ရသဆောင်းပါးစုံ သားကြီးမောင်ဇေယျ

သားကြီးမောင်ဇေယျ ● မယုံရဲရဲ ရဲရဲမယုံ

သားကြီးမောင်ဇေယျ ● မယုံရဲရဲ ရဲရဲမယုံ
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂ဝ၁၈

‘မောင်ရင်ကြားပြီးပြီလား’

စာရေးဆရာထက်မြက်ရဲ့အသံက ဖုန်းထဲကခုန်ထွက်လာပါတယ်။

‘ပြောပါဆရာ ဘာထူးလို့လဲ’

‘ရိုက်တာက သတင်းသမားနှစ်ယောက်အဖမ်းခံရလို့တဲ့ … အဲဒါ ဟုတ်မဟုတ် ခင်ဗျားကိုလှမ်းမေးတာ’

ကျနော်အောက်ထပ်က သတင်းခန်းကို ချက်ချင်းဆင်းမေးပါတယ်။

‘ဟုတ်တယ်ဦးဇေ ခုပဲလိုင်းပေါ်တက်နေတယ် ၊ ဘာကြောင့်လဲဆိုတာတော့ အတည်ပြုလို့မရသးဘူး’

ဆရာထက်မြက်ဆီကို ကြားတဲ့သတင်းမှန်ကန်ကြောင်းနဲ့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးတဲ့အကြောင်း အကြောင်း ပြန်လိုက်ပါတယ်။

သတင်းခန်းထဲမှာလည်း အဲဒီသတင်းကို သတင်းထောက်တွေက အတည်ပြုဖို့ကြိုးစားနေကြပါတယ်။ မကြာခင်ပဲ ရိုက်တာက သတင်းသမား နှစ်ယောက်ကို ရဲ ဖမ်သွားတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းသမားတစ်ယောက်ဟာ အခက်အခဲတခုခု ကြုံတာနဲ့ ချက်ချင်း သူယုံကြည်ရတဲ့ သတင်းထောက်တစ်ယောက်ယောက်၊ ဒါမှ မဟုတ် သူ့တာဝန်ထမ်းဆောင်နေရတဲ့ သတင်းဌာနကို ချက်ချင်းအကြောင်းကြားရပါတယ်။ ဒါဟာ သတင်းသမားတိုင်း ချက်ချင်းလုပ်ရမယ့် လုပ်ဆောင်ချက်ပါ။ သူပေးလိုက်တဲ့သတင်းကို သူမိတ်ဆွေသတင်းသမားက အခြားသတင်းထောက်တွေ ဆီကိုချက်ချင်းဖြန့်လိုက်ပြီး လိုင်းပေါ်မှာတိုင်ပင်လိုက်ကြပါတယ်။ သက်ဆိုင်ရာသတင်းဌာနတွေ၊ သက်ဆိုင်ရာ အာဏာပိုင် တွေ၊ နိုင်ငံတကာ သတင်းဌာနတွေ တွေဆီကို ချက်ချင်း သတင်းရေးပို့သူက ပေးပို့ အတည်ပြုချက်ရယူသူက ရယူကြပါတယ်။ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သတင်းသမားကိုဒုက္ခတွင်းက ချက်ချင်းလွတ်မြောက်အောင် လုပ်ဆောင်ကြပါတော့တယ်။ သတင်းသမားရဲ့နောက်ဆုံးအခြေအနေကိုလည်း သတင်းကွန်ယက်တွေကတဆင့် သတင်းသမားအချင်းချင်း စဉ်ဆက် မပြတ် အကြောင်းကြားလေ့ရှိပါတယ်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးပြီး ၁၆ ရက်အကြာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ သတင်းထောက် မိ သားစုဝင်တွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ …

“ရဲကနေဖုန်းနဲ့ချိန်းတယ်၊ ဒီနေ့လာယူပါ၊ ဒီနေ့လာယူရမယ်ဆိုလို့သွားယူတာ၊ စာရွက်စာတမ်းက ဘယ်လိုစာရွက်စာတမ်း တွေ၊ ဘာတွေရေးထားတယ်ဆိုတာ သူတို့မသိရဘူး၊ ရဲတစ်ယောက်က စာလိပ်နှစ်လိပ်ကို တစ်ယောက်တစ်လိပ်ပေးပြီးပြန်လွှတ်တာ၊ ပြန်ထွက်ထွက်ချင်းပဲ ရဲလေးငါးယောက်ကနေ ဝိုင်းဖမ်းတာ” လို့ ကိုဝလုံးရဲ့ဇနီးက ကိုဝလုံးပြောတဲ့အကြောင်း ပြန်ပြောပါတယ်။

NLD ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်သတင်သမားတွေနဲ့ တွေ့ဆုံ တဲ့အခါ သတင်းထောက်နှစ်ယောက်ကိုဖမ်းတာဟာ ထောင်ခြောက်ဆင်ဖမ်းတာဖြစ်တယ်လို့ ရှင်းရှင်းဘွင်းဘွင်းပဲပြောပါတယ်။ သတင်းသမားတွေက ဦးဝင်းထိန်ကတော့လုပ်ချလိုက်ပြန်ပြီလို့ အချင်းချင်း ခပ်တိုးတိုးပြောကြပါတယ်။

ကျနော့်မသိစိတ်ကလည်း ဦးဝင်းထိန်ပြောစကားကို ချက်ချင်းလက်ခံလိုက်မိပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ အရပါ။

၂ဝ၁၁ ခုနှစ်က ကျနော် မန္တလေးထောင်က သီပေါထောင်ကိုပြောင်းရတဲ့အခါ ကျွန်တော့်ဘေးမှာ ရဲအစောင့် ၅ ယောက် လောက်ပါပါတယ်။ စောင့်ကြပ်ရတဲ့ရဲတွေလည်း ပြောင်းတို ပြောင်းရှည်သေနတ်တွေ တကားကား။ ကျနော်ကတော့ လက် ထိပ်တွေ၊ သံခြေကျင်းတွေ တန်းလန်းနဲ့။ မန်း – လားရှိုး ရထားကလည်းကျပ်လိုက်တာ နှစ်ယောက်ထိုင်ခုံပေါ်မှာ သုံး ယောက်ထိုင်၊ တစ်ယောက်ပေါင်ပေါ်တစ်ယောက်ထိုင်၊ ထိုင်ခုံနောက်မှီပေါ်မှာလည်း တက်ထိုင်သူတွေထိုင်၊ ထိုင်ခုံဘေး လူသွားလမ်းပေါ်မှာလည်း တစ်ယောက်ပေါ်တစ်ယောက်ထပ်။ ကြပ်မှကြပ်တဲ့ ရထားပါ။

ရထားဟာမေမြို့ဘူတာကိုလွန်လာပြီ၊ နေကလည်းလင်းစပြုနေပြီမို့ ကျွန်တော်နဲ့ရဲ အစောင့်တွေဟာ တစ်ယောက်မျက်နှာကို တစ်ယောက် ထင်ထင်ရှားရှားမြင်နိုင်ကြပါပြီ။ ရဲတပ်သားတွေဟာ အသက် ၂ဝ နဲ့ သုံးဆယ်ဝန်းကျင်တွေပါ။ သူတို့က ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ဖို့ အတတ်နိုင်ဆုံးရှောင်ရှားနေတာကို သတိထားမိပါတယ်။ ကျွန်တော်စကားစလိုက်တဲ့အခါတိုင်း သူ တို့ မကြားသလိုနေကြပါတယ်။ ကျွန်တော်နဲ့ စကားမပြောရဆိုတဲ့အမိန့်ကို သူတို့ အတိအကျလိုက်နာနေတာ သိသာပါ တယ်။ ကျွန်တော် ဘယ်သူ ဘယ်ဝါဆိုတာကို သူတို့ သိခွင့်ရှိပုံမရပါ။ ထမင်းစားချိန် ရထားဘူတာရောက်တော့ ထမင်ဝယ် ကျွေး၊ ရေဝယ်တိုက်၊ ဒါပေမယ့် စကားတော့မပြောပါ။

နေလည်ဘက်ရောက်တော့ သူတို့ ရဲအချင်းချင်းစကားတွေ ဖောင်ဖွဲ့နေပါပြီ။ သူတို့ဘဝ သူတို့အတွေ့အကြုံတွေပါ။

‘အဲဒီညက ကောင်မတော့ တော်တော်ပြိုင်းသွားတယ်၊ တညလုံးပဲ။ ငါလည်းတော်တော် တော်တော်ကုန်သွားတယ်။ မနက် ရောက်တော့ တည်းခိုခန်းကနေ တရားရုံးကို အမှီသွားရတယ်။ စခန်းကိုလည်း သတင်းပို့ရတယ်။ အသွင်ယူဖမ်းရတာ စား သာပေမယ့် တော်တော်ပင်ပမ်းတယ်။ တရားရုံးတင်တော့ ကောင်မက တရာသူကြီးရှေ့မှာ ငါ့ကိုပြောသေးတယ်။ ညတုန်းက သောက်ခွက်ကတမျိုး အခုသောက်ခွက်ကတမျိုးတဲ့ …  ဟား … ဟား …. ဟား’

သူတို့ပြည့်တန်ဆာတစ်ယောက်ကိုဖမ်းတဲ့အကြောင်း အတွေ့အကြုံတွေ ‘ရှယ်’ နေကြတာပါ။ ကျွန်တော်ကတော့ သူတို့ရယ် သံတွေကို မကောင်းဆိုးဝါးရယ်သံတခုလို အခုထိကြားနေပါသေးတယ်။ သတင်းသမားတွေတက်ရောက်ခွင့်ရတဲ့ ကျားမ ဂျန်တာသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေတက်ရတိုင်း အဲဒီမကောင်းဆိုးဝါးရယ်သံဟာ ကျွန်တော့်နားမှာ ကျယ်ကျယ် လောင်လောင် ပြန်ပေါ်တတ်ပါတယ်။ ကူညီပါရစေဆိုတဲ့စာတန်းကိုမြင်လိုက်တိုင်း မကောင်းဆိုးဝါးတစ်ယောက်ရဲ့ကျိန်စာ ကိုဖတ်မိသလို ကြက်သီးတွေတဖျန်းဖျန်းထမိပါတယ်။ ကျွန်တော့်ရဲ့နက်ရှိုင်းတဲ့ရင်ထဲမှာ ပြည်သူ့ရဲတွေအပေါ် အဆိုးမြင်မှု တွေ အမြစ်တွယ်နေတာကို ကျွန်တော်သတိပြုမိပါတယ်။

ခေတ်တွေလည်းပြောင်းခဲ့ပါပြီ၊ စနစ်တွေလည်းပြောင်းခဲ့ပါပြီ။ ပြောင်းလဲချိန်တန်ပြီ၊ စိတ်ဓါတ်တွေ၊ အတွေးအမြင်တွေက စ ပြီးပြောင်းရမယ့် အချိန်ရောက်ပါပြီ။ ကျွန်တော့်စိတ်တွေ ခံစားမှုတွေကို အကောင်းမြင်တတ်အောင်လေ့ကျင့်နေရပါပြီ။ အထူးသဖြင့် သတင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးနေရသူမို့ အဘက်ဘက်က မျှတတဲ့အတွေးတွေရှိဖို့ ကြိုးစားနေ ရပါပြီ။

ဦးဝင်းထိန်ပြောသလို သတင်းသမားနှစ်ယောက်ကိုထောင်ဖမ်းတာဆိုတဲ့အမြင်ကို အတတ်နိုင်ဆုံးဖျောက်ဖျက်ဖို့ ကျွန်တော် ကြိုးစားပါတယ်။

ဒါပေမယ့် ရဲကနေဖုန်းနဲ့ချိန်းတယ် ဒီနေ့လာယူပါ၊ ဒီနေ့လာယူရမယ်ဆိုလို့သွားယူတာ၊ ရဲတစ်ယောက်က စာလိပ်နှစ်လိပ်ကို တစ်ယောက်တစ်လိပ်ပေးပြီးပြန်လွှတ်တာ၊ ပြန်ထွက်ထွက်ချင်းပဲ ရဲလေးငါးယောက်ကနေဝိုင်းဖမ်းတာဆိုတဲ့ ကိုဝလုံးပြော စကားကို သူဇနီးက သတင်းစာရှင်းလင်းပွဲမှာပြန်ပြောလိုက်တာကိုကြားလိုက်ရတော့ … ကျွန်တော့်စိတ်တွေ နောက်ပြန်လှည့် မသွားအောင် သတိကြီးကြီးနဲ့ထိမ်းထားရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုနဲ့လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကား ဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတွေရဲ့မဟုတ်မမှန်လုပ်ဆောင်နေတာတွေ တိုင်ကြားဖို့ပြောသွားတာကြားလိုက်ရတော့ ကျွန်တော့်စိတ်ခြေလှမ်း တွေက ရှေ့ဆက်လျှောက်ဖို့ အတွင်းအားတွေရလာပြန်ပါတယ်။

ဒါပေမယ့်
ဘယ်ကိုတိုင်ကြားရမှာလဲ …
ဘယ်လိုတိုင်ကြားရမှာလဲ …
ဘယ်လိုအရေးယူပေးမှာလဲ …
စတာတွေ ရှင်းရှင်းလင်းမရှိသေးတဲ့အချိန်မို့ စိတ်ထဲမှာ မယုံရဲရဲ ရဲရဲမယုံနဲ့ပဲ ရှေ့ဆက်လျှောက်ရပါဦးမယ်။

သားကြီးမောင်ဇေယျ
(၃ဝ-၁၂-၂ဝ၁၇ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts