကြိုနေပါတယ်။
ဆိုမာလီမှာ သတင်းတွေကထွက်နေတာက သင်္ဘောသား ၃ ယောက်သေတယ်၊ ၄ ယောက်သေတယ်၊ ဒဏ်ရာတွေရကြ တယ်သတင်းများကြားရလို့ အားပေးရအောင် လာစောင့်နေကြတာတဲ့။ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူ၊ ဘာ သာယဉ်ကျေးမှုမတူတဲ့သူတွေက ကျွန်တော်တို့ကို အခုလို လူသားချင်းစာနာထောက်ထားစွာနဲ့ လာရောက်အားပေးကြတာက အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ ဒဏ်ရာရသူရှိသော်လည်း ဆိုမာလီဆိပ်ကမ်းမှလူများသာဖြစ်ပြီး သင်္ဘောသားအား လုံးနဲ့သင်္ဘောကတော့ လောင်ချာတလုံးတောင် မထိခိုက်ခဲ့ပါဘူး။ သင်္ဘောကုမ္မဏီက Certificate of Appriciation ပူးပေါင်းဆောင်ရွက်ပေးမှုလက်မှတ်နှင့် ဒေါ်လာ ၄၀၀ မုန့်ဖိုးပေးပါတယ်။ ကျွန်တော်ကတော့ အဒီလက်မှတ်ကို မသေ၍ရလာသော Death Certificate လို့ သတ်မှတ်လိုက်ပါတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ မြန်မာသင်္ဘောသား ကိုရသရဲ့ အသက် အန္တရာယ်ကြားက ဖြစ်ရပ်လေးပါ။
ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့နိုင်ငံမှာ သူခိုး ဓားမြပေါ်လာတာက သိပ်တော့မဆန်းလှပါဘူး။ ဒါကြောင့် စူးအက်တူးမြောင်း (suez cannal) ကနေ ဖြတ်သန်းသွားလာကြမယ့်သင်္ဘောအများစုက ဆိုမာလီပင်လယ်ဓားမြအန္တရာယ်ရှိတဲ့အတွက် လက်နက်ကိုင်အစောင့် (security guard) တွေကို ငှားရမ်းလာကြပါတယ်။ တောင်ကိုရီးယားသင်္ဘောတွေဆို တောင်ကိုရီး ယား ပုဂ္ဂလိကအပိုင် security company တွေကို ငှားရမ်းကြပါတယ်။
ကျွန်တော်တို့နဲ့ အတူတွဲစီးဘူးတဲ့ လက်နက်ကိုင်အစောင့်တွေက ကိုရီးယားလူမျိုးတဦးနှင့် အိန္ဒိယကုလားနှစ်ဦး စုစုပေါင်း သုံးဦးပါ။ နောက်တခေါက် ဆိုမာလီကိုဖြတ်တဲ့အခါကြတော့ နီပေါသုံးဦး။ သူတို့အားလုံးက စစ်မှုထမ်းဟောင်းတွေဖြစ်ပါ တယ်။ လုံခြုံရေးအစောင့်တွေရဲ့လခက နိုင်ငံသားအလိုက် ခေါင်းဆောင် ငယ်သားအလိုက်ပေါ်မူတည်ပြီး အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၂၀၀၀ ကြား ရရှိပါတယ်။ ဒီနေရာမှာ မြန်မာ့တပ်မတော်ကနေ စစ်မှုထမ်းခဲ့တဲ့ စစ်မှုထမ်းဟောင်းလူငယ် လူလတ်ပိုင်းတွေကို သတိရပါတယ်။ (ကိုယ်လက် မသန်စွမ်းတဲ့သူတွေမပါ။) သူတို့တွေက ထောက်လှမ်းရေးဌာနကြီး တခု လုံးဖြုတ်လိုက်လို့ တသီတတန်းကြီးပါသွားတဲ့ ဗိုလ်တွေ၊ တပ်သားတွေ၊ နောက် တပ်ထဲမှာ ပြစ်မှုတစုံတရာကြောင့် ပစ်ဒဏ် ကြခံပြီးထွက်ခဲ့ရတဲ့ လူငယ် လူလတ်ပိုင်းတွေအတွက် နိုင်ငံခြားလုံခြုံရေးကုမ္မဏီတွေက အလုပ်လာခေါ်ရင် ကောင်းမှာပဲလို့ ကြံဖန်စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ ကုန်တွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ နီပေါလိုနိုင်ငံတောင် သူတို့နိုင်ငံမှာ မမြင်ဘူး မတွေ့ဘူးတဲ့ပင်လယ်ထဲမှာ ကြေးစားလက်နက်ကိုင်အဖြစ်လာလုပ်နေကြတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် တော့ ဒီအလုပ်ကို ကောင်းစွာလုပ်နိုင်ကြလိမ့်မယ် ထင်မြင်မိပါတယ်။
သင်္ဘောကြီးတွေက အာရှတိုက်ဘက် မလက္ကာရေလက်ကြားကနေ စူးအက်တူးမြောင်းကိုလာမယ်ဆို သီရိလင်္ကာနိုင်ငံ ကနေ လက်နက်ကိုင်အစောင့်များက လှေ (board) နဲ့ သင်္ဘောကိုကပ်လာပြီး တက်လာကြသလို စူးအက်ကနေဖြတ်ပြီး အာရှဘက် အာဖရိကဘက်လာမယ်ဆို တူးမြောင်း ဒီဘက်အထွက် ပင်လယ်နီကနေ လက်နက်ကိုင်အစောင့်တွေ သင်္ဘော ပေါ် တက်လာကြပါတယ်။
သူတို့တွေက လူကြည့်သက်သက်တက်လာကြပြီး လက်နက်တွေကတော့ သူ့သက်ဆိုင်ရာ ရေပိုင်နက်က ရေတပ် (navy) တွေရဲ့ ခွင့်ပြုချက်နဲ့တဆင့် ငှားရမ်းအသုံးပြုကြပါတယ်။ ငါတို့က လက်နက်ကိုင်အစောင့် (security guard) တွေဆိုပြီး သက်ဆိုင်ရာနိုင်ငံကနေ လေယာဉ်နဲ့ ကားနဲ့ သယ်မလာပါဘူး။ နိုင်ငံအလိုက် ဥပဒေတွေရှိပါတယ်။ ယခုတလော ဖြစ်သွားခဲ့ တဲ့ မြန်မာပြည်က လက်နတ်ကိုင်အစောင့်အကြပ် (security) ဆိုတာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး သက်သက် စိတ်ကူးယဉ်ဆန်ဆန်တွေလို့ သုံးသပ်ဝေဖန်ချင်ပါတယ်။ သူတို့တွေ ငွေရှိလို့ ပိုင်လို့ လက်သရမ်းတာ ပြဿနာမရှိဘူး။ ကိုယ့်နိုင်ငံပြုပြင်ပြောင်းလည်းရေးကာလမှာ အရေးကြီးတဲ့ခေါင်းဆောင်တွေကကြားထဲ ဓါးစာခံဖြစ်သွားမှာကိုတော့ စိုးရိမ်ပူပင်မိပါ တယ်။
ဆိုမာလီ ပယ်လယ်ဓါးမြတွေ ပင်လယ်ထဲထွက်တိုက်နိုင်တဲ့ ရေပိုင်နက်အစရောက်တာနဲ့သင်္ဘောပေါ်ကို လက်နက်တွေ လာပို့ပါတယ်။ AK 47 နှစ်လက်၊ shotgun တစ်လက်၊ ကျည် ၃၀၀ နီးပါး၊ ကျည်ကာအင်္ကျီနဲ့ ဦးထုပ် သုံးစုံပါတယ်။ ဆိုမာလီ ပယ်လယ်ဓါးမြရေပိုင်နက်ကျော်တာနဲ့ လက်နက်တွေကို လာယူသွားကြပါတယ်။
သဘောင်္ပေါ် လက်နက်တွေရောက်ရင် အစောင့်တွေက လက်နက်တလက်ကို ကျဉ်သုံးထောင့်နှုန်း စမ်းသပ်ပစ်ခက် လေ့ ကျင့်ကြပါတယ်။ ဆိုမာလီနိုင်ငံရေပိုင်နက်ထဲရောက်တာနဲ့ သူတို့တွေက အလှည့်ကျ နေ့ည တာဝန် duty စောင့်ကြပါတယ်။ ကျွန်တော်တို့သင်္ဘောသားတွေကလည်း သင်္ဘောပတ်လည်မှာ သံဆူးကြိုးလိတ်တွေကာရံရပြီး ပင်လယ်ဓါးမြ pirate drill လေ့ကျင့်ခန်းတွေ အဆက်မပြတ် လေ့ကျင့်ရပါတယ်။ ကျွန်တော်စီးဖူးတဲ့ တောင်ကိုရီးယားအပိုင် သင်္ဘောတွေကတော့ ပင်လယ်ဓါးမြတွေနဲ့နီးလာလေ တောင်ကိုရီးယားအစိုးရနှင့် ရေတပ်က နာရီဝက်တစ်ခါ သင်္ဘောရဲ့တည်နေ ရာposition၊ အန္တရာယ်နေအထား၊ မသင်္ကာစရာတွေ့ရှိမှု စတဲ့အချက်တွေကို စတယ်လိုက်ဖုန်းကနေ အဆက်မပျက်မေးမြန်းပါတယ်။ တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံသားရဲ့ အသက်နဲ့အကျိုးစီးပွားကို အမြဲမပြတ် ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ပေးနေတာတွေက အတုယူစရာ အင်မတန်ကောင်းပါတယ်။
ငါးဖမ်းစက်လှေလိုလို အလစ်ကိုချောင်းနေတဲ့ ဆိုမာလီပင်လယ်ဓါးမြများက တခါတလေ လက်နက်ကိုင်အစောင့်များနဲ့ အပြန်အလှန်ပစ်ခက်ကြရလို့ အသက်လုပြီးပြေးရတာတွေလည်း ရှိပါတယ်။ အခုအခါမှာတော့ သင်္ဘောကြီးကြီး သေးသေး ငါးဖမ်း သင်္ဘောများကအစ ဆိုမာလီနိုင်ငံ ရေပိုက်နက်အစ အနီးနားကဖြတ်ရမယ်ဆိုတာနဲ့ လက်နက်အစောင့်များကို ခေါ်ယူထားကြပါပြီ။ အကယ်၍များ လက်နက်ကိုင်အစောင့်များကြားက ဆိုမာလီပင်လယ်ဓါးမြ ပြန်ပေးဆွဲခံရပြီဆို ဒီသ င်္ဘော မလွယ်ဘူးတာမှတ်ရမယ့်အနေအထားပါ။
သြော် သင်္ဘောသား သင်္ဘောသား လွယ်တော့ မလွယ်ပါလား။
ဗိုလ်သူရိန်
၁၉ ၁၁ ၂၀၁၇