ဝတ္ထုတို

ကျော်ကျော် (မြရည်စမ်း) ● မြရည်​စမ်းစာ​ပေ ပိတ်​သွားပြီးသည့်​​နောက်​ပိုင်း

ကျော်ကျော် (မြရည်စမ်း) ● မြရည်​စမ်းစာ​ပေ ပိတ်​သွားပြီးသည့်​​နောက်​ပိုင်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈

နှစ်​ကာလ ကြာမြင့်​စွာ ကြိုးစားရပ်​တည်​ခဲ့​သော်​လည်း အ​ခြေအ​နေအမျိုးမျိုးအရ ​ရှေ့ဆက်​သွားရန်​မဖြစ်​နိုင်​​တော့သဖြင့်​ စာအုပ်​​ကောင်းများ ဝယ်​ယူလိုကြပါလျှင်​ အချိန်​မီလာ​ရောက်​နိုင်​ကြရန်​အတွက်​ လိပ်​စာ​လေးပါထည့်​​ပေးထား​သော သတင်းတစ်​ပုဒ်​ကို စိတ်​မ​ကောင်းစွာဖြင့်​ ဖတ်​ရသည်​။ စာအုပ်​အငှားဆိုင်​​လေးတဆိုင်​ပိတ်​​တော့မည့်​ သတင်းဖြစ်​သည်​။

ကျ​နော်​တို့ငယ်​ရွယ်​စဉ်​က ယခု​နေအခါလို ​ဖြေ​ဖျော်​​ရေးပစ္စည်းပစ္စယများ မ​ပေါများလှ။ အချိန်​သည်​လည်း ယခု​နေအခါလို မရှားပါးလှ။ လူတိုင်းလိုလို အထိုက်​အ​လျှောက်​​တော့ စာဖတ်​ဖြစ်​ခဲ့ကြသည်​။ ပုံနှိပ်​ထား​သော စာအုပ်​များဖြင့်​ ကျွမ်းဝင်​ခဲ့ကြသည်​။ ပုံနှိပ်​မင်​နံ့ပင်​ မ​ပျောက်​​သေး​သော စာအုပ်​အသစ်​စက်​စက်​များကို တရှိုက်​မက်​မက်​ဖတ်​ခဲ့ရဖူးသလို၊ စာရွက်​တစ်​ရွက်​ချင်းကိုပင်​ ဂရုတစိုက်​လှန်​​လောရသည့်​ စာရွက်​ဝါကျင့်​ကျင့်​၊ ​ကြွေလုလု စာအုပ်​​ဟောင်း​လေးများကိုလည်း တမက်​တ​မောဖတ်​ခဲ့ရဖူးပါသည်​။

ကျွန်​​တော့်​မိဘများသည်​လည်း စာအုပ်အငှားဆိုင်​​လေးတ​ဆိုင်​ ဖွင့်​ခဲ့ဖူးပါသည်​။ ထိုစဉ်​က ကျွန်​​တော်​ စာဖတ်​ကျင့်​ရှိ​နေပြီဟု ​ပြော၍ရသည်​။ စာအုပ်​အငှားဆိုင်​က​လေးဖွင့်​မည်​ဟု အ​ဖေနှင့်​အ​မေ တိုင်​ပင်​​နေသံကြားကတည်းက ကျွန်​​တော်​​ပျော်​​နေ သည်​။ အိမ်​​အောက်​ထပ်​​နေရာ​လေးတွင်​ လက်​သမားဆရာကြီးက စာအုပ်​စင်​များရိုက်​ပြီး​သောအခါ သ​င်္ဘော​ဆေးသုတ်​သူမှာ ကျွန်​​တော်​ဖြစ်​ခဲ့သည်​။ စာအုပ်​များကို​ ​ထောင်​လျှက်​အ​နေအထားဖြင့်​ တစ်​အုပ်​ချင်းစီထားရန်​အတွက်​ တန်းက​လေးများနှစ်​ခုအလယ်​အတွင်​ ကွင်းက​လေးများ တပ်​ရသည်​။ ထိုအခါတွင်​ နိုင်​လွန်​ကြိုး တန်းသူမှာ ကျွန်​​တော် ဖြစ်​ခဲ့သည်​။

စာအုပ်​အငှားဆိုင်​က​လေးဖွင့်​ဖို့ ဆုံးဖြတ်​ပြီးသည့်​အခါ စာအုပ်​များစုဖို့လိုအပ်​လာပါသည်​။ အိမ်​မှာရှိသည့်​ ​သေတ္တာများထဲမှ စာအုပ်​များကို ထုတ်​ကာ ငှားရမ်းဖို့အဆင်​​ပြေမည့်​ စာအုပ်​များကို ​ရွေးကြရသည်​ကို ကျွန်​​တော်​မှတ်​မိ​နေ​သေးသည်​။ အိမ်​တွင်​ရှိသမျှ စာအုပ်​များအားလုံးကို အငှားဆိုင်​​ပေါ်တင်​ဖို့ ဘယ်​လိုမှ မဖြစ်​နိုင်​။ ထိုအချိန်​က အုပ်​စိုး​နေ​သောအစိုးရ၏ ​ပေါ်လစီအရ စာအုပ်​တ​ချို့က ပိတ်​ပင်​ထားခြင်း ခံ​နေရဆဲဖြစ်​သည်​။

ဖြစ်​ချင်​​တော့ စစ်​ကိုင်းမြို့တွင်​ရှိ​သော ​အောင်​နိုင်​စာ​ပေမှ စာအုပ်​​ဟောင်းများ ​ထုတ်​​ရောင်းချိန်​နှင့်​ တိုက်​ဆိုင်​ပြီး စာအုပ်​အ​တော်​များများရလိုက်​သည်​။ ထိုစာအုပ်​ဆိုင်​တွင်​ ရွာ​ထောင်​မီးရထားစက်​​ခေါင်းပြင်​ရုံမှ ဝန်​ထမ်းမိသားစုများ အငှားအများဆုံး ဟု ဆိုကြသည်​။ ဝန်​ထမ်းအများစု ကိုင်​တွယ်​ဖတ်​ရှုထားသည့်​ စာအုပ်​များမို့ စာအုပ်​​တွေက လတ်​ဆတ်​​သေးသည်​။

ရန်​ကုန်​တွင်​ရှိ​သော ပတ္တမြားင​မောက်​စာ​ပေမှ တိုက်​ကျစာအုပ်​များကို မှာကြားလိုက်​ရာ ဂျပ်​ပုံးကြီးများဖြင့်​ ​ရောက်​လာသည်​။ ထို​နေ့သည်​ အ​တော်​ပင်​​ပျော်​စရာ​ကောင်းခဲ့ပါသည်​။ ဖလင်​​ကော်​ပြားကိုမျက်​နှာစာမှာထား၍ ​နောက်​​ကျောကို ဂျပ်​စက္ကူဖြင့် ဖုံးသည်​။ စာအုပ်​ချုပ်​ခြင်း အတတ်​ပညာကိုသင်​​ပေးခဲ့သူမှာ ကျွန်​​တော်​တို့စာအုပ်​ဆိုင်​က​လေး​ရှေ့မှ ဖိနပ်​ချုပ်​သူဦး​လေးကြီး ဖြစ်သည်​။ စာအုပ်​များအရံသင့်​ဖြစ်​​သောအခါ ဆိုင်းဘုတ်​က​လေးချိတ်​လိုက်​သည်​။ ‘မြရည်​စမ်းစာ​ပေ’။

ကျွန်​​တော်​တို့ စာအုပ်​အငှားဆိုင်​က​လေးသည်​ လူစည်​ကားရာ ​ကုန်​​ဈေးတန်းအနားမှာ ဖြစ်​သည့်​အတွက်​  စာအုပ်​​လေးများမှာ လူတန်းစား​ပေါင်းစုံနှင့်​ ထိ​တွေ့ရသည်​။ တကယ်​​တွေးကြည့်​​တော့ ဤသည်​ပင်​ပီတိဖြစ်​စရာ…။ ငါးအ​ကြေးခွံ​လေးများ ကပ်​ငြိ​နေ​သော စာအုပ်​ဖုံးဖလင်​​ကော်​ပြား၊ ခရမ်းချဉ်​ဝသီးအနှစ်​များ စွန်းထင်း​နေ​သော စာအုပ်​အ​နှောင့်​၊ ပဲငပိနံ့ တသင်းသင်းနှင့် ပန်​မဂ္ဂဇင်း…။

ပြန်​​တွေးကြည့်​လျှင်​ လွမ်းရပါ၏။ ထိုအချိန်​က လှည်း​ နေ​လှေ​အောင်း မြင်း​ဇောင်းသာမက…၊ မြင်းလှည်း​မောင်းသူများပင်​ ဆရာ​သော်​တာ​ဆွေကို အားကျ၍ စာဖတ်​ကြသည့်ခေတ်​။ လစဉ်​ထုတ်​မဂ္ဂဇင်းများမှာလည်း စုံလင်​လှသည်​။ မိုး​ဝေ၊ ရှုမဝ၊ ​ငွေတာရီ၊ ချယ်​ရီ၊ ရုပ်​ရှင်​​တေးကဗျာ၊ ဟန်​သစ်​၊ စံပယ်​ဖြူ၊ သဘင်​၊​ ရနံ့သစ်​၊ ရုပ်​ရှင်​အမြု​တေ၊ အမျိုးအစားစုံလင်​လှသည်​။ မှတ်​မှတ်​ရရ မ​ဟေသီထွက်​​သောအခါ စာ​ရေးဆရာမင်းသိင်္ခ၏ မ​ဟေသီဝတ္ထုတို​လေးပါလာတာ မှတ်​မိ​နေ​သေးသည်​။

စာအုပ်​အငှားဆိုင်​​လေး၏ စာအုပ်​ငှားနှုန်း တ​ဖြည်းဖြည့်းခြင်း ​လျှော့ကျလာခဲ့ပုံလည်းကို ခု​နေခါစာ​ရေးရင်းပင်​ ပြန်​မြင်​မိသည်​။တရုတ်​ပြည်​လုပ်​ကက်​ဆက်​များ ​ဖော​ဖောသီသီဝင်​လာခြင်းနှင့်​အတူ အသံသွင်းဇာတ်​လမ်း​ခွေများလည်း တစ်​​ခေတ်​ဆန်းခဲ့ပါသည်​။ မိသားစုရပ်​တည်​​ရေးအတွက်​ တိပ်​​ခွေ အငှားဆိုင်​​လေးကိုပါ တွဲခဲ့ရသည်​။ ထိုအချိန်​တွင်​ တနိုင်​ငံလုံးလိုလို၊ စာ​ပေ…ဆို​သော​နောက်​က တိပ်​​ခွေအငှားဆိုင်​ဆို​သော အမြီးက​လေး တပ်​ခဲ့ကြရသည်​။ ဝင်​​ငွေ​ကောင်း​သော်​လည်း စာအုပ်​ကြီးပဲ သီးသန့်​ငှား​သောဆိုင်​လို ရသမချိုနိုင်​​တော့…။

ကျွန်​​တော်​ဖတ်​မိ​သော ​ကြော်​ငြာ​လေးလိုပင်​ မြရည်​စမ်းစာ​ပေသည်​လည်း ဆက်​လက်​ရပ်​တည်​ဖို့ရာ မဖြစ်​နိုင်​​သော တနေ့ တွင်​ ပိတ်​လိုက်​ရပါသည်​။ ထို​နေ့က ကျွန်​​တော်​ ဝမ်းနည်း​နေပါသည်​။ ကျွန်​​တော်​နှစ်​သက်​​သော စာအုပ်​များကို ပီနန်​အိတ်​ကြီးထဲထည့်​​နေ​သော အမျိုးသမီးကြီးကို စိတ်​တို​နေမိသည်​။ ​မေ​မေကဂျာနယ်​​ကျော်​မမ​လေး၏ ကမ္ဘာ​မြေဝယ်​စာအုပ်​က​လေးကို မ​ရောင်းချင်​ဘဲ ​ရောင်း​ပေးလိုက်​ရ၍ စိတ်​မ​ကောင်းဖြစ်​​နေရှာသည်​။ ​တွေး တစိမ့်​စိမ့်​ကို​တော့ အမှတ်​တရ အဖြစ်​သိမ်းထားပါရ​စေ ဆိုပြီး ​တောင်းပန်​လိုက်​သည်​။ အ​ဖေက ဆရာမြသန်းတင့်​၏စာအုပ်​များကို ‘ ဟိုက လူ​ငယ်​​တွေ ဖတ်​ကြပါ​စေကွာ၊ သိမ်းမထားပါနဲ့​တော့’ ဆိုပြီး ထည့်​​ပေးလိုက်​တာကို မှတ်​မိ​နေ​သေးသည်​။ ကျွန်​​တော်​တို့ စာအုပ်​အငှားဆိုင်​​လေးမှ စာအုပ်​အကုန်​လုံးကို ဖားကန့်​​ ​ကျောက်​​မှော်​တွင်​ အငှားဆိုင်​ဖွင့်​မည့်​ အမျိုးသမီးကြီးမှ ဝယ်​ယူသွားခြင်းပင်​ ။
———————

အထက်​ပါအ​ကြောင်းအရာများသည်​ လွန်​ခဲ့​သော နှစ်​​ပေါင်းသုံးဆယ်​​ကျော်​က အဖြစ်​များပါ​ပေ။ ကျွန်​​တော်​သည်​လည်း ဘဝအ​နေအထားမျိုးစုံ၌ ကျင်​လည်​ရင်း ​နေရာ​ဒေသအမျိုးမျိုးသို့ ​ရောက်​ခဲ့ရသည်​။ ​ရောက်​သည့်​မြို့တိုင်းတွင်​ စာအုပ်​အငှားဆိုင်​က​လေးများ ဘယ်​နားရှိသနည်းဟု စုံစမ်းကာစာအုပ်​ ငှားဖတ်​​လေ့ရှိသည်​။ ပဲခူး၊ ​ရေတာရှည်​၊ ကြို့ပင်​​ကောက်​၊ ​တောင်​ငူ၊ သာစည်​၊ မြစ်​သား၊ ဗန်း​မော်​၊ က​လေးဝ၊ ​မော်​လိုက်​၊ ထီးချိုင့်​၊ ထားဝယ်​၊ မြစ်​ကြီး နား စသဖြင့်​​တွေးမိရာ ကုန်​ပင်​မကုန်​​တတ်​​သေး။ စာအုပ်​အငှားဆိုင်​ဖြင့်​ မရင်းနှီး​သေးလျှင်​ မှတ်​ပုံတင်​(နိုင်​ငံသားစိစစ်​​ရေးကဒ်​ပြား) အပ်​ကာ ငှား၍ ရခဲ့​ သေးသည်​။ နောက်​​တော့ ထိုကဒ်​ပြားကို စာအုပ်​အငှားဆိုင်​ကပင်​ လက်​မခံချင်​​တော့။ ​ငွေစ​ပေါ်တင်​ကာ ငှားဖတ်​ခဲ့ရသည်​။

ကျ​နော်​ယခု​နေထိုင်​ရာ ကချင်​ပြည်​နယ်​မှ မြို့​လေးဆိုလျှင်​ စာအုပ်​ဆိုင်​တဆိုင်​သာ ကျန်​​တော့သည်​။ ​ကျောက်​စိမ်း​ပေါသည်​။ မူးယစ်​​ဆေးဝါး​ပေါသည်​။ ငွေ​ကြေး​လည်း သူများနယ်​ထက်​စာလျှင်​ ​ပေါများပါ​သေးသည်​။ စာအုပ်​အငှားဆိုင်​က​တော့ ရှားပါးလွန်းလှသည်​။ ပြောင်းပြန်​အချိုးကျစွာ ယစ်​​ဆေးသား​ ကောင်​ လူငယ်​များက​တော့ လက်​ညှိုထိုးမလွဲ။

မနက်​က ​ဈေးမှအပြန်​တွင်​ လက်​ဖက်​ရည်​ဆိုင်​​လေးတစ်​ဆိုင်​သို့ ဝင်​ထိုင်​ဖြစ်​သည်​။ မှာထား​သော လက်​ဖက်​ရည်​ကို​​စောင့်​ရင်း စားပွဲ​ပေါ်မှ ဂျာနယ်​​လေးတ​​စောင်​ကို ယူဖတ်​မိသည်​။ စိတ်​မ​ကောင်းစရာ သတင်းတပုဒ်​ကို ကျွန်​​တော်​ဖတ်​ရပါသည်​။

အင်​တာဗျူးဆန်​ဆန်​သတင်းဖြစ်​သည်​။ ကျွန်​​တော်​​နေထိုင်​ရာပြည်​နယ်​အတွင်းဝယ်​ အကျဉ်း​ထောင်​တခု ထပ်​မံတည်​​ဆောက်​ပြီးစီးသည့်​အ​ကြောင်း၊ အကျဉ်း​ထောင်​တိုးလာ၍ အကျဉ်းသားများ သက်​​တောင့်​သက်​သာ​နေထိုင်​ကြရသည့်​ အပြင်​ လည်း​ကောင်းတို့မိသားစုများအ​နေဖြင့်​ ​ထောင်​ဝင်​စာ တွေ့ကြသည့်​ အခါ နီးနီးနားနားလာ​တွေ့ကြရသည်​ဖြစ်​၍ မပင်​ပန်း​တော့​ကြောင်း ဖြစ်​၏။ အင်​တာဗျူးပြီးခါနီး​လေးတွင်​ အကျဉ်း​ကျခံ​နေရသူ အများစု သည်​ မူးယစ်​​ဆေးဝါးမှုဖြင့်​ ကျ​နေကြခြင်းဖြစ်​ပြီး အသစ်​ဖွင့်​သည့်​ အကျဉ်း​ထောင်​မှာ သတ်​မှတ်​အကျဉ်းသား ပြည့်​လုပြည့်​ချင်​ ဖြစ်​​နေပြီဆိုသည့်​ အ​ကြောင်း​ဖြေဆိုထားသည်​။
————————–

အငှားဆိုင်​ပိုင်​ရှင်​နှင့်​ မရင်းနှီး​သေးလျှင်​ မှတ်​ပုံတင်​ (နိုင်​ငံသားစိစစ်​​ရေးကဒ်​ပြား) ကို အာမခံအဖြစ်​​ပေး၍ ငှားရမ်းခွင့်​ရ​သော စာအုပ်​အငှား ဆိုင်​​လေးများကို ကျွန်​​တော်​လွမ်း​နေမိပါသည်​။

ကျော်​​ကျော်​ (မြရည်​စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts