ရသဆောင်းပါးစုံ

မင်းကိုနိုင် ● ရင်ခွင်တောင်းနေသူများ

မင်းကိုနိုင် ● ရင်ခွင်တောင်းနေသူများ
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူသည်။

မိဘမဲ့ကလေးများဂေဟာတခုသို့ ကျနော်ရောက်သည်။ မွေးကင်းစမှ မူလတန်းကျောင်းနေသည်အထိ အရွယ်စုံ ကလေးများ ကို တွေ့ရပါ၏။ ကျောင်းနေအရွယ်များကို မြင်စဉ်က အလိုက်သင့် နှုတ်ဆက်အားပေးစကားပြော ထောက်ပံ့ခဲ့ကြသူများမှာ ရင်ခွင်ပိုက်အရွယ်များထားရှိရာ အခန်းသို့ရောက်လျှင်ကား ဂရုဏာယိုဖိတ်ကာ အပါးသို့ ချည်းကပ်ကြသည်။ အခန်းဝတွင် ဧည့်သည်များ စနစ်တကျလက်ဆေးရန် သတိပေးထားသည်ကို ယခုမှ သဘောပေါက်တော့သည်။

အနှီးဖြင့်ထွေးထားသော မွေးကင်းစနီတာရဲကလေး၊ ပက်လက်အနေအထားဖြင့် ယက်ကန်ယက်ကန်ကလေး၊ ဝမ်းလျားထိုး ကလေး၊ ငုတ်တုတ်ထိုင်လျက်ကလေးများ တိကျသည့် စကားလုံးဖြင့် ဖော်ပြရလျှင် စွန့်ပစ်ခံကလေးများ။သူတို့မျက်လုံးကလေးများကို ကြည့်ပါ၊ တစုံတရာကိုတောင်း ခံနေသည့် နှယ်။ ကစားစရာတွေပေးထားပေမယ့် မပျော်၊ အာဟာရကျွေးထားပေမယ့် မလုံလောက်၊ သူတို့လိုအပ်နေတာ စကားနှင့်မပြောတတ်ပေမယ့် မျက်လုံးတွေနှင့်ပြောနေ၏။

ရင်ခွင်တောင်းနေခြင်း(သို့မဟုတ်)ချီပွေ့သူကို မျှော်နေခြင်းပင်။ ဒါကိုမြင်သူတိုင်း စာနာစိတ်ကလက်တွေကို အလိုလို ဆန့် ထွက်စေရမြဲ။

ချီပွေ့သူလက်ထဲရောက်သွားသည့် ကလေးတိုင်းမျက်လုံးကလေးများကို ကြည့်ပါ။ လုံခြုံမှုရ သွားသည့်အတွက် ကြည်နူးသွား ရသည့်အရောင်တွေနှင့်။ ခေါင်းကလေးတွေကို နီးရာရင်ခွင်ထဲ မှီအပ်လိုက်ကြပုံ။ သူတို့ကို ချမထားခဲ့ရန် တောင်းပန် နေကြသယောင်။

ထိုအတွေ့အကြုံကို ကျနော် ပြည်သူ့အရေးဂျာနယ်တွင် ဆောင်းပါးရေးခဲ့ပြီးပါပြီ။ ယခုပြန်၍ အစအဆုံး စာစီစာရိုက်လုပ်ရန် မအားလပ်ပါ၍ ဆောင်းပါး၏ နိဂုံးအပိုဒ်ကို စာမြည်းမျှ ပြန်လည်ဝေငှလိုက်ပါသည်။
*****

ကလေးတယောက်သည် သူ့အားပိုက်ထွေးထားသူရင်ခွင်ထဲမီလျက် နို့ဗူးကို ဇိမ်ကျကျစို့နေသည်။ သူ့ လက်ကလေးတွေက တလှုပ်လှုပ်နှင့် စကားတစုံတရာ ပြောနေသည်သို့။

ကျနော်က ဒီကလေးတွေကိုကြည့်ရင်း မနက်ဖြန်များစွာကို မျှော်ကြည့်မိသည်။ ဒီနေ့အထိတော့ နေစရာ အမိုးအကာပေးသူ၊ အာဟာရဖြည့်စရာ ပေးသူတွေရှိပါရဲ့၊စာသင်ပေးနေသူတွေလည်းရှိပါရဲ့။ သူ့တို့နဲ့တွဲလျက် ပွေ့ဖက်ဓါတ်ပုံရိုက်သူတွေလည်း ရှိပါရဲ့။ ဒါပေမယ့် သူတို့ရဲ့ အသက်မွေးမှု ဘဝလမ်းကြောင်းရွေးချယ်မှု အတတ်သင်မှုတွေအတွက် ဘယ်သူက ဘယ်လို အာမခံ နိုင်ပါသလဲ။

မိဘမဲ့ကလေးတွေတန်းစီလျက် အစာမစားမီအလှူရှင်မိသားစုတွေအတွက် ဆုတောင်းပေးနေတာတွေ့တိုင်း ကျနော်က သူတို့ရဲ့ ရှည်လျားသော ဘဝလမ်းတွေပေါ် လျှောက်ရမည့်ခြေလှမ်းတွေအတွက်သာ ပူမောမောနေ မိပါသည်။

သနားပါတယ်၊ နိုင်သလောက်ထည့်ခဲ့ကြရအောင် ထမင်းဟင်းကောင်းကောင်းချက်ကျွေးလိုက်ကြရအောင်၊ စာအုပ်အဝတ် အစား ထောက်ပံ့ကြရအောင် အဲသလို ကျနော်တို့ လူစု၍လွယ်သလို၊ အိတ်ထဲလက်နှိုက်လွယ်ကြပါလိမ့်မည်။ သည်ထက်ပို၍ ဘာများတတ်နိုင်ပါသေးသနည်း။

ကျနော့်မေးခွန်းအပူ ကျနော်မယူနိုင် မဖြေနိုင်။

ရင်ခွင်တောင်းနေသည့် ကလေးတယောက်ကို ကောက်ချီလိုက်သည်။ အမျှော်ကြီးမျှော်သမျှ အပျော်ကြီးပျော်သွားသည့် သူ့မျက်နှာကိုကြည့်ရင်း ချိုမိုင်မိုင်ကအောင် ကျနော်က လက်ဖဝါးလေးဖြန့်ချီ ဆုပ်ချီ လုပ်နည်း သင်ပေးသည်။ သူ့အား တစုံတရာသင်ပေးနေမှန်းသူကောင်းစွာသိပုံရပါ၏။ သို့သော် မသင်ယူပါ၊ သူ့အားစွန့်ချသွားမည့် အရေးကိုသာစိုးရိမ်ဟန်ဖြင့် ကျနော့်အားဖက်တွယ်ထားမှုကို ပိုတင်းကျပ်လိုက်ခြင်းဖြင့် တုန့်ပြန်သည်။

အရွယ်နှင့်မမျှသော သူ့ပူပန်မှုကို ကျနော်အကူးစက်ခံလိုက်ရသည်။ သူ့လက်ကလေးက ကျနော့်ပုခုံးကို မလွတ်စတမ်း ဖက် တွယ်ရန် အားကိုတကြီးတင်လာပြီ

နို့စို့ကလေး၏ လက်တဖက်တင်ရုံတော့ ကျနော်တို့ ပုခုံးတွေခံနိုင်သည်ပေါ့။

သူတို့ဘဝလမ်းတွေကိုရော၊ ကျနော်တို့ပုခုံးတွေ ထမ်းနိုင်ပါမလား။

မင်းကိုနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts