ကဗျာ

မြတ်လှိုင်း ● နေ့တနေ့ ကျရှုံးခြင်း

မြတ်လှိုင်း ● နေ့တနေ့ ကျရှုံးခြင်း
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈

အတ္တတွေကို ဒေါသနဲ့အပိုင်းပိုင်းခုတ်ဖြတ်
ဒေါသနဲ့အပြိုင်းအရိုင်း ပြန်ရှင်သန်လာကြ အတ္တတွေ။

ငါရှို့ပစ်လိုက်တဲ့မီးတောက်ထဲ
တန်စာခံတွေက အချစ်လို့အော်ပြီး သေသွားကြ
မနက်ဖြန်က ပြာတွေလိုလွင့်သွား၊
ပေါက်ကွဲပြတဲ့
မီးတောင်သေက ပြန်နိုးထလာ
မြို့တမြို့ကိုဝါးမြိုလိုက်၊ ပြန်အန်ချလိုက်
ငါကအတိတ်ဝင်စားကောင်၊ အပြုံးတဝက် အမုန်းတခြမ်းနဲ့ဂြိုလ်သား၊
လူ့အခွင့်အရေးကို ဟားတိုက် ရယ်မော

တောင်ပြောမြောက်ပြော သတ္တဝါတကောင်
ချောင်ကြားမှာ ပုန်းခိုနေတဲ့ကောင်တွေ
လှေကားထစ်ပေါ် ဂုတ်ပိုးကိုင်ပြီး ကိုင်ပေါက်၊
ကိုင်ပေါက်တိုင်း လှေကားပေါ်ရောက်ရောက်သွား
နံရံကပ်တွားသွားကောင်ဖြစ်သွား
လူတွေကလူသားပြန်စားဖို့ ချောင်းနေတဲ့တိုင်းပြည်
ဒီတိုင်းပြည်က အရိုးစုလို လမ်းထလျှောက်တယ်။

ခင်ဗျားက မနက်ဖြန်လား
မေးလိုက်တဲ့ဒီနေ့ကို မျက်နှာလွဲသွားတယ်
မင်းလဲရောက်လာမှာပဲ၊ ရောက်လာမှသိမှာပေါ့
တနေ့တာက နေဝင်ချိန်မှာ သေဆုံးသွားကြတာပါပဲကွာလို့
ချန်ထားခဲ့တဲ့စာကိုဖတ်နေတယ်
ဒီအချိန်မှာပဲ တိမ်တွေထတောက်နေတယ်
နောက်ဆုံးအချိန်ဆိုပေမယ့် လှလိုက်တာ။

မြတ်လှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts