သရော်စာ

မောင်ဥက္ကလာ – ပြန်လာကြည့်ပါ ဗိုလ်ချုပ်


မောင်ဥက္ကလာ – ပြန်လာကြည့်ပါ ဗိုလ်ချုပ်

(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၈

ပေါက်ဖော်ကြီးနိုင်ငံထုတ် ဂျက်လေယာဉ်မှာ အရှိန်အဟုန်နဲ့ ဝေဟင်မိုးကောင်ကင်ထက် ဝဲပျံတက်ကာ နှစ် (၂၀) အတွင်း စင်္ကာပူတိုင်းနိုင်ငံကို ကျော်တက်တော့မည့်အလား အရှိန်ယူနေချိန်မှာ – မတရားဥပဒေ စိုးမိုးနေသော ရွှေပြည်ကြီးမှာတော့ မောင်ဥက္ကလာတစ်ယောက် ကြောက်လန့်ပြီး ဘာမှမရေးမပြောဘဲနဲ့ နေခဲ့သည်မှာ တနှစ်ကူးပြောင်းခဲ့လေပြီ။ အခုမှ လွတ်လပ်ရေးပွဲတော် ဆူညံပူညံ လော်သံ၊ မူးသံ၊ အူသံတွေကြောင့် အလန့်တကြား နိုးထ၊ အိပ်မရတော့တာနဲ့၊ သွားလေသူ ဗိုလ်ချုပ်ကို တမ်းတပြီး ဒီစာကို ရေးပါသည်။

ဗိုလ်ချုပ်ဆိုလို့ ကျုပ်တို့ ရွှေပြည်ကြီးကို နှစ်နဲ့ချီ ကိုယ်ဖိရင်ဖိ အကုန်ဖိပြီး မင်းမှုအုပ်ချုပ်သွားတဲ့ မဟာကျေးဇူးရှင် “အဘ” လို့ ခေါ်သည်ကို သဘောခွေ့နှစ်ခြိုက်သော ဗိုလ်ချုပ်များကို တမ်းတခြင်း မဟုတ်ပါ။ သူတို့တွေကိုတော့ ရွှေပြည်မှာ အလွန်ပေါသော “ဆုတောင်းပြည့်” ဘုရားစေတီများမှာ တောင်းထားတဲ့ဆု ပြည့်ပါက အမှန်တကယ် အေးငြိမ်ရာ ကမ္ဘာတခြမ်းသို့ သွားစေချင်၊ ကျွတ်တမ်းမဝင် ရောက်ရာအရပ်ကနေ ပြန်မလာစေချင်ပါ။ ဒီနေ့အထိတော့ တောင်းဆုမပြည့် – အဲဒီအဝှာတွေက ဒီနေ့အထိ ရွှေပြည်ကြီးကိုမခွါ၊ ဘယ်မှမသွား မျှော့ကျွတ်ကပ်ပါးပိုးမွှားတွေလို တွယ်ကပ်၊ ရသမျှစုပ်ယူ ရှင်သန်နေမြဲ။

ကဲ ရှိစေတော့။ ကျုပ် တမ်းတတဲ့ ဗိုလ်ချုပ်ကတော့ ဒီနေ့ခေတ်ကလေးတွေက သိပ်မသိ။ သူတို့ သိသည်မှာ – ဗိုလ်ချုပ်ဆို မျက်နှာစူပုပ်ပုပ်၊ ပေမမီဒေါက်မမီ ပုကွကွလို့ ထင်နေကြ။ လူငယ်လူကြီးပိုင်းကလည်း ခပ်မေ့မေ့ ခပ်ဝါးဝါး – သူ့ပြောဆိုခဲ့တဲ့ မိန့်ဆိုစကားအတိုင်း – ဘာတဲ့ “ခင်များတို့ လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှန်…” ဆိုလို့ ဆေးရိုးတောင်မကဘူး ဆေးရှု၊ ဆေးသောက်၊ ပုလင်းထောင်ကြသည်မှာ စည်းစည်းကားကား။ သူ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းက အပွင့်အခတ်နဲ့ ပုဂ္ဂိုလ်တွေဆို ပိုဆိုးသေး – မြေဝယ်မကျကို လိုက်နာကြတာ – သိမ်းလိုက်တဲ့ မြေတွေနဲ့ ခေတ်သစ် မြေရှင်ယာရှင် ရေမြေ့ရှင်သခင်တွေ ဖြစ်နေကြ။

အဂယ်ပါ … တိုင်းပြည်နဲ့ လူမျိုးအတွက် ယေရှုလို အသက်ပေးသွားတဲ့ ဗိုလ်ချုပ် – တဝုန်းဝုန်း၊ တဟုန်းဟုန်း ပြောင်းလဲနေတဲ့ ရွှေပြည်ကြီးကို ဥပက္ခာပြု၊ ဘယ်ဆီဘယ်ဝယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နားဆက်နေလဲလို့ ကျွန်တော်မျိုး မကြာခဏ တမ်းတလွမ်းမိ။ ဖြစ်နိုင်ရင်၊ ကျွန်တော်မျိုး တမ်းတ တောင်းဆိုမှုကိုကြားပြီး လေးလေးနက်နက် စဉ်းစားကာ၊ ဗိုလ်ချုပ် အသက်စတေး တည်ဆောက်ပေးခဲ့တဲ့ ရွှေပြည်ကြီးကို အလည်တခေါက် ပြန်လာကြည့်စေလို။

အခုဆိုရင် ဗိုလ်ချုပ်သမီးထွေးလေးက အားလုံးအထက်မှာ ရှိနေမယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့ တွေက လုံးဝအပေါ် မတက်နိုင်အောင် တားဆီးထားလို့ သမီးလေးလည်း ပြေးလမ်းပေါ်ကနေ အပေါ်တက်သလိုလိုနဲ့ မတက်နိုင် ဖြစ်နေရှာတယ်။ အဲဂလိုကြောင့် ဖခင်ဗိုလ်ချုပ် တချက်ပြန်လာပြီး … “ေ-ာက်သုံးမကျတဲ့ ဟေ့ကောင်တွေလို့ ဟိန်းဟောက်ပြီး အဲဒီအဖျက်သမား၊ အချောင်သမားတွေကို သုတ်သင်ဖယ်ရှားပေးရင်တော့ သမီးငယ်လေး အပေါ်ထိပ်ရောက်၊ အထက်မှာ ရှိပြီး လုပ်စရာရှိတာ စွမ်းနိုင်မယ်လို့ ကျွန်တော်မျိုး မျှော်တွေးကြည့်မိ။

အဂယ်တော့ ဗိုလ်ချုပ်သမီးငယ်လေး ကံဆိုးပြီး ဗိုလ်ချုပ် ကံကောင်းပါတယ်။ သူ့ဝန်ကို ဝိုင်းထမ်းရမယ့် ရွေးချယ်ခံတွေက မလုပ်မရှုပ်မပြုတ် သီအိုရီ ကို ဆုပ်ကိုင်ပြီး၊ ဟိုလိုလို ဒီလိုလို တဝဲလယ်လယ်နဲ့ ဘာဆို ဘာမှမလုပ်။ အယ် … သူတို့ တော်ချက်တစ်ခုတော့ ရှိတယ် – အလုပ်မရှိ ဟိုဟာသန်းရှာ ဆိုသလို လုပ်နေတာက – ကြောက်လို့လား၊ ဖားတာလား၊ အမှတ်ယူတာလား မသိ အခုဆို ရွှေပြည်တဝှမ်းမှာ ဗိုလ်ချုပ် ရုပ်ထုတွေ မိုးဦးကျမှာပေါက်တဲ့ မှိုတွေလို ပေါ်လာပေါလိုက်တာ – ဒီမှာတရုပ်၊ ဟိုမှာတရုပ် မျက်နှာပေါက်မျိုးစုံ၊ အရွယ်အစား၊ စတိုင်လ်စုံနဲ့ ဗိုလ်ချုပ်တောင် ကိုယ့်ရုပ်ကိုယ် မှတ်မိမယ် မထင်။

ကျွန်တော်မျိုးတို့ ဥက္ကလာ ဇနပုဒ်မှာတော့ … အကွဲအပြဲ ရန်ပွဲတွေနဲ့ ထုဆစ်လိုက်ကြတာ ခြောက်ကပ်ကပ် ပန်းခြံထဲမှာ အရုပ်နှစ်ရုပ်က တစ်နေရာဆီမှာ တကွဲတပြား စန့်စန့်ကြီး။ အခုဆို ဗိုလ်ချုပ်သမီး နန်းဆိုက်ရာ၊ ဗိုလ်ချုပ် ဗိုက်မနာသားတွေ ပျော်ပါးနေတဲ့ နေပူတော်မှာလည်း ဧရာမရုပ်ထုကြီး တည်ဆောက်တော့မယ်တဲ့ … အဲ့ဂလို တိုင်းပြည် ပြောင်းလဲမှုတွေကို လေအဟုန်နဲ့ ပြောင်းလဲနေကြတာ အံ့ဘနန်း။ အမြှောက်အဖား မကြိုက်တဲ့ ဗိုလ်ချုပ် ရုပ်ထု ကိုးကွယ်၊ မိန့်ဆိုသမျှ နာမခံတဲ့ ဒီလူတွေကို ဘာပြောမလဲ။

နောက်ရှိသေး … လေကြီးမိုးကြီး ဇာတ်ကွက်တွေနဲ့ အော်စကာ ဆယ်စုရ ဂန္ဓီဇာတ်ကားကြီးထက်သာမယ့် ဗိုလ်ချုပ်ဘဝ ဂန္ထဝင် ဓါတ်ရှင်ကြီးလည်း ရန်တွေဖြစ်ကြ၊ အုပ်စုတွေကွဲကြ၊ ဆရာ့ဆရာတွေနဲ့ … ဗိုလ်ချုပ်လုပ်မယ့် ဘောသမားတော့ အလုပ်လက်မဲ့၊ အသက်ကြီးလာရှာပြီ။ ဗိုလ်ချုပ်ဇနီးတော့ မုန့်ဟင်းခါး ရောင်းနေသလား မသိ။

ရိုက်တော့ ရိုက်မှာပါ … အချင်းချင်း ရိုက်ကြမလား။ ဂွင်ရိုက်မလားဆိုတာ Only God knows; maybe not.

တကယ်ပါ ဗိုလ်ချုပ် အချိန်ပေးပြီး ရောက်ရဘဝကနေ သုခမြို့ တော် ကျွန်တော်မျိုးတို့ ရွှေပြည်ကြီးဆီ ခေတ္တတခဏ ပြန်လည်ကြည့်ပါ။

သိပ်မကြာခင် ကမ္ဘာ့ရုပ်ထု (ဘုရားရုပ်၊ ဗိုလ်ချုပ်ရုပ်) အပေါဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံရတော့မှာ။ အခုတောင် တရားဝင်တော့ မဟုတ်သေး – ရရှိထားတဲ့ ဆုတွေက “ဆုတောင်းပြည့်ဘုရား အပေါဆုံးဆု၊ ‘အဆင့်မြင့်’ အသုံးအနှုန်း အပေါများဆုံးဆု၊ အလုပ်မဖြစ် ဆောင်ပုဒ်ကြီးများဆု ‘မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်’ ၊ ‘ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့’” စသည်ဖြင့် ဂုဏ်ယူဝံ့ကြွားစရာများ ရှိနေပါပြီ။

ဒီနေ့ဆို ဗိုလ်ချုပ် အသက်စွန့်ပေးခဲ့တဲ့ လွတ်လပ်ရေးကြီးအတွက် ကျွန်တော်တို့တွေ လွတ်လွတ်လပ်လပ် လမ်းတွေပိတ်၊ လော်တွေ သစ်ပင်ထိပ်ချိတ်ပြီး တဝုန်းဝုန်း တဒိုင်းဒိုင်း ဆင်နွှဲကြတာ အတော်ပျော်ဖို့ကောင်း – အသက်စွန့်ပြီး လွတ်လပ်ရေးကို ရယူခဲ့ပေးတဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို သတိယတမ်းတပြီး ဖွင့်လိုက်ကြတဲ့ “ဗိုလ်အောင်ဒင်၊ ရောသမမွှေ၊ ကိုကြီးကျော်၊ အမဲလိုက် အက၊ နတ်ဒိုး၊ ဟစ်ပ်ဟော့” သီချင်းတွေကို ကြားစေချင်၊ နားထောင်စေချင်။

ပျော်လိုက်ကြတာ … နှစ်သစ်ကူးပွဲ အရှိန်မကုန်သေးလို့လား (တရုတ်နှစ်သစ်ကူးကို ဆက်မလို့လား)၊ လွတ်လပ်ခြင်းတန်းဖိုးကို အလေးထားလို့လား မသိ … တနေကုန်တနေခမ်း လွတ်လွတ်လပ်လပ် လမ်းတွေပိတ်ပြီး သောက်မူးရူး၊ “ဘယ်ခွေးမှ လူမထင်” ကြိမ်းဝါးကာ သီချင်းတွေဖွင့် အော်ဟစ်ကခုန် ပျော်ပါးနေကြတာ ညဥ့်နက်သန်းခေါင်းချိန်အထိ အသံဗြဲကြီးတွေနဲ့ ကျွန်တော်မျိုးတော့ အိပ်မရ။

အဂယ်ပါ … လွတ်လပ်ပွင့်လင်းတဲ့ ဖစ်ထ်တီး – ဖစ်ထ်တီး (50-50) ဒီမိုခေတ်ကြီးမှာ – ဗိုလ်ချုပ်သမီးငယ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်သန္ဓေတည်ပေးခဲ့တဲ့ အဖွဲ့တို့ တက်ညီလက်ညီ တည်ဆောက်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေကိုပြောရင် ပြောမကုန်ပါ။ ဗိုလ်ချုပ် မိန့်ဆိုခဲ့သလို – ကျွန်တော်တို့ပြည်သူတွေ လမ်းပေါ်မှာ ဆေးရိုး မလှန်ဘူး — ဈေးမရောင်းရ ဆိုင်ဘုတ်အောက်မှာ အေးအေးဆေးဆေး လမ်းပိတ်ဈေးထိုင်ရောင်းတာပဲ ရှိတယ်။ ကွမ်းမထွေးရဆိုင်ဘုတ်ကို ကွမ်းထွေးပြီး၊ အမှိုက်မပစ်ရနေရာမှာ ပစ်ထားလိုက်တာမျိုးပဲ လုပ်တတ်ကြတယ်။

ဒီနေ့ လက်ရှိအခြေအနေကို ကျွန်တော်မျိုး မြင်တွေ့မိသလို မကွယ်မဝှက် တင်ပြလိုက်လို့ ဗိုလ်ချုပ် ရောက်ရာဘဝကနေ မြေပြင်က အခြေအနေကို အခုချက်ချင်း YBS စီးပြီး အမြန်ပြည်လာကြည့်မလား။ အဂယ်ပါ … လမ်းပေါ်မှာ စွန်းထင်းနေတဲ့ ကွမ်းတံတွေးတွေ မခြောက်သေးပါ။ ဗိုလ်ချုပ်အမွေ ပင်လုံသစ္စာနဲ့ အေးအေးပူပူ ကျောသားရင်သား ခွဲခြားနေကြတဲ့ တိုင်းရင်းသားညီနောင်တွေလည်း ဆယ်နှစ်လရာသီ ဗုံးကြဲပစ်ခတ်တာကလွဲရင် ကျန်တဲ့အချိန် စည်းစည်းလုံးလုံး၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြပါတယ်။

ဗိုလ်ချုပ်ရယ် … ဆက်မပြောတော့ပါဘူး။ ဒီလောက်ဆို On the ground ရွှေပြည် အခြေအနေ သိလောက်ပြီမို့ ပြန်လာမလား ကျေးဇူးပြု၍ တချက်စဉ်းစား အကြောင်းပြန်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts