ရေခြားမြေခြား မြန်မာများ

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃

 

 

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

ကယ်လီဖိုးနီးယားပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရရှိတယ်။ မြန်မာပြည်က ပြည်နယ်အစိုးရအဖွဲ့လို ပြည်နယ်ဝန်ကြီးချုပ်တော့မရှိ။ ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) က အုပ်ချုပ်တယ်။ ဒီလူကို ပြည်နယ်သားတွေက လေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ နှစ်ကြိမ်ဆက်တိုက်ထက် ပိုလုပ်ခွင့်မရှိ။

အမေရိကားက ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုမို့ သူ့မှာလည်း ပြည်နယ်လွှတ်တော်နှစ်ခုရှိတယ်။ ပြည်နယ်ရဲ့အထက် အောက်လွှတ်တော်နှစ်ခုလုံးမှာ ဒီမိုကရက်အမတ်တွေပဲ လွှမ်းမိုးကြတယ်။ ရှေးရိုးစွဲတွေနည်းတဲ့ပြည်နယ်မို့ ရှေးရိုးစွဲရီဗတ်ဗလီကန်တွေ အားမကောင်း။

ကယ်လီဖိုးနီးယား လက်ရှိ ဂါဗနာနဲ့ ယခင် ဂါဗနာဟောင်းကြီးများ (ဘရောင်း၊ ရီဂင်နဲ့ အာနိုး)
အရင်ကရေးဖူးခဲ့သလိုပဲ အစိုးရသုံးရပ်ရှိတဲ့ အမေရိကားမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဌာနေမြို့ရွာအစိုးရ သုံးခုလုံး သူ့အာဏာနဲ့သူ။ ရတဲ့အခွန်ကို ခွဲယူကြတယ်။ အလုပ်ကိုပေါင်းလုပ်ကြတယ်။ အစိုးတွေ သဘောကွဲကြရင် တရားရုံးမှာရှင်းတယ်။ တရားရုံးအဆုံးအဖြတ်ကအတည်။အာဏာက တစ်နေရာထဲမရှိတဲ့အတွက် အာဏာရှင်တွေဖြစ်လာမှာ ပူစရာမလို။ ဆုံးဖြတ်ချက်တွေပွတ်တိုက်မှုဖြစ်ရင် တရားရေးကအမြင့်ဆုံးအာဏာမို့ သူ့ဆုံးဖြတ်မှုကို လက်ခံရတယ်။ ဥပဒေပြုရေးအာဏာက လွှတ်တော်မှာ၊ အုပ်ချုပ်ရေးအာဏာက အစိုးတွေဆီမှာ။

အခု၂၀၁၈ကစပြီး ၂၁နှစ်ကျော်သူတိုင်း ကယ်လီဖိုးနီးယားမှာ တစ်ရက်ကိုဆေးခြောက်တစ်အောင်စအထိ တရားဝင်ဝယ်ယူသုံးစွဲခွင့်ရှိတယ်။ ၂၀၁၆ရွေးကောက်ပွဲမှာ ပြည်နယ်သားတွေက တရားဝင်သုံးခွင့်ပြုရေး မဲပေးခဲ့လို့ပဲ။ အိမ်မှာ ဆေးခြောက်ပင် ခြောက်ပင်ထိ စိုက်ခွင့်ရှိတယ်။ ပြည်နယ်အစိုးရကခွင့်ပြုတယ်။ ဗဟိုအစိုးရက ဆေးခြောက်တရားမဝင်လို့ ခွင့်မပြု။ တရားရုံးမှာရှင်းကြပေါ့။ လောလောဆယ်အထိတော့ တရားဝင်ဆေးခြောက်သုံးခွင်ပြုထားတယ်။ဆေးခြောက်တောင် တရားဝင်သုံးစွဲလို့ရတဲ့ပြည်နယ်မို့ လွတ်လပ်လှချည်လားလို့မထင်စေလို။ နည်းဥပဒေတွေနဲ့ ပြန်ချည်ထားတယ်။ ကိုယ့်အိမ်မှာပဲကိုယ်သုံးစွဲကြ။ မူးနေရင် ကားမမောင်းရ။

ဒီပြည်နယ်က ပြည်သူတွေသွားလာရာ နေရာတိုင်းမှာ ဆေးလိပ်မသောက်ရ။ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်မော၊ ပန်းခြံ နေရာအကုန်လိုလို မသောက်ရတော့ သောက်ဖို့နေရာ မရှိ။ သောက်ချင်လွန်းရင် အပြင်ထွက်ပြီး ဝင်ပေါက်နဲ့ ပေတစ်ရာအကွာမှာ သွားသောက်ပေတော့။ အခွန်ကလည်းကြောက်စရာကောက်သေးတော့ ဆေးလိပ်တစ်ဘူးက ရှစ်ဒေါ်လာနီးနီးပေးရမှာ။ ဈေးကြီး၊ သောက်ဖို့နေရာမရှိတော့ ဒီကိုရောက်လာတဲ့မြန်မာတွေ ဆေးလိပ်ပြတ်ကုန်ကြတယ်။ အသက်၂၁နှစ်မပြည့်ရင်လည်း ဆေးလိပ်မရောင်း။ အသက်ပြည့်ကြောင်း မှတ်ပုံတင်ပြမှ ရောင်းတယ်။ အရက်လည်းအတူတူပဲ။

ကိုယ့်တာဝန်ကိုယ်ယူ။ ကိုယ့်အခွန်ကိုယ်ပေး။ လူလည်ကျပြီးအခွန်ရှောင်သူတွေရှိပေမဲ့ မိရင် မသက်သာ။ အကြွေးကိုအတိုးနဲ့တွက်ဆောင်ခိုင်းတဲ့အပြင် နာမည်ပျက်စာရင်းသွင်းသေးတယ်။ မပေးနိုင်ရင် အကုန်သိမ်းပဲ။ ဒါကြောင့် အများစုက အခွန်မရှောင်ရဲကြ။ ပြည်နယ်အစိုးရက သူရတဲ့ငွေတွေနဲ့လည်ပတ်တယ်။ ပြည်သူတွေအတွက် ပြန်သုံးတယ်။

ပြည်နယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုက MediCal ဆိုပြီးသီးခြားရှိတယ်။ မြန်မာပြည်ကအလည်လာကြသူတွေ ဆေးပြချင်ရင်သုံးရတဲ့ အာမခံစနစ်။ ကယ်လီဖိုးနီးယားမှာနေပြီး ကျန်းမာရေးအာမခံမဝယ်နိုင်သူ၊ ဝင်ငွေမရှိသူတွေအားထားရတယ်။

ပညာရေးအနေနဲ့လည်း ပြည်နယ်က တက္ကသိုလ်စနစ်အမျိုးမျိုးထူထောင်ပြီး အဆင့်မြင့်ပညာတွေသင်ယူနိုင်အောင် ထောက်ပံ့ပေးတယ်။ ပြည်နယ်မှာတစ်နှစ်အနည်းဆုံးနေဖူးရင် ပြည်နယ်သားအဖြစ်အသိအမှတ်ပြုပေးတယ်။ ကျောင်းတက်ရင် ကုန်ကြငွေလေးပုံတစ်ပုံလောက်ပဲပေးရတယ်။ ပြည်နယ်တက္ကသိုလ်တွေထဲက ကယ်လီဖိုးနီးယားတက္ကသိုလ်(ဘာကလေ) (University of California, Berkeley)ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုပဲ။ ကယ်လီဖိုးနီးယားတက္ကသိုလ်(အယ်လ်အေ, ဆန်ဒီရေဂို,ဒေးဗစ်) (University of California, L.A, San Diego, Davis)တဲ့တက္ကသိုလ်ကြီးတွေကလည်း ကမ္ဘာကျော်တက္ကသိုလ်စာရင်းထဲမှာပါဝင်တယ်။ အစိုးရကျောင်းမဟုတ်တဲ့ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေထဲမှာ ထိပ်ဆုံးစာရင်းဝင် စတန်းဖို့ဒ်တက္ကသိုလ်(Stanford University)တို့ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်(University of Southern California)တို့ကလည်း အလွန်နာမည်ကြီး။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က တတ်နိုင်သူတွေရဲ့ကလေးတွေ ကယ်လီဖိုးနီးယားမှာ ပညာသင်ကြတယ်။ကယ်လီဖိုးနီးယားဟာ မပူလွန်းမအေးလွန်းတဲ့ မြေထဲပင်လယ်ရာသီဥတုရှိတယ်၊ သာမန်အားဖြင့် ငြိမ်းချမ်းတယ်၊ လူမျိုးအသားအရောင်ခွဲခြားမှုနည်းတယ်၊ အလုပ်အကိုင်ပေါတယ်ဆိုတဲ့ အချက်တွေကြောင့် အခြားပြည်နယ်တွေက အခြေချသူတွေအကြိုက်ဆုံးနဲ့နေလို့ အမေရိကားရဲ့နေလို့အကောင်းဆုံးမြို့တွေစာရင်းမှာ ဒီပြည်နယ်ကမြို့တွေကပဲ ထိပ်မှာရောက်နေတာဟာ အံ့သြစရာမရှိ။

မြန်မာတွေအတွက်ကယ်လီဖိုးနီးယား၊ ရွှေနိုင်ငံက ရွှေတွေအတွက် ရွှေပြည်နယ်ကို မိတ်ဆွေသူငယ်ချင်းတွေ လာလည်ကြပါဦးလို့ ဖိတ်ခေါ်ရင်း ဟယ်လို…ကယ်နီဖိုးနီးယား မိတ်ဆက်ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ(ခ) မောင်ရေခဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts