ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ ခေတ်ပြိုင်အတွေ့အကြုံ

မောင်တူး ● ရန်ကြီးအောင် စိန်ဝင်း (၂၇) ကျောက်တိုင်

မောင်တူး ● ရန်ကြီးအောင် စိန်ဝင်း (၂၇) ကျောက်တိုင်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

သူ့ဇာတိ ရန်ကြီးအောင်ရွာကို အစွဲပြုပြီး ဦးစိန်ဝင်း (၁၉၃၅-၁၉၉၁) ကို ရန်ကြီးအောင်စိန်ဝင်းလို့ ခေါ်ကြတယ်။ တကသ ဒုဥက္ကဋ္ဌ၊ ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ မဆလ ထောင်တွင်းတိုက်ပွဲ ခေါင်းဆောင်၊ ကိုကိုကျွန်း အစာငတ် ခံ တိုက်ပွဲဝင်ခဲ့သူ ဦးစိန်ဝင်းဟာ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၊ ည ၁ဝ နာရီက အင်းစိန်ဆေးရုံမှာ ကျဆုံးသွားခဲ့တာ အခု ၂၇ နှစ်ပြည့်ပြီ။

ရန်ကုန်မှာ စာအုပ်အဟောင်းဆိုင်တွေ ရှိတယ်။ ပန်းဆိုးတန်းစာအုပ်တန်းကို လမ်းလျောက်ရင်း “လွမ်းလေသမျှ” လို့ အမည် ရတဲ့ ထောင်တွင်းကျဆုံး နိုင်ငံရေးအကျဉ်းသား (ခရမ်း) ဦးတင်မောင်ဝင်းအကြောင်းစာအုပ်ဟောင်းကလေး ဝယ်ဖြစ်တယ်။ “နီအောင်မေသု” အမည်ရှိတဲ့ာအုပ်ကိုလဲ ကျပ် ၅ဝဝ နဲ့ဝယ်ခဲ့ဘူးတယ်။ “ရှစ်စက္ကန့်ငြိမ်” AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းထုတ်စာအုပ်ကိုလဲ ကျပ် ၁ဝဝဝ နဲ့ ဝယ်ခဲ့ဘူးတယ်။ စာအုပ်ဟောင်းလေးတွေထဲက ထောင် တွင်းကျဆုံးသူတွေရဲ့ အထုပ္ပတ္ထိတွေဖတ်ရသပေါ့။ ဒါပေမဲ့ ရန်ကြီးအောင်စိန်ဝင်းအကြောင်းစာအုပ်ကိုတော့ အဟောင်းတန်း က ရခဲ့တာမဟုတ်။ ရန်ကုန်မှာနေသူ သုံးခွသား ကိုအေးထွန်းအိမ် စာအုပ်ပုံကနေရခဲ့တာ။

စာအုပ်အဖုံးနီမှာ ဦးစိန်ဝင်း တကသဒုဥက္ကဋ္ဌဘဝ ရန်ကုန်တက္ကသိုလ်၊ တကသအဆောက်အဦထဲမှာ ထိုင်နေပုံ၊ ခွပ်ဒေါင်းအဝါ ရောင်အလံ၊ ဗမာပြည် ကွန်မြူနစ်ပါတီအမှတ်တံဆိပ်တွေတွဲပြီး ဒီဇိုင်းဆွဲဖေါ်ပြထားတယ်။ ဒါပေမဲ့ စာအုပ်ကို အမည် မပေး ထားဘူး။ စာအုပ်အဖွင့်မှာပဲ ရန်ကြီးအောင်ကိုလေးစားတဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ ဂုဏ်ပြုကဗျာကိုတွေ့ရမယ်။ ဆရာတင်မိုး ဟာ ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူ့ဘက်တော်သားတွေကျဆုံးသွားတိုင်း သူတို့ရဲ့ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းဝင် လုပ်ဆောင် မှုတွေအတွက် ကဗျာတွေကို ရေးလေ့ရှိတယ်။ ရန်ကြီးအောင်စိန်ဝင်းအတွက်လဲ ရေးပေးခဲ့တယ်။ ဒါပေမဲ့ ဒီကဗျာကို ယပ် တောင်မှာ ပုံနှိပ်ပြီးမှ ဖေါ်ပြခွင့်မရခဲ့ပါ။ စစ်ထောက်လှမ်းရေးတွေက အားလုံးကို သိမ်း သွားခဲ့တယ်။

 

သူရဲကောင်းကျောက်တိုင်
=====

ရဲဘော်လိုလူ
ပြည်သူရဲ့ ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။

ရဲဘော်ရဲ့ ရိုးဂုဏ်
ဖြောင့်မတ်တဲ့ဂုဏ်
ပြတ်သားစွာရပ်တည်တဲ့ဂုဏ်
ဒီဂုဏ်တွေဟာ
ရဲဘော်ရဲ့ကျောက်တိုင်ပမာ
စံနမူနာအဖြစ်
မော်ကွန်းသစ်တင်လိမ့်မယ်။

ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ
မြန်မာပြည်ရဲ့ အလင်္ကာ။

 
ရဲဘော်ရဲ့စိတ်ဓာတ်
မြင့်မြတ်ကြီးကျယ်မှုဟာ
မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။

(သုံးခွကရဲဘော်ကြီး – ကိုစိန်ဝင်းသို့)
တင်မိုး

ရန်ကြီးအောင် စိန်ဝင်းကို ရန်ကုန်တိုင်း၊ သုံးခွမြို့၊ ရန်ကြီးအောင်ရွာနားက စွယ်တော်ချောင်ရွာမှာ ၁၉၃၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် (၁၂၉၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်)မှာ ဦးအောင်ပွင့်၊ ဒေါ်ရွေခင်တို့က မွေးဖွားခဲ့တာပါ။ နောက်ပိုင်း ရန်ကြီးအောင်မှာ ပြောင်းနေခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်ကစ သုံးခွမြို့မှာ ကျောင်းနေခဲ့ပြီး သုံးခွမြို့ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး၊ ဟံသာဝတီ ခရိုင် (သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ) ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတက်ပါတယ်။ ၁၉၅၉-၆ဝ တကသ ရွေးကောက်ပွဲမှာ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ၂၁-၂-၁၉၆၁ အမေရိကန်သံရုံး တရုပ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေး ကျောင်းသားထုဆန့်ကျင်ရေးဆန္ဒပြပွဲဦးဆောင်ပါဝင်ရာမှာ ခါး အရိုက်ခံရတဲ့ ဒဏ်ရာ သေရာပါခဲ့တယ်။ ဒါကြောင့် ခါးကြီးစိန်ဝင်းလို့လည်း ခေါ်ကြတယ်။

စစ်အာဏာရှင် ထောက်လှမ်းရေးတွေကို လှည့်ပတ် ရှောင်ရှားပြီး မြေအောက်ပုန်းခို နေရသူဖြစ်လို့ နာမည်အမျိုးမျိုးရှိခဲ့တယ်။ ရန်ကြီးအောင်၊ ဘိုကျော်၊ ခါးကြီး၊ ဦးစိန် စတာတွေဟာ သူ့အမည်တွေပါ။

၈၈၈၈ အပြီး တိမ်းရှောင်နေချိန် “ငါ့နာမည်ကို ဦးစိန်လို့ပဲခေါ် နောက်က ဝင်းမပါစေနဲ့” လို့ သူပြောခဲ့တာ အခုအထိ ကြား ယောင်နေမိသေးရဲ့။

၇- ၇- ၆၂ မှာ အာဏာရှင် ဦးနေဝင်းက ကျောင်းသားတွေကို ပစ်သတ်ပြီး ၈- ၈- ၆၂ မှာ တကသအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ အုတ်ပုံဖြစ်အောင် ဖြိုလိုက်ပြီ။ နောက်ပိုင်း ဦးစိန်ဝင်းဟာ လျို့ဝှက် နေထိုင်ခဲ့ရာက ဖမ်းမိသွားပြီး ထောင်၊ အကျဉ်းစခန်းနဲ့ ကိုကိုးကျွန်းတွေ အပို့ခံရပေမဲ့ စစ်ထောက်လှမ်းရေးတွေ မေးသမျှ ” မသိဘူး။ ဘာမှ မဖြေဘူး။ ဘာ တလုံးမှ မပြောဘူး ” လို့သာ နေခဲ့တာ ဖြစ်တယ်။ အရိုက်၊ အကန်၊ နှိပ်စက်တဲ့ဒဏ်တွေကြောင့် သေရာပါ အာရုံကြော ရောဂါစွဲခဲ့တဲ့တိုင် အနိုင်မခံ၊ အရှုံးမပေး အလံမလှဲခဲ့သူပါ။ ကိုကိုကွန်းမှာ ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်က ဇူလိုင်လကုန်ထိ ၅၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်။ အဲ့သည်တုံးက ဆန္ဒပြပွဲအောင်မြင်ခဲ့လို့ ကိုကိုးကျွန်းကနေ အင်းစိန်ထောင်ကို ပြန်ပို ခံခဲ့ရတာပါ။

● ၈၈၈၈ ကာလ
၈၈၈၈ ကာလမှာ သုံးခွ သပိတ်စခန်းကို သူဦးဆောင်ခဲ့တယ်။ စစ်အာဏာသိမ်းအပြီး သူကိုမိသွားတဲ့အခါ အင်းစိန်ထောင်မှာ ဖမ်းထားပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင် ၁၂ နှစ်ချခဲ့တယ်။ ထောင်တွင်း နှိပ်စက် ညှင်းပမ်းတာတွေကြောင့်အပြင် ညံ့ဖျင်းတဲ့ အစားအစာတွေကြောင့် ဝမ်းကိုက်ရောဂါ ကူးစက်ခံခဲ့ရပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ထောင်ကနေ အင်းစိန်ဆေး ရုံတင်ပေးခဲ့တယ်။ ဆေးရုံမှာ သူ့ရဲ့ အကိုကြီး အမကြီးတွေနဲ့ စကားပြောခွင့် ရခဲ့တယ်။ သူဟာ ဝမ်းကိုက် ရောဂါ မချိမဆန့် ခံနေရတဲ့ကြားက မိသားစုကို “ကျနော် မကြာခင်ကောင်းသွားမှာပါ။ စိတ်မပူကြပါနဲ့” လို့ ပြောသွားခဲ့သေးတာကို သူ့အကိုကြီး ဦးသန်းက ပြန်ပြောပြဘူးရဲ့။ သူဟာ မွေးချင်း ညီအကိုမောင်နှမ ၉ ယောက်ထဲက ၇ ယောက်မြောက် အိမ်ထောင်မရှိ လူပျို ဖြစ်ပါတယ်။ “ထောင်နှုတ်ခမ်းနင်းနေရသူတဦးမှာ သမုဒယ အနှောင်အဖွဲ့တွေ မရှိသင့်ဘူး” လို့ သူက မကြာခနပြောခဲ့တာ ကြားယောင်နေသေးရဲ့။ ဒါပေမဲ့ ဝမ်းကိုက်ရောဂါ ကျွမ်းနေတဲ့သူဟာ ခွဲစိတ်ကုသ ခံနေရင်းပဲ အင်းစိန်ဆေးရုံမှာ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် ည ၁ဝ နာရီ ကျဆုံးသွားခဲ့ပါပြီ။ အခု ၂ဝ၁၈ ဇန်နဝါရီ ၈ ရက်မှာ ၂၇ နှစ်မြောက်ပါ။

 

(သစ္စာစကား)
အို …
သူငယ်ချင်းများ …
မိတ်ဆွေများ …
ရဲဘော်များ …
ငါ …ပန်းပွင့်နှလုံးသား …
ပြုံးထားမျက်နှာ
နှုတ်လွှာချိုမြ
စမ်းလပမာနှယ်
ကြင်နာနုသက်
ကြာမုံလက်နှင့်
နှုတ်ဆက်ပါသည် … ထာဝရ။

ဟေ့ …
အဓမ္မသမား

ဝံပုလွေများ …
သင်တို့အတွက်
ကျောက်သားမျက်နှာ
အသဲမှာသံမဏိ
အမုန်းပန်းအတိပြည့်
ထိကြည့်စမ်း … မီးလိုနေလို
ဆိုမည် … သစ္စာ
မကြိုငါ့လက် … နှုတ်မဆက်ဘူး ထာဝရ။ ။

 ညံဇံ

(၈. ၁. ၁၉၉၁ နေ့တွင် အင်းစိန်ဆေးရုံမှာ ကွယ်လွန်သွားသူ ကိုစိန်ဝင်း (သုံးခွ) အတွက် အမှတ်တရ)


အထက်ပါ ညံဇံ၏ကဗျာဟာ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းကထုတ်ဝေတဲ့ ရှစ်စက္ကန့် ငြိမ်စွန့်လွှတ်သူတို့ ၏ ရာဇဝင်စာအုပ်က ကူးယူဖေါ်ပြတာ ဖြစ်ပါတယ်။

သမုဒယမနွယ်၊ သံယောဇဉ်ကြိုး မသွယ်၊ သံမဏိစိတ်ဓါတ်ပိုင်ရှင် ကျောက်စာတိုင်ကြီးလို မတ်မတ်ခိုင်ခိုင် အသက်စွန့် တော် လှန်သွားသူ ရန်ကြီးအောင် ဦးစိန်ဝင်းကို မေ့မရကြသေးသူတွေကတော့ ကျနော်တို့ မျိုးဆက်သစ်တွေပါ။ ဒါပေမဲ့ အခုရေးသမျှ သူ့အကြာင်းတွေဟာဖြင့် သူ့ဂုဏ်၊ သူ့သတ္တိ၊ သူ့စွမ်းရည်၊ သူ့စိတ်ဓါတ်တို့ရဲ့ အပိုင်းအစ ကလေးမျှသာပဲ ရှိပါ သေးတယ်။

 

(ကိုးကား)
၁။ ရန်ကြီးအောင် ဦးစိန်ဝင်းအတ္ထုပ္ပတ္ထိ စာအုပ်နီ)
၂။ ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ ရာဇဝင် AAPP

ဓါတ်ပုံပို့ပေးသူ သုံးခွမြို့က ဆရာဦးချစ်ကိုကို (ဦးစိန်ဝင်း၏တူ) နှင့် ဦးစိန်ဝင်းအတ္ထုပ္ပတ္ထိ စာအုပ်နီပေးသူ ကိုအေးထွန်း (သုံးခွ) တို့ကို အထူးကျေးဇူးတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts